မင်္ဂလာပွဲ
လင်းရှောင်ချီး၏ မိခင်သည် သူမသမီးဖြစ်သူထံ
ဤအတိတ်ဖြစ်ရပ်များကို ဘယ်သောအခါမှ ဖုံးကွယ်မထားပေ။
ထို့ကြောင့် လင်းရှောင်းချီးသည် သူမ၏ ဖခင်ရင်းကို
အလွန်မုန်းတီးခဲ့သည်။
သူမ အရင်ဘဝတုန်းက လင်းရှောင်ချီး၏ ဖခင်သည်
သူမနှင့် ပြန်လည် ပေါင်းစည်း လိုသဖြင့် သူမကို ရှာဖွေရန် ဒီအချိန်လောက်တွင် ရောက်လာခဲ့သည်။
အကြောင်းပြချက်ကတော့ သူ့မှာ သူ့ဇနီးဖြစ်သူ
နှင့်အတူ ရရှိထားသော သားတစ်ယောက်သာ ရရှိခဲ့သောကြောင့် ဖြစ်သည်။
အစကတော့ သူ့သားဖြစ်သူကို မိသားစု စီးပွားရေးကို
အမွေဆက်ဆံဖို့ မျှော်လင့် ထားခဲ့ပေမယ့် ထိုသားဖြစ်သူက လွန်ခဲ့သော လအနည်းငယ်က မတော်တဆမှုကြောင့်
သေဆုံးသွားခဲ့ပြီး သူ့တွင်လည်း ငယ်ရွယ်စဉ်တုန်းက ဒဏ်တွေကြောင့် နောက်ထပ် ကလေးမွေးဖို့
မဖြစ်နိုင်တော့ပေ။
သူ့မှာ သားစဉ်မြေးဆက်တွေ မရှိတော့တာကို
မြင်လိုက်ရသဖြင့် နောက်ဆုံး၌ သူသည် လင်းရှောင်ချီးတို့ သားအမိအား သတိရသွားခဲ့သည်။ လင်းရှောင်ချီးကို
အသိအမှတ်ပြုပြီး သူမအတွက် လက်ထပ်ပွဲ တစ်ခုကို စီစဉ်ပေးကာ သူမ၏ ခင်ပွန်းသည်ကို သူတို့မိသားစုထဲသို့
ဝင်ခိုင်းဖို့ အစီအစဉ်ဆွဲခဲ့သည်။ သူတို့မိသားစု၏စည်းစိမ်ဥစ္စာကို အမွေဆက်ခံဖို့ မြေးတစ်ယောက်
မွေးစေချင်ခဲ့သည်။
လင်းရှောင်ချီးက ဒီအကြောင်းကို သိလိုက်ရသောအခါ
သူမ အလွန်အမင်း စက်ဆုပ်ရွံရှာ သွားခဲ့သည်။ အစကတော့ သူမ ဒါကို ငြင်းဆန်ဖို့ အကောင်းဆုံး
ကြိုးစားခဲ့သည်။
သို့ရာတွင် နောက်ပိုင်းမှာ သူမတို့မိသားစ၏
အရင်းအနှီးနှင့်ပတ်သက်ပြီး ပြဿနာ ရှိနေတယ် ဆိုတာကို သိလိုက်ရတော့ သူမတို့ မိသားစုကို
ကူညီရန် ထိုရွံရှာဖွယ် ကောင်းသော ‘အိမ်’သို့ ပြန်သွားသောအခါတွင် သူတို့က သူမကို ဝှက်ထားခဲ့သည်။
အဆုံးတွင် သူမ ခင်ပွန်းသည်၏ သားဖြစ်သူကို
ဆုံးရှုံးခဲ့ပြီး အသည်းကွဲ အရူးဖြစ်နေသော အမျိုးသမီး တစ်ဦး၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
လင်းရှောင်ချီးသည် သူမအပေါ် ကြင်နာတတ်သော၊ ချစ်မြတ်နိုးပြီး ကာကွယ်ပေးသည့် အမျိုးသားနှင့်
တွေ့ဆုံဖို့ အခွင့်အရေးလေးတောင် မရရှိခဲ့ဘူး။
စုယန်ယန်၏ စကားကို ကြားသောအခါ လင်းရှောင်ချီးဟာ
ကြက်သေ သေသွားသည်။ သူမသည် ကူကယ်ရာမဲ့စွာ ပြုံးပြီး “ဒုတိယ အကောင်းဆုံး အမျိုးသားကို
ငါ့အတွက် ရှာပေးမယ် ဆိုတော့ အကောင်းဆုံး အမျိုးသားက ဘယ်လိုလဲ”
စုယန်ယန်က အေးစက်စွာ နှာခေါင်းရှုံ့ပြီး
ဂုဏ်ယူဝံ့ကြွားစွာ ပြောသည်။ “အကောင်းဆုံးလူက ငါ့လူပဲလေ။ နင်က ငါ့အချစ်ဆုံး သူငယ်ချင်း
ဖြစ်နေရင်တောင် အသုံးမဝင်ဘူး။ ငါ နင့်ကို သူ့ကို ဘယ်တော့မှ မပေးနိုင်ဘူး”
“နင် ကောင်မစုတ်လေး” အစောင့်များ၏ တားမြစ်ခြင်းကို
ခံလိုက်ရသည့် လင်းရှောင်ချီးသည် ဒီအချိန်မှာတော့ တစ်စုံတစ်ယောက်ကို ရိုက်ပစ်ချင်နေသည်။
သူတို့နှစ်ယောက်သား စကားစမြည် ပြောဆိုနေသည့်
အချိန်တွင် အပြင်ကနေ ချိန်ရှုချင်က အပြေးအလွှား ဝင်လာခဲ့သည်။ “မင်္ဂလာအချိန် ရောက်ပြီ။
ကောင်မလေးတွေ အဆင်သင့် ဖြစ်နေပြီလား။ အပြင်ထွက်ဖို့ အချိန်ရောက်ပြီ”
“ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ သမီးတို့ အခုပဲ ထွက်တော့မယ်”
လုံခြုံရေး ပြဿနာတွေနှင့် ပြဿနာရှာမည့်
လူအချို့ ရောက်ရှိလာမှာကို ထည့်သွင်း စဉ်းစားပြီး ဟောက်ချန်ဟွမ်းသည် စုယန်ယန်ကို လက်ထပ်ခွင့်
တောင်းဆိုခဲ့သည့် ကျွန်းပေါ်တွင် မင်္ဂလာပွဲကျင်းပဖို့ စီစဉ်ထားခဲ့သည်။ သူတို့သည် ဖိတ်ကြားလွှာဖြင့်သာ
ကျွန်းပေါ်သို့ တတ်နိုင်ကြသည်။
လက်ထပ်ခွင့် တောင်းဆိုမှု အပြီးတွင် ကျွန်းပေါ်မှာ
ပြင်ဆင်မှုအားလုံး စတင်ခဲ့သည်။ စုယန်ယန် သဘောကျ နှစ်သက်သော ပန်းတွေအပြင် မင်္ဂလာလက်ဆောင်
ကမ်းသည့် ပစ္စည်းများနှင့် မီးရှုးမီးပန်း များစွာလည်း ရှိသေးသည်။ မင်္ဂလာခနန်းမကို
စိတ်ကူးယဉ်ဆန်ဆန် အလှဆင်ထားခဲ့သည်။
“အဖေ၊ အဖေ စိတ်လှုပ်ရှား နေတာလား” စုယန်ယန်က
သူ့ဖခင်၏ လက်ကို ဆုပ်ကိုင်ထားရင်း သူ့ကြည့်ရတာ စိတ်လှုပ်ရှားနေပုံ ရသဖြင့် တိုးတိုးလေး
ကပ်မေးလိုက်သည်။
မစ္စတာစုက အေးစက်နေသော မျက်နှာအမူအရာဖြင့်
ခေါင်းခါလိုက်သည်။ “ငါ စိတ်မလှုပ်ရှားပါဘူး”
“အဖေ မပျော်ဘူးလား”
သူ့ရဲ့ အဖိုးတန်သမီးလေး အိမ်ထောင်ပြုတော့မှာကို
သူက ဘယ်လိုလုပ်ပြီး ပျော်နေနိုင်မှာလဲ။
မစ္စတာစုသည် တစ်ခဏတာမျှ နှုတ်ဆိတ်သွားပြီး
“မင်းအဖေက မင်းနဲ့ခွဲရမှာကို နည်းနည်း ဝန်လေးနေရုံပါပဲ” လို့ ပိုပြီး ကြည်နူးစရာ ကောင်းသည့်
ဖြေဆိုမှုကို ရွေးချယ်လိုက်သည်။
စုယန်ယန်က အပြုံးလေးဖြင့် သူ့လက်မောင်းကို
ဖက်တွယ်လိုက်သည်။ “အဖေ၊ ဝမ်းမနည်းပါနဲ့။ သမီး လက်ထပ်သွားတယ် ဆိုရင်တောင် သမီးက အဖေ့သမီးလေး
ဖြစ်နေတုန်းပါပဲ။ အဖေ သမီးကို မဆုံးရှုံးလိုက်ရပါဘူး။ ပြောရရင် အဖေ့မှာ နောက်ထပ် သားတစ်ယောက်
ထပ်ရလိုက်တာပဲလေ။ အဲ့တာက မကောင်းလို့လား”
မစ္စတာစု၊ “...” ငါ ကောင်းကောင်း လေ့လာသင်ယူပြီးပါပြီ၊
ဒါ့ကြောင့် ငါ့ကို အရူးလုပ်ဖို့ မကြိုးစားနဲ့။
သူ စိတ်ဓာတ် ကျနေသော်လည်း မစ္စတာစုသည် အခြေအနေ
တစ်ခုလုံးကို ထောက်ထား ငဲ့ညှာနေဆဲ ဖြစ်သည်။ ဒီစုံတွဲက တစ်ယောက်ကို တစ်ယောက်ကို ချစ်မြတ်နိုးနေကြမှန်းကို
သိနေသောကြောင့် အဖေတစ်ယောက် အနေဖြင့် သူ သူတို့ကို လမ်းခွဲစေပြီး ဝမ်းနည်းအောင် မလုပ်နိုင်ပေ။
သူက စိတ်အားတင်းကာ “သွားကြစို့၊ အဖေ မင်းကို
လိုက်ပို့ပေးမယ်” လို့သာ ပြောလိုက်သည်။
“အင်း...”
သာယာငြိမ့်ညောင်းသော တေးဂီတသံ ထွက်ပေါ်လာသည်။
စုယန်ယန်သည် သူမဖခင်ဖြစ်သူ၏ လက်ကို တွဲရင်း လူတိုင်း အကြည့်အောက်တွင် မင်္ဂလာလျှောက်လမ်းသို့
လှမ်းလျှောက် လာခဲ့သည်။ လမ်းအဆုံးတွင် သူမကို စောင့်နေသည့် သူတစ်ယောက် ရှိနေမှန်းကို
သူမ သိသည်။
မင်္ဂလာတေးသံ ရပ်တန့်သွားသည့် အခိုက်အတန့်တွင်
သူမလက်ကို ဆန့်တန်း ပေးလိုက်ပြီး သူမကို စောင့်နေသည့်သူက သူမလက်ကို တိကျသေချာစွာ ဆုပ်ကိုင်လိုက်သည်။