အပိုင်း ၂၂၃
Viewers 1k

အခန်း (၂၂၃)

 

တင်ဆက်သူက အလွန် ကပ်သီးကပ်ဖဲ့ နိုင်သည်

 

စုယန်ယန်သည် စားသောက်ဆိုင် စတင် ဖွင့်လှစ်မည် ဆိုကတည်းက အစီအစဉ်များကို ရေးဆွဲထားပြီး ဖြစ်သည်။ သူမ၏ စားသောက်ဆိုင်သို့ လာရောက် စားသုံးသည့် ဧည့်သည်များ၏ ရုပ်ပုံဒေတာကို သူမ၏ ကွန်ပျူတာသို့ ပေးပို့ပေးနိုင်ရန် အတွက် စားသောက်ဆိုင် တံခါးဝတွင် ရုပ်သွင်စကင်န်ဖတ်စက် တစ်ခုကို တည်ဆောက် ထည့်သွင်း သွားမည် ဖြစ်သည်။

 

သူမသည် သူတို့၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို သိရှိရန် အခန်းကျဉ်းလေးထဲမှ ကွန်ပျူတာကို ကြည့်ရန်သာ လိုအပ်ပြီး သူတို့အတွက် သင့်‌တော်မည့် ဆေးဖက်ဝင် ဟင်းလျာများကို ဖန်တီးနိုင်မည် ဖြစ်သည်။ သူမသည် သူတို့ကို မျက်နှာချင်းဆိုင် တွေ့ဆုံရန် မလိုအပ်ပေ။

 

စုယန်ယန်သည် သူမက တကယ့်ကို လိမ္မာပါးနပ်တယ်လို့ ထင်မိသည်။ သူမသည် ခပ်ဖျော့ဖျော့ ပြုံးပြီး “တကယ်တော့၊ ကျွန်မ အပြင်ဘက်မှာ ဆေးဆိုင်တစ်ဆိုင် ဖွင့်လှစ်ဖို့ ရည်ရွယ်ချက် ရှိတယ်။ ပြီးခဲ့တဲ့ တိုက်ရိုက် ထုတ်လွှင့်မှုမှာ အခုတလော တရုတ်ဆေးဖက်ဝင် ပါဝင် ပစ္စည်းတွေကို လူသိများလာဖို့ ဘယ်လောက် ခက်ခဲတဲ့ အကြောင်းကို တစ်ယောက်ယောက်က ပြောနေတာကို ကျွန်မ တွေ့ခဲ့ရတယ်။ ငါ တိုက်ရိုက် ထုတ်လွှင့်မှုပြီးတဲ့နောက်၊ အဲ့ဒီအကြောင်းကို ကျွန်မ သေချာစဉ်းစားကြည့်ခဲ့တော့ ဒါကို ဖြေရှင်းရတာ လွယ်ကူမှာ မဟုတ်ဘူးလို့ ခံစားခဲ့ရတယ်။ ကျွန်မ သေချာ စဉ်းစားပြီးနောက်၊ တခြားနေရာတွေမှာ လုံးဝ မရှိတဲ့ ဆေးဆိုင်တစ်ဆိုင်နဲ့ ဆေးဖက်ဝင် ဟင်းလျာ တစ်ဆိုင်ကို ဖွင့်လှစ်ဖို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်”

 

[ဒီတင်ဆက်သူက အမှန်တကယ့်ကို သူဌေး အကြီးစားပဲ။ ထမင်းတစ်နပ်လောက် စားလိုက်သလိုမျိုး ဆိုင်ဖွင့်တာကို ပေါ့ပေါ့ပါးပါးနဲ့ ပြောနိုင်တယ်။ ဘာကြောင့်မှန်း မသိ၊ အဲ့တာက ငါ့ကို ချမ်းသာကြွယ်ဝသူတွေကို မနာလို ဖြစ်စေတယ်။ ဒါပေမယ့်၊ ငါက ကောင်းတယ်လို့ပဲ ပြောချင်ပါတယ်။ ကျေးဇူးပြုပြီး နောက်ထပ် ဆိုင်အနည်းငယ်လောက် ထပ်မံဖွင့်လှစ်ပြီး ဒီကလေးလေးကို ကယ်တင်ပေးဖို့ တောင်းဆိုချင်ပါတယ်။]

 

[ငါတစ်ယောက်တည်းကသာ စျေးနှုန်းကို စိုးရိမ်ပူပန်နေတဲ့ သူလား။ တင်ဆက်သူမှာ ရှိတဲ့ တရုတ်ဆေးဖက်ဝင် အပင်တွေက မျိုးသုဉ်း ပျောက်ကွယ် သွားတဲ့ ဆေးဖက်ဝင် အပင်တွေ ဖြစ်တယ်။ အဲ့တာတွေကို ပိုက်ဆံရှိရင်တောင် ဝယ်လို့ မရနိုင်ဘူး။ ဒါဆိုရင် စျေးနှုန်းက... ဒီကျောင်းသား ဂိုဏ်းဝင်လေးက အနည်းငယ် နာကျင်နေမိပြီ။]

 

“မင်းတို့ စျေးနှုန်းအတွက် စိုးရိမ်ပူပန်နေဖို့ မလိုပါဘူး။ ဒီစျေးနှုန်းတွေက အဆင့်မြင့် စားသောက်ဆိုင် အများစုမှာ ရောင်းချတဲ့ ဟင်းလျာတွေနှင့် အတူတူလောက်ပဲ ဖြစ်လိမ့်မယ်။ မင်းတို့ တစ်လကို အနည်းဆုံး တစ်ကြိမ်လောက် စားနိုင်ပါလိမ့်မယ်”

 

ဤသည်မှာ စုယန်ယန် များစွာ စဉ်းစားပြီးမှ သတ်မှတ်ထားသည့် စျေးနှုန်း ဖြစ်သည်။ အမြတ်အစွန်း အတွက် သူမ စတိုးဆိုင်ကို ဖွင့်လှစ်ခဲ့တာ မဟုတ်သော်လည်း သူမမှာ အခြေခံ ကုန်ကျစရိတ်နှင့် ဝန်ထမ်းများ၏ လုပ်ခလစာကို ထည့်သွင်း တွက်ချက်ရန် လိုအပ်နေသေးသည်။

 

ဒီကနေ အမြတ်မရှာဘူး ဆိုရင်တောင် သူမကိုယ်သူမ အရမ်းကြီး ဒုက္ခပေးနေဖို့ မလိုအပ်ဘူး။

 

ပရိသတ်တွေ ပြောသလိုပဲ သူမမှာ ရှိသမျှ အရာအားလုံးက ထူးခြားသည်။ တကယ်လို့ သူမသာ သူတို့ကို အမြတ်အစွန်း အများကြီးနှင့် ရောင်းချရင်တောင် ချမ်းသာကြွယ်ဝသူ အများစုက စျေးကြီးပေး ဝယ်ကြလိမ့်မည်။

 

နောက်ဆုံး၌ လူတိုင်းသည် ကပ်ကြီး သုံးပါးနှင့် ရောဂါ ‌ခြောက်ပါးတို့ ကျရောက်လေ့ရှိပြီး သူတို့အားလုံး သေခြင်းတရားကို ကြောက်ရွံ့ကြသည်။

 

ပရိသတ်တွေကလည်း ဒီလိုပဲ တွေးနေကြတာ သိသာ ထင်ရှားပါသည်။ သူတို့ဟာ ကောင်းကင်တမျှ စျေးကြီးကြီး ပေးရမယ်လို့ တွေးထင်ခဲ့ကြပေမယ့် အဆင့်မြင့် စားသောက်ဆိုင်က ဟင်းလျာများ၏ တန်ဖိုးငွေနှင့်သာ ထပ်တူညီမည်ဟု သိလိုက်ရသည်။

 

အဆင့်မြင့် စားသောက်ဆိုင်များတွင် ဟင်းလျာတွေက စျေးကြီးသော်လည်း ထိုအစားအစာများသည် တင်ဆက်သူ၏ ဟင်းလျာများ ကဲ့သို့ မှော်ဆန်သည် မဟုတ်သောကြောင့် ရံဖန်ရံခါ စမ်းစားကြည့်ရန် တွန့်ဆုတ် နေမိသေးသည်။

 

ဒီလိုနည်းဖြင့် စဉ်းစားကြည့်လျှင် အချို့သူတွေက ဘဝအတွက် မျှော်လင့်ချက် အနည်းငယ် ရှိနေပုံရသည်။

 

ပိုက်ဆံများများ ရှာဖွေနိုင်ဖို့ အလုပ် ကြိုးစားရမည်။

 

“စတိုးဆိုင်ရဲ့ တည်နေရာက မြို့တော်အေမှာ ရှိပြီး သိပ်မကြာခင်မှာ တည်နေရာ အတိအကျကို တိုက်ရိုက် ထုတ်လွှင့်မှုရဲ့ သီးသန့် စကားပြောခန်းမှာ တင်ပေးထားပါ့မယ်။ တရားဝင် ဖွင့်လှစ်မယ့် ရက်ကတော့ နောက်သုံးရက်အကြာ ကိုးနာရီလို့ သတ်မှတ်ထားပါတယ်၊ ဆိုင်ဖွင့်ပွဲနေ့တွင် ၂၀ ရာခိုင်နှုန်း လျှော့စျေး ပေးသွားပါမယ်။ ဒါ့အပြင်၊ လုပ်နိုင်စွမ်းဟာ ကျွန်မ တစ်ဦးတစ်ယောက်တည်း ဖြစ်ပြီး ကျွန်မလက်ထဲမှာ ရှိတဲ့ ပါဝင် ပစ္စည်းတွေကလည်း အကန့်အသတ် ရှိနေပါတယ်။ စတိုးဆိုင်ရဲ့ ကနဦးပိုင်း ဖွင့်လှစ်မှုတွင် ပြင်ပမြို့တွေ ဒါမှမဟုတ် မြို့တွင်း ပို့ဆောင်ရေး ဝန်ဆောင်မှုကို ဆောင်ရွက် ပေးနိုင်ခြင်း မရှိသေးတာကြောင့် စတိုင်းဆိုင်မှာ စားသုံး နိုင်ဦးမှာပါ”

 

စုယန်ယန် ဤသို့ ပြောလိုက်သည်နှင့် တိုက်ရိုက် ထုတ်လွှင့်မှု အခန်းမှ ပရိသတ်တွေက ဝမ်းနည်းမှုတွေ ပြည့်နှက် သွားပါသည်။

 

[ဘုရားရေ... မြို့တော်အေလား။ တင်ဆက်သူက မြို့တော်အေ ကလား။ မြို့တော်အေက ငါနဲ့ အရမ်းဝေးတယ်။]

 

[ငါနဲ့လည်း ဝေးတယ်၊ တင်ဆက်သူက မြို့ပြင်နဲ့ အခြားမြို့တွေကို မပို့ဆောင်နိုင်ဘူး ဆိုတော့ ငါ ဒီတစ်သက် တင်ဆက်သူရဲ့ ဆေးဖက်ဝင်ဟင်းလျာကို မစားရတော့ဘူးလား။]

 

[ဟီးဟီးဟီး... ငါကတော့ မြို့တော်အေကပဲ။ နောက်သုံးရက် အတွင်း ငါ့မှာ အတန်းတက်စရာ မရှိဘူး။ အခွင့်အရေးရလို့ ကျေးဇူးပါပဲ။ ငါကတော့ တင်ဆက်သူရဲ့ စတိုးဆိုင်ကိုသွားပြီး ဆေးဖက်ဝင် ဟင်းလျာကို သွားမြည်း စမ်းပြီးတော့ တင်ဆက်သူကို နင်တို့ကိုယ်စား သွားတွေ့ပေးပါ့မယ်။]

 

မြို့တော်အေမှာ မနေထိုင်တဲ့ သူတွေက ဒေါ်လာ သန်းတစ်ရာလောက် ဆုံးရှုံးသွားသလို ခံစားလိုက်ရသည်။ သူတို့က ဝမ်းနည်းစွာ အော်ဟစ်ငိုကြွေး နေကြပြီး မြို့တော်အေမှာ နေထိုင်သူတွေကတော့ ကြက်သွေး အထိုးခံလိုက်သလိုမျိုး တက်ကြွနေခဲ့သည်။ သူတို့က စုယန်ယန်၏ စတိုးဆိုင်သစ် ဖွင့်မည့်ရက်ကို စောင့်မျှော် နေကြသည်။

 

“အိုး... ဟုတ်သားပဲ။ နောက်ထပ် သတိထားရမယ့် အချက်တစ်ခု ရှိသေးတယ်။ စားသောက်ဆိုင်မှာ ဘူဖေး အမှာစာတွေကို လက်မခံပါဘူး။ ကျွန်မရဲ့ ဆေးဖက်ဝင် ဟင်းလျာတွေက စားသုံးသူတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေပေါ် မူတည်ပြီး စီစဉ်ပေးမှာ ဖြစ်ပါတယ်။ ရှင်တို့ ဘာစားချင်လဲ ဆိုတာကို ကျွန်မကို ပြောပြနိုင်ပေမယ့် ကျွန်မကတော့ ရှင်တို့ကို ရှင်တို့စားချင်တာ တည်ခင်းပေးမှာ မဟုတ်ပါဘူး”

***