ရုတ်တရက် ခေါင်းမွေး ပြောင်သွားသလိုပဲ
“ရပ်၊ ရပ်။ အန်ကယ်လေး၊ ဒီအကြောင်းကို ဆက်မပြောပါနဲ့တော့”
စုယန်ယန်သည် ချိန်ကျွင်းဟောက်အား သနားစရာ ညှာတာမှုကို တောင်းခံနေသည့် ကြောင်ငယ်လေးလို
အသနား ခံနေဟန် ကြည့်နေခဲ့သည်။
ချိန်ကျွင်းဟောက်သည် မွန်းကျပ်သွားပြီး
နောက်ဆုံး၌ ဒီအကြောင်းအရာကို ဆက်မပြောတော့ပဲ အေးစက်စွာ နှာမှုတ်လိုက်သည်။
စုယန်ယန် တစ်ယောက် သက်ပြင်းမော ချကာ ဟောက်ချန်ဟွမ်းကို
လှည့်ကြည့် လိုက်သည်။ “အန်ကယ်လေး၊ အရှေ့မှာ ဧည့်သည်တွေ အများကြီး ရှိနေတယ်။ သူတို့ကို
စောင့်ကြည့်ဖို့ လူ မလိုဘူးလားဟင်၊ ဒီမှာ သမီးလည်း ရှိနေတာပဲ”
ချိန်ကျွင်းဟောက် တစ်ယောက် ဒေါသထွက်လွန်းလို့
ရယ်မော မိလုမတတ် ဖြစ်သွားခဲ့သည်။ သူ့ရဲ့ ခက်ခက်ခဲခဲ မျိုသိပ် ထားလိုက်ရတဲ့ ဒေါသတွေက
အထက်သို့ ပြန်ဆန်တက် လာခဲ့သည်။ သူက နှာမှုတ်ပြီး “ရှေ့မှာ လူတွေ အများကြီး ရှိနေတာပဲ။
ဘာဖြစ်လို့ သူတို့ကို အချိန်တိုင်း မျက်စိဒေါက်ထောက် ကြည့်နေရမှာလဲ။ တစ်ဖက်မှာတော့၊
နင်တို့နှစ်ယောက်က... ဘာဖြစ်လို့ ငါ့ကို အဝေးလွှတ်ဖို့ အရမ်း စိတ်အား တက်ကြွနေရတာလဲ။
နင် ဘာလိုချင်လို့လဲ”
စုယန်ယန်က သူမ အန်ကယ်လေး၏ မျက်နှာအမူအရာကို
မြင်သည်။ “ငါက မင်း ရည်ရွယ်ချက်တွေကို မြင်နေရတယ်။ မင်း ကောင်းကောင်း နေသင့်တယ်” သူ့နှုတ်ခမ်းထောင့်စွန်းတွေက
မဲ့ကျသွားကာ ကူကယ်ရာမဲ့စွာ ဆိုလိုက်မိသည်။
“အန်ကယ်လေး၊ အန်ကယ်လေး အတွေးလွန် နေတာပါဆို။
ရှေ့မှာ လူတွေ အများကြီး ကျမှာကို သမီး စိုးရိမ်တယ်။ ဒီနေ့က သမီးတို့ စားသောက်ဆိုင်ရဲ့
ပထမဆုံး ဖွင့်ပွဲနေ့လေ။ လီခေါင်းဆောင်နဲ့ တခြားသူတွေမှာ အတွေ့အကြုံ မရှိဘူး။ တကယ်လို့
တစ်ခုခု ဖြစ်ပျက်ခဲ့ရင်၊ သူတို့တွေ အန်ကယ်လေးလောက် ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး”
ချိန်ကျွင်းဟောက်က တစ်ခုခု ပြောချင်နေသေးပေမယ့်
ဟောက်ချန်ဟွမ်းက စုယန်ယန၏ လက်ကို ဦးစွာ ဆုပ်ကိုင်ထားနှင့်ပြီး ရှေ့သို့ လှမ်းဖို့ အစပြုခဲ့သည်။
“ရပါတယ်။ မင်းဆိုင်မှာ လူတွေ အရမ်း များနေတယ်။ တစ်ခုခု ဖြစ်ပျက်ခဲ့ရင် မင်းနဲ့ မင်းအန်ကယ်တို့ကို
သေချာပေါက် အကြောင်းကြား ကြလိမ့်မယ်။ ဒါက ကိုယ် မင်းအန်ကယ်လေးနဲ့ ပထမဆုံးအကြိမ် တွေ့ဖူးတာပဲ။
ကိုယ်တို့ ထမင်းအတူ စားရင်း စကားစမြည် ပြောဆိုကြရအောင်”
ချိန်ကျွင်းဟောက်၏ မျက်နှာဟာ မည်းမှောင်နေပြီး
သူ အိမ်ထောင် မပြုရသေးခင်က ဘယ်လို နေတယ် ဘယ်လို ထိုင်တယ် ဆိုတာကို ပြောပြချင်ပေမယ့်
ဟောက်ချန်ဟွမ်းက သူ့ကို ပြောခွင့်မပေးတာက လွန်လွန်းလှသည်။
သူက သူမကို စိတ်မပါ လက်မပါဖြင့် သတိပေးရုံသာ
တတ်နိုင်သည်၊ “စကားနဲ့ပဲ ပြော၊ ငါ့ကို လာမထိနဲ့”
လျှို့ဝှက်စွာ လက်ကိုင်ထားသည့် သူတို့နှစ်ယောက်
“...”
ဟောက်ချန်ဟွမ်း ထိုင်ပြီးတာနဲ့ သူမတို့
နှစ်ယောက်သား အရင်ကလို ကလူကျီစယ်လို့ မရတော့ဘူး။ စုယန်ယန်က ဖုန်းခေါ်ပြီး ဟောက်ချန်ဟွမ်း
အတွက် သင့်တော်မည့် ဆေးဖက်ဝင် ဟင်းလျာအချို့ကို မှာကြားခဲ့သည်။
အစားအသောက်တွေ ရောက်လာသည်နှင့် တစ်ပြိုင်နက်၊
စုယန်ယန်က ဟောက်ချန်ဟွမ်း၏ ပန်းကန်ထဲသို့ ဟင်းတွေ အများကြီး ထည့်ပေး လာခဲ့သည်။ ချိန်ကျွင်းဟောက်က
ဒါကို ကြည့်နေရင်း မနာလို ဖြစ်လာကာ ရုတ်တရက် သူ့ခေါင်းမွေး ပြောင်လာသလို ခံစားလိုက်ရသည်။
သူ့ဦးခေါင်းက တဖိတ်ဖိတ် တောက်ပနေပုံ ရသည်။
“ကျွန်မ ဒါတွေကို နောက်မှ ရှင့်ဆီကို ပို့ခိုင်းဖို့
လုပ်ထားပေမယ့် ရှင်က အရင် ရောက်လာတာပဲ။ ဒီဟင်းလျာတွေ အားလုံး ကျွန်မရဲ့ ဝန်ထမ်းအသစ်တွေ
ချက်ပြုတ်ထားတာ။ ကျွန်မ ချက်တာနဲ့ သူတို့ ချက်တာ ဘာကွာလဲလို့ မြည်းစမ်း ကြည့်ပေးပါဦး”
ဟောက်ချန်ဟွမ်းက ခေါင်းညိတ်ပြီး အလုတ် အနည်းငယ်ခန့်
စားကြည့် လိုက်ပြီးနောက် ရိုးသားစွာ ပြန်ဖြေသည်။
“ဒါက မင်းလက်ရာလောက် သိပ်မကောင်းဘူး”
ဒါက အမှန်တရားလား ဒါမှမဟုတ် ဟောက်ချန်ဟွမ်း၏
ကိုယ်ပိုင် အမြင်ကြောင့်လား ဆိုတာကိုတော့ သူလည်း မသိဘူး။
သူမမိသားစုရဲ့ ပျိုးပင်ကောင်းလေးတွေ အတွက်
ခုခံကာကွယ်ပေးရင်း သူမရဲ့ နှုတ်ခမ်း ထောင့်စွန်းလေးတွေက အနည်းငယ် ကော့တက်နေခဲ့သည်။
“ရက်အနည်းငယ်အတွင်း ဒါကို ဖြစ်မြောက်အောင် လုပ်နိုင်တာ မဆိုးပါဘူး။ သူတို့ကို တဖြည်းဖြည်း
ပြုစုပျိုးထောင် ပေးပြီးရင်၊ အနာဂတ်မှာ ကျွန်မတို့ သူတို့လက်ထဲ ဆိုင်ကို ဝကွက် အပ်ထားနိုင်လိမ့်မယ်။
ကျွန်မလည်း အချိန်အား ပိုရနိုင်လိမ့်မယ်”
“အင်း”
ချိန်ကျွင်းဟောက်က သူတို့ နှစ်ယောက်အနားမှာ
ဘယ်သူမှ မရှိသလို စကားစမြည် ပြောဆိုနေတာကို ကြည့်နေရင်း တစ်ယောက်တည်း အေးစက်စွာ အထီးကျန်နေသလို
ခံစားရကာ သူ့မျက်နှာ အမူအရာဟာ မည်းမှောင်လာသည်။
“အဟွတ်... အဟွတ် အဟွတ်...”
စုယန်ယန် တစ်ယောက် အံ့အားသင့် သွားသည်။
ဒီရင်းနှီး ကျွမ်းဝင်နေသော ချောင်းဆိုးသံက သူမက သူမ၏ အန်ကယ်လေးကို လျစ်လျူရှု ထားတယ်လို့
သတိပေးဟန် ရတာကြောင့် သူမသည် အလျင်စလို ဟင်းပွဲအချို့ကို ကောက်ကိုင်ပြီး သူ့ကို လှမ်းပေး
လိုက်သည်။
ချိန်ကျွင်းဟောက်၏ မျက်နှာသည် အခုမှ ပြန်လည်
ကောင်းမွန်လာကာ စုယန်ယန် သူ့ကို ကမ်းပေးသော အစားအစာကို စားနေစဉ် သူ့ အနာဂတ် တူသားမက်ကို
တိတ်တဆိတ် လေ့လာ ဆန်းစစ်နေသည်။
‘သူက ကြည့်ကောင်းပြီး ယန်ယန့်ကိုလည်း တကယ်
ဂရုစိုက်တာကို တွေ့ရသလို ယန်ယန်ကလည်း သူ့ကို အထင်ကြီး လေးစားပြီး သူ့မိသားစု နောက်ခံကပါ
ယန်ယန်နဲ့ လိုက်ဖက်ညီတယ်။ သနားစရာ ကောင်းတာက သူ့ခြေထောက်တွေက...’
ခဏနေဦး၊ ခြေထောက်တွေလား။ ဒီကောင်ရဲ့ ခြေထောက်တွေက
မသန်စွမ်းဘူး။ ယန်ယန်တစ်ယောက် ရုတ်တရက် အချက်အပြုတ်နဲ့ ဆေးပညာကို လေ့လာဖို့ စိတ်ဝင်စားလာခဲ့တာ
ဒီကောင့်ကြောင့်လား။
***