အပိုင်း ၂၂၆
Viewers 1k

အခန်း (၂၂၆)

 

အတွင်းရေးကိစ္စ

 

ရှားဟန်လျန့်နှင့် ချိန်ယိရွှမ်တို့သည် တုန်ရီနေသော လက်များဖြင့် သူတို့ရှေ့မှ စွပ်ပြုတ်ပန်းကန်ကို ကိုင်ထားခဲ့သည်။ သူတို့အနား ပတ်ဝန်းကျင်မှ လူတွေရဲ့ မနာလိုသည့် အကြည့်ဒဏ်ကို သူတို့ မခံစားနိုင်ကြပေ။

 

သို့ရာတွင် သူတို့ရဲ့ နှာခေါင်းထဲသို့ အဆက်မပြတ် ဝင်ရောက်လာသော စွပ်ပြုတ်၏ မွှေးရနံ့က သူတို့ အာရုံ အလုံးစုံကို ဖမ်းစားသွားကာ အခြားသော အရာများကို လုံးဝ ဂရုမစိုက်နိုင်တော့ပေ။

 

သူတို့နှစ်ယောက်သား စွပ်ပြုတ် တစ်ငုံစီ သောက်လိုက်ကြသည့် အခါမှာ လူတစ်ဒါဇင်လောက်က စားပွဲဆီသို့ အပြေးအလွှား ရောက်လာကြပြီး တောက်လောင်နေသော မျက်လုံးများဖြင့် အလုအယက် မေးမြန်းခဲ့ကြသည်။

 

 “ဘယ်လိုလဲ။ အရသာက ဘယ်လိုနေလဲ။ အရမ်း အရသာရှိလား”

 

သူတို့နှစ်ယောက်သား အစားကောင်း စားလိုက်ရသဖြင့် စိတ်ပျော်ရွှင် သွားသည့် အမူအရာကို မထိန်းနိုင်ပဲ တစ်ပြိုင်နက်တည်း ပျော်ရွှင်စွာ ပြန်ဖြေခဲ့ကြသည်။

 

“ဒါက အရမ်း အရမ်းကို အရသာရှိတယ်”

 

အဲ့ဒီနောက်မှာ‌တော့ သူတို့ဘာသာသူတို့ ပါဝင်ပစ္စည်းများကို စူးစမ်းလေ့လာမိသည်။ သူတို့ဟာ ပတ်ဝန်းကျင်ရှိ လူများ၏ တိုက်တွန်းမှု မပါဝင်ပဲ သူတို့ကိုယ်တိုင် စွပ်ပြုတ် အရသာအကြောင်းကို ပြောပြလာခဲ့ကြသည်။

 

“ကြက်နက်စွပ်ပြုတ်က ချိုမြိန်တဲ့ မွှေးရနံ့လေးနဲ့ အရသာလည်း ချိုတယ်။ ဒါက နူးအိလာသည်အထိ ချက်ပြုတ်ထားတာကြောင့် အရမ်းနူးညံ့ပြီး အရမ်းလည်း မွှေးတယ်”

 

“ဝက်ဗိုက်သား စွပ်ပြုတ်ကတော့ အတွင်း ကလီစာတွေရဲ့ အညှီနံ့ကို လုံးဝ မရှိဘူး။ နူးညံ့ပြီး ထုတ်ထုတ် ထုတ်ထုတ်လေးနဲ့ အရမ်း အရသာရှိတယ်”

 

သူတို့ နှစ်ယောက်ရဲ့ အရသာကို ရှင်းပြသည့် စကားကို ကြားပြီးနောက် ကျန်သူ အားလုံးမှာ တံတွေး ကျလုမတတ် ဖြစ်သွားခဲ့ကြသည်။ သူတို့ နှစ်ယောက်သားဟာ သူတို့ကို ဝိုင်းကြည့်နေသည့် လူအုပ်ကြီး၏ အကြည့်များကို ဂရုမစိုက်တော့ပဲ မြိန်ရေယှက်ရေ စားသောက် လိုက်ကြသည်။

 

သူတို့နှစ်ယောက်နှင့် ဆက်ဆံရေး ကောင်းသည့် လူတချို့က မနေနိုင်ပဲ တောင်းစားကြဖို့ ပြင်ကြသည်။

 

 “ငါ့ကို တစ်လုတ်လောက် ကျွေးပါလား။ ငါတို့ရဲ့ ဆက်ဆံရေးကို ထောက်ရှုပြီးတော့...”

 

ရှင်းဟန်လျန့်နှင့် ချိန်ယိရွှမ်တို့ဟာ ကြက်သေ သေသွားကာ သူတို့၏ မသိစိတ်အရ သူတို့  စွပ်ပြုတ်ပန်းကန်တွေကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင် လိုက်မိသော်လည်း သူတို့က ရိုးရှင်းစွာ မငြင်းဆန်နိုင်သောကြောင့် သူတို့ဟာ စုယန်ယန်ကို အကူအညီတောင်းဟန် ကြည့်လိုက်လေသည်။

 

စုယန်ယန်သည် သူတို့နှစ်ယောက်၏ သနားစရာ ကောင်းသည့် အကြည့်များကို သတိပြုမိလိုက်ပြီး ခပ်ဖွဖွ ရယ်မောလိုက်သည်။

 

 “ကောင်းပြီ၊ ကောင်းပြီ။ သူတို့ကို ဝိုင်းမနေကြနဲ့။ ဒါက သူတို့ရဲ့ ကျန်းမာရေး အခြေအနေအတွက် အထူးပြုလုပ် ပေးထားတာ၊ ဒါ့ကြောင့် ဒီစွပ်ပြုတ်တွေကို သူတို့ ကိုယ်တိုင်ပဲ သောက်လို့ရတယ်။ တကယ်လို့ ရှင်တို့ ဒါမျိုးကို တကယ် သောက်ချင်တယ် ဆိုရင်လည်း စိတ်မပူပါနဲ့။ ဒါတွေ အားလုံးက ဝန်ထမ်းတွေရဲ့ အကျိုးခံစားခွင့် တစ်ခုပဲလေ”

 

သူတို့ဟာ စုယန်ယန်၏ စကား ပထမတစ်ဝက်ကို ကြားလိုက်ရသော အခါတွင် အနည်းငယ် စိတ်ပျက် သွားခဲ့သော်လည်း ဒုတိယပိုင်းကို ကြားလိုက် ရသောအခါတွင် စိတ်အား တက်ကြွသွားသည်။

 

ဟုတ်တယ်၊ ဒါက ဝန်ထမ်းတွေရဲ့ အကျိုးခံစားခွင့်ပဲ။ သူတို့က ဒီစတိုးဆိုင်က ဝန်ထမ်းတွေဆိုတော့ သူတို့လည်း ဒီလိုကုသမှုမျိုးကို ခံစားနိုင်လိမ့်မည်။

 

ဒါကိုတွေးရင်း လူတော်တော်များများ၏ မျက်လုံးများ တောက်ပလာပြီး စုယန်ယန်ကို သူတို့က တလက်လက် တောက်ပနေသည့် အကြည့်များဖြင့် ကြည့်လိုက်ကြသည်။

 

ဒါကို မြင်လိုက်ရတော့ စုယန်ယန်သည် သူမ၏ ပန်းတိုင်ကို ရောက်ရှိသွားမှန်း သိလိုက်ရသဖြင့် သူမ၏ နှုတ်ခမ်း‌လေးများက ကွေးညွှတ် သွားရသည်။

 

လူတွေကို မင်းအတွက် စိတ်နှလုံး အကြွင်းမဲ့ အလုပ်လုပ် ပေးစေချင်ရင် ခင်မင်မှုဟာ အရေးပါသလို အကျိုးအမြတ်ကလည်း အရေးပါတယ်။

 

သူမသည် သူမ တစ်ဦးတည်း အတွက်သာ အကျိုးရလဒ် ကြီးကြီးမားမား ရရှိရန် အာရုံစိုက်နေခဲ့မယ် ဆိုရင် သူမကို ဘယ်လောက်ပဲ ခင်မင် ရင်းနှီးနေပါစေ ပင်ပန်နွမ်းနယ် လာသည့် အခါမျိုးမှာ သက်တမ်း ကုန်ဆုံးမယ့် နေ့ရက်မျိုးကို ရောက်လာပေလိမ့်မည်။ လူတွေကို မျှော်လင့်ချက် ရောင်ခြည် သန်းစေဖို့ သူမဟာ လက်တွေ့ကျတဲ့ အကျိုးကျေးဇူး အချို့ကို ပေးရလိမ့်မည်။

 

“ရှင်တို့ အဖြေက ဘာလဲ။ ရှင်တို့ ဒီမှာ အလုပ်လုပ်ဖို့ ဆန္ဒရှိကြရဲ့လား”

 

လူတိုင်း တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။

 

“ငါတို့အားလုံး ဆန္ဒရှိပါတယ်”

 

“ကောင်းပြီ။ ဒါက ကျွန်မတို့ရဲ့ ဝန်ထမ်းစာချုပ်ပဲ၊ ဒီစာချုပ်ပေါ်မှာ လစာ သတ်မှတ်ချက်တွေကို ရေးသားထားတယ်။ အဲ့ဒီပြီးရင် ကျွန်မတို့ အရှေ့ဘက်မှာ ဧည့်ခံကြိုဆိုဖို့ အဖွဲ့တစ်ခုနဲ့ နောက်ဘက် မီးဖိုချောင်အတွက် အဖွဲ့တစ်ခု ရွေးချယ်မယ်။ နောက်လာမည့် ရက်အနည်းငယ် အတွင်း ရှင်တို့ရဲ့ သင်ယူနိုင်စွမ်းနဲ့ စွမ်းဆောင်ရည်အပေါ် မူတည်ပြီး ရွေးချယ်သွားမယ်။ ကျွန်မ သတိထားရမယ့် အချက် တချို့ကိုတော့ ပြောပြီးသွားပြီ။ ကျန်တာကတော့ အတွင်းရေးကိစ္စရပ်ပဲ”

 

“အတွင်းရေး ကိစ္စရပ်လား”

 

“ဟုတ်တယ်၊ ရှင်တို့လည်း ခုနတုန်းက မြင်လိုက်ကြမှာပါ၊ ကျွန်မက တိုက်ရိုက်ထုတ်လွှင့် တင်ဆက်သူ တစ်ယောက်ဖြစ်ပြီး၊ ကျွန်မ မျက်နှာကို အွန်လိုင်းပေါ်မှာ မပြသဘူး။ စတိုးဆိုင် ဖွင့်ပြီးရင်လည်း ထုတ်ဖော်ပြသဖို့ အစီအစဉ် မရှိဘူး၊ ဒါ့ကြောင့် ဒါကို လျှို့ဝှက်ထားပေး နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။ ဒီဆိုင်ရဲ့ အစစ်အမှန် ဘော့စ်က ကျွန်မဆိုတာက ဘယ်သူမှ မသိပါစေနဲ့။ အဲ့တာကြောင့်လည်း ကျွန်မတို့ မိသားစုက ဝန်ထမ်းတွေကိုပဲ ဒီဆိုင်မှာ အလုပ်လုပ်ဖို့ ရွေးချယ်ခဲ့တာဖြစ်ပြီး အပြင်ဝန်ထမ်းတွေကို မခေါ်ယူခဲ့ဘူး”

 

“ငါတို့အားလုံး နားလည်ပါတယ်၊ နားလည်ပါပြီ။ ငါတို့အားလုံး ဒီကိစ္စကို လျှို့ဝှက် ထားပေးပါ့မယ်၊ ဘော့စ်က ဘယ်သူလဲ ဆိုတာကို ဘယ်သူမှ မသိစေရပါဘူး”

 

“ဒါ့အပြင် စတိုးဆိုင်မှာ အသုံးပြုမယ့် တရုတ်ဆေးဖက်ဝင် အပင်အချို့မှာ အထူး အာနိသင်တွေ ရှိကြတယ်။ မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်ရအောင် ဆေးဖက်ဝင် အပင်တွေ ကြောင်း ဘာမှ မသိ နားမလည်တဲ့ သူတွေလက်ထဲ မကျရောက်အောင် တားဆီး ပေးကြပါ။ ကျွန်မ ခွင့်ပြုချက်မရှိပဲ ဘယ်သူမှ ဆေးဖက်ဝင် အပင်တွေကို ထုတ်ယူခွင့် မရှိဘူး”

***