ငါ့ဇနီးသည်က ဒီလည်စည်းပဝါကို ချည်ထိုးပေးခဲ့တာ
အစည်းအဝေးခန်းမှ ထွက်လာသောအခါတွင် ဆွဲဆောင်မှုရှိပြီး
ကြီးစိုးခြယ်လှယ် နိုင်စွမ်းရှိတဲ့ နယ်ပယ်မှာ လုပ်ကိုင်နေသည့် ကုမ္ပဏီ၏ အကြီးတန်း အမှုဆောင်
အရာရှိတွေဟာ အခုလေးတင် သူတို့ကို ရေထဲမှ ဆွဲထုတ်ထားသည့်ပုံ ပေါ်သည်။ သူတို့၏ မျက်နှာတွေက
ဖြူဖျော့နေပြီး သူတို့၏ ကျောတွေဟာ စိုစွတ်နေခဲ့သည်။
“ငါ အခုနတုန်းက အရမ်း ကြောက်နေခဲ့တာ။ ငါ
ဒီနေ့ ဒီနေရာမှာ သေတော့မယ်လို့ ထင်နေခဲ့တာ”
“အေးကွ။ ဘော့စ် မင်းကို လှမ်းကြည့်လိုက်တဲ့
အချိန်တုန်းက ငါပါ ချွေးပြန်နေတာ။ အဲ့ဒီအကြည့်တွေက အရမ်း... ကြောက်ဖို့ ကောင်းတယ်။
ဒါပေမယ့် မင်း အရမ်းမိုက်တယ်။ မင်း ရုတ်တရက် ဘော့စ်၏ လည်စည်းပဝါ အကြောင်းကို ဆွဲထုတ်လိုက်နိုင်တယ်...”
“ဟီးဟီးဟီး၊ ငါ အရမ်းတုန်လှုပ်နေတာ။ ငါ
ရုတ်တရက် မန်နေဂျာကျိုး အစောပိုင်းက ပြောခဲ့တဲ့ စကားကို ပြန်အမှတ်ရ သွားခဲ့တယ်၊ ဒါ့ကြောင့်
ငါလည်း ဖြစ်ချင်ဖြစ်ဆိုပြီး ပြောချလိုက်တာ”
သူ ထိုသို့ ပြောလိုက်သည်နှင့် အားလုံး၏
အကြည့်စူးများက ကျိုးယန်ပိုင်ထံ ရောက်ရှိလာသည်။ “မန်နေဂျာကျိုး၊ စီအီးအိုရဲ့ လည်စည်းပဝါက
ဘယ်လို မှော်ပစ္စည်းမျိုးလဲ။ ဘာဖြစ်လို့ စီအီးအိုက အရမ်း တန်ဖိုး ထားရတာလဲ”
“ဒါက အကြမ်းစား လက်နက် တစ်ခုတော့ မဟုတ်ပါဘူး။
ဒါကို ချည်ထိုးပေးတဲ့ သူက စီအီးအို ဂရုစိုက်တဲ့သူ ဖြစ်တာကြောင့်ပဲ”
“စီအီးအို ဂရုစိုက်တဲ့သူ... ဖြစ်နိုင်တာက...”
သူတို့ ထပ်ပြီး မေးချင်ပေမယ့် ကျိုးယန်ပိုင်တို့ အုပ်စုဟာ ထွက်သွားနှင့်ပြီ။
ထိုနေ့ မွန်းလွဲပိုင်းတွင် ကြီးကြပ်ရေးမှုးများ၏
ဖုန်းအားလုံး တစ်ချိန်တည်းမှာ တုန်ခါသွားသည်။ သူတို့ ဖုန်းကို ဖွင့်ကြည့်လိုက်တော့
သူတို့ အထူးဂရုစိုက် နေကြသည့် ဘစ်ဘော့စ်ကြီးထံမှ မက်ဆေ့ချ် တစ်စောင် ရောက်ရှိတာ ဖြစ်ကြောင်း
သိရှိလိုက်ရသည်။
သူတို့ မက်ဆေ့ချ်ကို ဖွင့်ကြည့်လိုက်တော့
ရင်းနှီးကျွမ်းဝင်နေသည့် လည်စည်းပဝါ ဓာတ်ပုံလေးကို မြင်တွေ့လိုက်ရသည်။
ဘစ်ဘော့စ်: ဒီလည်စည်းပဝါက ကြည့်ကောင်းလား။
လူတိုင်း၊ “...”
ဘာပဲပြောပြော သူတို့ အရင်က ချီးကျူးခဲ့ဖူးတာကြောင့်
သူတို့မှာ အတွေ့အကြုံအချို့ ရှိနေခဲ့ပြီ။ သူတို့ ဒီတစ်ခါ ချီးကျူး ပြောဆိုရာတွင် အရင်ကထက်
နည်းနည်း ပိုရိုးသားမှု ရှိခဲ့သည်။
တစ်ခဏ အတွင်းမှာပင် အကြီးတန်း အမှုဆောင်
အရာရှိတွေအားလုံး သူ့ကို ချီးကျူးပြောဆိုခဲ့ကြသည်။
မိနစ်အနည်းငယ် ကြာသောအခါတွင် ဟောက်ချန်ဟွမ်းက
အလွန်အကျူး ချီးကျူးပြောဆိုထားသည့် စကားလုံးတွေကို ကြည့်ရင်း ပြုံးလိုက်သည်။ သူ စိတ်ကျေနပ်မှု
အများကြီးရှိသည့် ဒီလည်စည်းပဝါကို ဘယ်မှာ ဝယ်ခဲ့တာလဲဟု မေးထားသည့် မှတ်ချက်ကို ပြန်လည်
ဖြေကြားရန် ရွေးချယ်ခဲ့သည်။
ပြန်လည်ဖြေဆိုချက်: “ဒါကို ငါ့အတွက် ငါ့ဇနီးသည်က
ချည်ထိုးပေးတာ။ မင်း မဝယ်နိုင်ဘူး”
လူတိုင်း၊ “...” အိုး... ဘုရားရေ၊ ဆိုတော့
ဒါကို မဒမ်ကိုယ်တိုင် ချည်ထိုး ထားခဲ့တာပေါ့။ စီအီးအိုက ဒါကို ရတနာတစ်ပါးလို အရမ်း
တန်ဖိုးထားနေတာ အံ့သြစရာ မရှိဘူးပဲ”
ထိတ်လန့် ကြောက်မက်ဖွယ် အရှိန်အဝါတွေ လွှမ်းခြုံထားတဲ့
သူတို့၏ဘစ်ဘော့စ်ဟာ အိမ်မှာတော့ သူ့ဇနီးသည်ကို အရမ်းအလိုလိုက် ချစ်မြတ်နိုးတယ်ဆိုတာ
သူတို့ သိလိုက်ရသည်။ ဒါက တကယ့်ကို အံ့သြထိတ်လန့်ဖို့ ကောင်းသည်။
ဟောက်ချန်ဟွမ်း၏ ကုမ္ပဏီမှ အမှုဆောင်အားလုံး၏
စူးစမ်းမှုကို ခံနေရမှန်းကို မသိသည့် စုယန်ယန်သည် ရုတ်တရက် နှာခေါင်း ယားယံလာသဖြင့်
ကျယ်လောင်စွာ နှာချေမိသည်။
“အိုး... ငါ့နောက်ကွယ်မှာ ဘယ်သူကများ ငါ့အတင်းတုပ်နေပါလိမ့်”
ဟောက်ချန်ဟွမ်းသည် စုယန်ယန်အပေါ် သူ့အချစ်တွေကို
တိတ်တဆိတ် ပြသနေချိန်တွင် စုယန်ယန်၏ စားသောက်ဆိုင်မှ စားသုံးသူ ပထမလှိုင်းသည် နောက်ဆုံးတွင်
စတင်ပေါ်ပေါက် လာခဲ့သည်။
အဖြစ်မှန်က အင်တာနက်ပေါ်နှင့် ကွဲပြားခြားနားသည်။
စုယန်ယန်အတွက် သုတေသန အဖွဲ့အစည်းမှ တစ်ယောက်က စကားပြော ပေးခဲ့သော်လည်း လူတော်တော်များများက
စောင့်ကြည့်နေရုံသာ ရှိပြီး ပေါ့ပေါ့ပါးပါး မကြိုးစားရဲကြဘူး။
ပထမဆုံး သွားရောက် စားသုံးခဲ့ကြသည့် စားသုံးသူများသည်
သူတို့၏ အစားအသောက်တွေက ဘယ်လောက် အရသာရှိကြောင်း စားသောက်ပြီးနောက် သူတို့၏ ခန္ဓာကိုယ်တွေ
ဘယ်လို ပြောင်းလဲ သွားကြောင်း ထုတ်ဖော် ပြောဆိုခဲ့ကြရာ မသွားခဲ့ကြသည့် လူတွေအဖို့ နောင်တရစေခဲ့သည်။
နောက်တစ်နေ့မှာ လှိုင်းလုံးလေးတစ်ခု ထွက်ပေါ်လာသည်။
စားသောက်ဆိုင်သို့ သွားရောက်ခဲ့သည့် ထိပ်ပြောင်နေတာ ကြာပြီဖြစ်သည့် လူလတ်ပိုင်း အရွယ်
တစ်ဦးမှ ရှီဟွမ်စားသောက်ဆိုင်သို့ မသွားရောက်မီနှင့် သွားရောက်ပြီး ဓာတ်ပုံများ တင်ရာမှ
စတင်ခဲ့ခြင်း ဖြစ်သည်။
သူ စားသောက်ဆိုင်သို့ မသွားခင်မှာ သူ့တစ်ခေါင်းလုံး
ပြောင်လက်နေခဲ့သည်။ သူ့ခေါင်းပေါ်မှာ ဆံပင်တစ်မွေးမှမရှိပဲ ပြောင်ချောနေခဲ့သည်။ သို့သော်
ဒီနေ့မနက်တွင် သူ့ခေါင်းပြောင်ပေါ်တွင် အမည်းရောင် ဆံပင်လေးတွေ အများကြီး ပေါ်လာခဲ့သည်။
ထိကိုင်လို့ မရသေးပေမယ့် အနည်းဆုံးတော့
သူတို့က ကြီးထွား လာနေခဲ့သည်။
ဒီလူ ပို့စ်တင်လိုက်သည်နှင့် လူအများ၏ ပထမဆုံး
တုံ့ပြန်မှုမှာ အံ့အားသင့်တာ မဟုတ်ပဲ သံသယဝင်တာ ဖြစ်သည်။ ဤသည်မှာ စားသောက်ဆိုင်၏ စျေးကွက်ရှာဖွေရေး
ဗျူဟာတစ်ခုဖြစ်ကာ အခြားသူများကို သူတို့၏ စားသောက်ဆိုင်တွင် စားသုံးရန် ရည်ရွက်ချက်ရှိရှိ
လှည့်ဖြားခြင်း ဖြစ်သည်ဟု သူတို့ ယူဆခဲ့ကြသည်။
သို့သော် သူ ဒီလို ပြောလိုက်သည်နှင့် တစ်ပြိုင်နက်
ထိပ်ပြောင်သူများနှင့် အခြားသော ကုသရခက်ခဲသည့် ဝေဒနာရှင်တွေဟာ စားသောက်ဆိုင်ဖက်မှ ပြောဆိုပေးဖို့
ထွက်လာခဲ့ကြသည်။ သူတို့က သူတို့၏ စားသုံးသူ မှတ်တမ်းကိုတောင် ပြသခဲ့ကြသည်။
***