အရေးပေါ် အစည်းအဝေး
ဟောက်ချန်ဟွမ်းက သူမ ဆိုလိုချင်တာကို ချက်ချင်း
နားလည် သဘောပေါက် သွားသည်။ သူက သူမလက်ကို နောက်တစ်ဖန် လှမ်း၍ ဆုပ်ကိုင်လိုက်ပြီး လေးနက်စွာ
ပြောခဲ့သည်။
“ကိုယ့်အတွက် မင်း ဒီလို လုပ်ပေးတာကို ကိုယ်
ဝမ်းသာ ကြည်နူးမိပေမယ့် နောက်တစ်ခါ မင်း ဒီလိုမျိုးတွေ မလုပ်ပါနဲ့။ ကိုယ် မင်း ဒဏ်ရာရမှာကို
မမြင်ချင်ဘူး”
စုယန်ယန်သည် သူမကိုယ်သူမ တွင်းတူးပြီး မြှုပ်နှံထားချင်မိသည်။
သူမ၏ ဟင်းချက်လက်ရာက အရမ်း ကောင်းတာကြောင့် ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် သူမဟာ သူမ၏
ချည်ထိုးစွမ်းရည်ကို တကယ် အထင်ကြီးသွားမိတာ ဖြစ်သည်။
တခြားသူတွေက သိုးမွှေးချည်ကို ချည်ထိုးကြပေမယ့်
သူမကတော့ သူမ၏လက်ကိုပါ ဆက်လက်၍ ချည်ထိုးမိလေသည်။ လည်စည်းပဝါ ချည်ထိုးသည့် အပ်တွေက ချွန်ထက်သည်
မှန်သော်လည်း သူမလိုတော့ မည်သူမျှ မဖြစ်ကြပေ။
“ကျွန်မ နားလည်ပါပြီ။ ကျွန်မ နောက်တစ်ခါ
ချည်ထိုးတဲ့ အခါကျရင် ပိုပြီး ဂရုစိုက်ပါ့မယ်”
“ကောင်းပြီ” ဟောက်ချန်ဟွမ်းသည် သူမ ထိုးပေးထားသည့်
လည်စည်းပဝါလေး ပတ်ပြီး ကားထဲ ဝင်ထိုင်ရင်း တီးတိုးပြောသည်၊ “နောက်သုံးရက်ကြာရင် တွေ့ကြမယ်”
စုယန်ယန်ရဲ့ မျက်နှာပေါ်ရှိ အပြုံးဟာ ချက်ချင်း
နက်ရှိုင်းလာသည်။ သုံးရက်အကြာတွင် သူမတို့၏ မင်္ဂလာပွဲကို တရားဝင် ကျင်းပရတော့မည်။
လာမည့် သုံးရက်အတွင်း သူမတို့ နောက်ထပ် ထပ်မဆုံနိုင်တော့တာ သေချာသည်။
ဒါပေမယ့် ကိစ္စမရှိပါဘူး။ အခု ခဏတာ ခွဲခွာရခြင်းက
နောင်အနာဂတ်မှာ အချိန်ကြာကြာ အတူရှိဖို့ပါပဲ။
အဆုံးမှာတော့ စုယန်ယန်သည် မနေနိုင်ပဲ ဟောက်ချန်ဟွမ်းကို
ငုံ့နမ်းမိသည်။ သူမက အပြုံးလေးဖြင့် ပြောသည်၊ “ချစ်လှစွာသော စားသုံးသူ၊ စတိုးဆိုင်ပိုင်ရှင်က
ရောင်းထွက်သွားပါပြီ၊ သူမကို ပြန်အမ်းလို့ မရတော့ပါဘူး။ နောက်သုံးရက် အကြာမှာ ကျွန်မကို
စောစော လာကြိုပေးဖို့ မမေ့ပါနဲ့”
ထို့နောက် သူမသည် ဟောက်ချန်ဟွမ်း၏ တုံ့ပြန်မှုကို
မစောင့်တော့ပဲ ချာခနဲ လှည့်ပြေးသွားသည်။ သူတို့နှစ်ယောက် ပထမဆုံး စေ့စပ်သည့် အချိန်ကလိုပါပဲ။
ဟောက်ချန်ဟွမ်းသည် သူမ နမ်းသွားသည့် နေရာလေးကို
ထိတွေ့မိသည်။ သူ့ နှုတ်ခမ်းထောင့်စွန်းလေးတွေ
အသာ ကွေးညွှတ်သွားပြီး နူးညံ့ပျော့ပျောင်းစွာ “ကောင်းပါပြီ” လို့ ပြန်ဖြေသည်။
နောက်တစ်နေ့ မနက်ခင်း ယုကျစ်ယန်တို့ အုပ်စုဟာ
အိမ်တော်ဟောင်းကနေ တစ်ဖဝါးမှ မခွာပဲ အွန်လိုင်းကနေသာ အစည်းအဝေးတွေ ပြုလုပ်လေ့ရှိသည့်
သူတို့ သခင်လေးက ကုမ္ပဏီကို သွားရောက် ကြည့်ရှုဖို့ သူကပင် စတင် ပြောဆိုလိုက်တာကို
ကြားလိုက်ရတော့ အံ့သြသွားကြသည်။ သူသည် ကုမ္ပဏီများစွာ၏ အကြီးတန်း အမှုဆောင် အရာရှိများ၏
နက်နဲသော သုံးလပတ် အစီရင်ခံစာကို ကိုယ်တိုင်ကိုယ်ကျ နားထောင်လိုသည်။
ရုတ်တရက် ဟောက်ချန်ဟွမ်း၏ ပိုင်ဆိုင်မှုအောက်မှာ
ရှိသည့် ကုမ္ပဏီများ၏ အမှုဆောင် အရာရှိများသည် လုံခြုံမှုမရှိသလို ခံစားခဲ့ရသည်။ သူတို့သည်
ဒီလို ရုတ်တရက်တိုက်ခိုက်မှုကြောင့် မကြာသေးခင်ကမှ ကောင်းကောင်းမွန်မွန် မလုပ်ဆောင်နိုင်ခဲ့သည့်အတွက်
ဘစ်ဘော့စ်ထံမှ ဝေဖန်ပြစ်တင် ခံရမှာကို ကြောက်ရွံ့နေခဲ့ကြသည်။
သူတို့မှာ အတွင်းခံလေးတောင် ပြန်ရနိုင်ပါ့မလား။
ထို့ကြောင့် ဟောက်ချန်ဟွမ်း၏ ယုံကြည်စိတ်ချရဆုံး
လက်ထောက်တွေ အနေနှင့် ယုကျစ်ယန်တို့အုပ်စုဟာ ကုမ္ပဏီသို့ ရောက်သည်နှင့် တစ်ပြိုင်နက်
စိုးရိမ်ထိတ်လန့် နေကြသော အကြီးတန်း အမှုဆောင်အရာရှိ များစွာဖြင့် ဝန်းရံခံလိုက်ရသည်။
“ဒါရိုက်တာယု၊ ဘာဖြစ်သွားတာလဲ။ ဘစ်ဘော့စ်က
ဘာဖြစ်လို့ ရုတ်တရက်ကြီး ကုမ္ပဏီကို လာချင်သွားတာလဲ။ ဘာဖြစ်လို့ အဆင့်မြင့် အစည်းအဝေး
ကျင်းပရတာလဲ။ မကြာသေးခင်က တစ်စုံတစ်ယောက် အလုပ်မှာ ကြီးကြီးမားမား အမှားလုပ်ခဲ့မိပြီး
ဘစ်ဘော့စ်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာလား”
“မစ်စတာကု၊ ကျွန်တော့်ကို ရိုးရိုးသားသား
ပြောလိုက်စမ်းပါ၊ ဘော့စ်မှာ တစ်ခုခု ဖြစ်သွားလို့လား။ အစည်းအဝေးကို အိမ်မှာပဲ လုပ်နေတာ
မဟုတ်ဘူးလား။ ဘာဖြစ်လို့ ဘော့စ်ဟောက်က ကျွန်တော်တို့နဲ့ မျက်နှာချင်းဆိုင် တွေ့ချင်ရတာလဲ။
ကျွန်တော်က ကုမ္ပဏီမှာ လုပ်သက်ကြာတဲ့ ဝန်ထမ်းဟောင်း တစ်ယောက် ဖြစ်ပေမယ့် ဘော့စ်ဟောက်ရှေ့မှာ
ရပ်နေချိန်တိုင်း ကျွန်တော့်ရဲ့ ခြေထောက်တွေကို အားနည်းသွားစေတုန်းပါပဲ။ သူ တကယ်ပဲ
အဆင်ပြေရဲ့လား။ ကျွန်တော်တို့ စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်နိုင်ဖို့ အတွက် မင်း
ကျွန်တော်တို့ကို ကြိုတင် အသိပေးနိုင်မလား”
ကုရှောက်ယွီတို့ သုံးယောက်သားဟာ ခေါင်းကိုက်ချင်သလို
ဖြစ်သွားရသည်။ သူတို့က အတင်းပြုံးကာ “အရမ်း စိတ်မပူကြပါနဲ့။ သခင်လေးက မကြာသေးခင်က အရမ်း
စိတ်အားထက်သန် နေခဲ့တာ။ နှစ်ကုန်အစီရင်ခံစာ ပြုလုပ်ဖို့ လူတိုင်းကို အတူ စုစည်းချင်ရုံပါပဲ။
သူ့မှာ တခြား ရည်ရွယ်ချက် မရှိပါဘူး။ မင်းတို့ အရမ်း မကြောက်ကြပါနဲ့”
လူတိုင်း မျက်မှောင်ကြုတ် သွားသည်၊ သူတို့
သူ့ကို ယုံသင့်ရဲ့လား မသေချာသလိုပင်။
အဲ့ဒီအချိန်မှာပဲ တစ်စုံတစ်ယောက်က ရုတ်တရက်
ထမေးသည်၊ “မန်နေဂျာကျိုး၊ မင်း ကြည့်ရတာ အရမ်း တည်ငြိမ်နေသလိုပဲ။ မင်း တစ်ခုခု သိထားတာလား”
လူတိုင်းရဲ့ အကြည့်က ကျိုးယန်ပိုင်ဆီသို့
ရောက်ရှိလာသည်။
မနေ့က ဟောက်ချန်ဟွမ်းနဲ့ အတူ လိုက်ပါသွားပြီး
အဖြစ်အပျက် တစ်ခုလုံးကို မျက်မြင် တွေ့ခဲ့ရသော တစ်ဦးတည်းသော သူဖြစ်သည့် ကျိုးယန်ပိုင်ဟာ
တကယ့်ကို အရမ်း တည်ငြိမ်နေခဲ့သည်။
ခက်ခဲနက်နဲသော မျက်နှာ အမူအရာဖြင့် သူက
ပြောသည်၊ “ခဏနေ အစည်းအဝေး ကျင်းပတဲ့ အခါကျရင် မင်းတို့ လက်ရှိလုပ်နေတဲ့ အလုပ်ကိစ္စ
အားလုံးကို ရိုးရိုးသားသားပဲ သတင်းပို့တင်ပြပါ။ သခင်လေး ပြောသမျှကို မင်းတို့အားလုံး
သဘောတူကြပါ။ အရေးကြီးဆုံးကတော့၊ သခင်လေးရဲ့ လည်စည်းပဝါကို ရုပ်ဆိုးတယ် ကြည့်မကောင်းဘူးလို့
လုံးဝ မပြောရဘူး။ အဲ့လို မပြောနိုင်ရုံတင် မကသေးပဲ အဲ့တာကို ချီးမွမ်းပြောဆို ပေးရမယ်”
***