အပိုင်း ၂၄၈
Viewers 1k

အခန်း (၂၄၈)

 

လက်လုပ် လက်ဆောင်ပစ္စည်း

ချိန်ကျွင်းဟောက်သည် အမှန်တရားကို နားလည် သဘောပေါက်သွားပြီး ဟောက်ချန်ဟွမ်းကို မနာလိုစွာ ကြည့်လိုက်သည်။

တစ်ခဏတာမျှ တုံ့ဆိုင်းပြီးနောက် သူက မနေနိုင်ပဲ မေးမိသည်၊ “မင်းရဲ့ခြေထောက်တွေက... ကုသနေတုန်းပဲလား”

ချိန်ကျွင်းဟောက်၏ စကားကြောင့် နှစ်ယောက်သား ‌ခေတ္တမျှ တုံ့ဆိုင်းသွားသည်။ စုယန်ယန်သည် သူမဦးလေးဖြစ်သူ၏ စကားကြောင့် သူ စိတ်မကောင်း ဖြစ်သွားမှာကို စိုးရိမ်ပြီး ဟောက်ချန်ဟွမ်းကို အထိတ်တလန့် ကြည့်မိသည်။

ဟောက်ချန်ဟွမ်းသည် သူမ၏ စိုးရိမ်ပူပန်မှုကို လှမ်းမြင်ပြီး သူမ လက်ကလေးကို လှမ်းဆွဲပြီး အသာ လှုပ်ခတ်လိုက်သည်။

“မဟုတ်ဘူး။ ဆေးရုံက ကုသဖို့ နည်းလမ်း မရှိဘူးလို့ ပြောတယ်”

ချိန်ကျွင်းဟောက်က အနည်းငယ် ထိတ်လန့်သွားပြီး သူ ဘာမှ မပြောနိုင်ခင် စုယန်ယန်က “ဒါက ယာယီပါပဲ” လို့ ဝင်ပြောသည်။

ဟောက်ချန်ဟွမ်း ကြက်သေ သေသွားပြီး စုယန်ယန်ကို လှည့်ကြည့်လိုက်ရာ သူမ၏ ခိုင်မာပြီး လေးနက်နေသည့် မျက်ဝန်းတွေဖြင့် အကြည့်ချင်း ဆုံလိုက်ရသည်။

“ဒါက ယာယီပဲလေ”

ဟောက်ချန်ဟွမ်း၏ နှလုံးခုန်သံက တဒုတ်ဒုတ် မြန်ဆန်သွားပြီး “ဟုတ်တယ်” လို့ အသံတိုးတိုးဖြင့် ပြန်ဖြေသည်။

စာကြောင်း အနည်းငယ် နားထောင်ပြီးနောက် လျစ်လျူရှု ခံထားရပြီး ခွေးစာအပြည့် စားလိုက်ရသည့် ချိန်ကျွင်းဟောက် “...” ကောင်းပြီ၊ မေးစရာ မလိုတော့ဘူး။ သူ ထင်တဲ့အတိုင်းပဲ ဖြစ်လိမ့်မည်။

သူက အကျင့်မကောင်းတဲ့ သူတစ်ယောက်ပဲ မဟုတ်လား။ သူက ငါတို့ယန်ယန် သူ့အပေါ် အရမ်းချစ်မြတ်နိုးအောင် ဘယ်လို လုပ်ထားတာလဲ။

ချိန်ကျွင်းဟောက်က ဒီအကြောင်းကို ပိုတွေးလေလေ၊ ဒေါသတွေ ပိုထွက်လာလေလေပါပဲ။ အဆုံးမှာတော့ သူက သူ့ဒေါသတွေကို စားချင်စိတ်အဖြစ် ပြောင်းလဲကာ သူ့ကိုယ်သူ အောင်မြင်စွာ ပံ့ပိုးပေးနိုင်ခဲ့သည်။

ထို့နောက် ချိန်ကျွင်းဟောက်က စုယန်ယန် သူ့ကို မောင်းထုတ်ဖို့ပင် မလိုအပ်ခဲ့ပေ။ သူက ခွေးစာ စားဖို့ မနေရစ်တော့ပဲ ထမင်းစားသောက်ပြီးတာနဲ့ သူ့ဗိုက်လေးကို ပွတ်သပ်ပြီး သီးသန့် အခန်းငယ်ထဲမှ လွတ်မြောက် သွားခဲ့သည်။

သို့သော် စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းတို့သည် နေ့လယ်စာ စားပြီးနောက် နှစ်ယောက်စလုံး အလုပ်ကိစ္စတွေ ကိုယ်စီ ရှိနေသေးသဖြင့် စားသောက်ဆိုင်တွင် အကြာကြီး မနေခဲ့ကြပေ။

စုယန်ယန်သည် ဟောက်ချန်ဟွမ်း ပြန်တော့မည်ဟန် ပြင်နေသည့် အချိန်တွင် သူမက ရုတ်တရက် သူ့ကို အိတ်တစ်လုံး ကမ်းပေးလိုက်သည်။

“ဒီမှာ၊ ဒါက ရှင့်အတွက်ပဲ”

“ဘာလဲ” ဟောက်ချန်ဟွမ်းက အိတ်ကို လှမ်းယူပြီး သိချင်စိတ်ဖြင့် ကြည့်လိုက်မိသည်။ ထိုအရာက လည်စည်းပဝါ တစ်ထည်ဖြစ်ပြီး အနည်းငယ် ဆန်းပြားစွာ ပုံဖော်ထားသည့် အဖြူရောင် လည်စည်း ပဝါတစ်ထည်မှန်း သူ သိလိုက်ရသည်။

ဟောက်ချန်ဟွမ်း၏ စိတ်ရှုပ်ထွေးမှုတွေက တစ်မုဟုတ်ချင်း ပျောက်ကွယ်သွားကာ သူ့စိတ်ထဲတွင် ရဲရင့်သော အတွေးတစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။

“မင်း... ဒါကို မင်းကိုယ်တိုင် ချည်ထိုးထားတာလား”

စုယန်ယန်သည် ရှက်ရွံ့စွာ ခေါင်းညိတ် လိုက်သည်။ “ဒါက နည်းနည်း ရုပ်ဆိုးတယ်။ ရှင် ဒါကို အရင်သုံးထားနှင့်။ ကျွန်မ ချည်ထိုးတာ ပိုကျွမ်းကျင်လာတဲ့ အခါကျရင် ရှင့်အတွက် ဒီထက် ပိုလှတဲ့ လည်စည်း ပဝါမျိုးလေး ထိုးပေးမယ်”

ဟောက်ချန်ဟွမ်းသည် အိတ်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။ “မလိုပါဘူး၊ ကိုယ် ဒါကို ကြိုက်တယ်။ မင်း ကိုယ့်ကို ဝတ်ပေးလို့ ရမလား”

စုယန်ယန်သည် ဟောက်ချန်ဟွမ်း၏ အကြည့်ကိုတွေ့ပြီး ရှက်ရွံ့နေသော မျက်နှာဖြင့် ဟောက်ချန်ဟွမ်း၏ လည်တိုင်ပေါ်မှ လည်စည်းပဝါကို ချွတ်ကာ သူ့အတွက် သူမ ချည်ထိုးပေးထားသော လည်စည်းပဝါကို ပတ်ပေးလိုက်သည်။

‌ဟောက်ချန်ဟွမ်း ယခင်က ဝတ်ဆင်ထားသော လိုင်နင် လည်စည်းပဝါသည် သူ့အဝတ်အစားများနှင့် အလွန် လိုက်ဖက် လှသော်လည်း ယခုအခါ သူမ လည်စည်းပဝါကို ပတ်လိုက်သော အခါတွင် ချောမောသော ခန့်ညားသော အမျိုးသားသည် အိတ်ထဲသို့ ရုတ်တရက် အထည့်ခံလိုက်ရသလို ပြောင်းလဲသွားသည်။

ဟောက်ချန်ဟွမ်း၏ ကောင်းခြင်းအဖြာဖြာ ပြည့်စုံနေသော ရုပ်ရည်ကြောင့်သာ မဟုတ်လျှင် သူက ချမ်းသာသော သခင်လေးကနေ ချမ်းသာတဲ့ သူအဖြစ်သို့ ပြောင်းဖို့ တစ်စက္ကန့်လောက်ပဲ အချိန်ယူရမှာကို စိုးရွံ့မိသည်။

စုယန်ယန် တစ်ယောက် ရယ်ရမလား ငိုရမလားပင် မသိတော့ပေ။ သူမသည် သူ့ကို ဆက်မကြည့်နိုင်တော့ဘူး။

“တကယ်တော့... ဒါက အရမ်း အရုပ် ဆိုးလွန်းတယ်။ ကျွန်မ ဒါကို ပြန်ယူသွားပြီး ပြန်ပြင်လိုက်မယ်”

ဟောက်ချန်ဟွမ်းက စုယန်ယန်၏ လက်ကို ဆုပ်ကိုင် လိုက်သည်။ “မဟုတ်ပါဘူး၊ ဒါက နွေးတယ်။ ဝတ်လို့ ကောင်းတယ်”

စုယန်ယန် ရှက်သွေး ဖြာသွားသည်။ အချို့လက်ဆောင်တွေက အကျည်းတန်သော်လည်း ဟောက်ချန်ဟွမ်း အတွက်မူ ဒါလေးတွေက ချိုမြိန်လွန်းသည်။

ဟောက်ချန်ဟွမ်းသည် စုယန်ယန်၏ မျက်နှာလေးကို စိုက်ကြည့်နေခဲ့သည်။ သူတို့ နောက်ဆုံး တွေ့ခဲ့ရသည့် အချိန်ကထက် ပိုကြမ်းတမ်းလာသော သူမလက်ချောင်းလေးတွေကို တို့ထိကြည့်လိုက်သည်။ သူက အက်ရှရှ အသံဖြင့် မေးလိုက်သည်၊ “မင်း ဘာဖြစ်လို့ ကိုယ့်အတွက် ရုတ်တရက်ကြီး လည်စည်းပဝါ ချည်ထိုးပေးချင်ရတာလဲ”

စုယန်ယန်သည် ဟောက်ချန်ဟွမ်း၏ အကြည့်တွေကို မကြည့်ဝံ့ပဲ သူမလက်တွေကို အပြစ်ရှိဟန် လိမ်နေခဲ့သည်။

“ကျွန်မတို့နှစ်ယောက် နောက်ဆုံးအကြိမ် စျေးဝယ်ထွက်တုန်းက အချိန်ကို ရှင် မှတ်မိသေးတယ် မဟုတ်လား”

“အင်း...”

“အဲ့ဒီကောင်မလေးက သူ့ကောင်လေးအတွက် လည်စည်းပဝါ တစ်ထည်လောက် ထိုးပေးချင်တယ်လို့ ပြောခဲ့တယ်။ အဲ့ဒီအချိန် ကတည်းက ကျွန်မကိုယ်တိုင် ချည်ထိုးပေးတာက ဝယ်ပေးတာထက် ပိုကောင်းမယ်လို့ တွေးမိတယ်...”

ကံမကောင်းစွာဖြင့် ထိုကောင်မလေး၏ ချစ်သူကောင်လေးသည် ဒါကို မသိခဲ့ပဲ သူမကို မည်သို့ မြတ်နိုးပေးရမည်ကို မသိခဲ့ပေ။

***