အပိုင်း ၂၅၆
Viewers 1k

 

အခန်း (၂၅၆)

 

ကျေးဇူးပြုပြီး ကျွန်မကို တစ်သက်တာလုံး ဂရုစိုက်ပေးပါဦး

သူတို့၏ လက်တွေ ထိတွေ့လိုက်သည့် အခိုက်အတန့်မှာပင် မသိစိတ်အရ သူတို့  အပြုံးတွေဟာ နက်ရှိုင်းလာခဲ့ကြသည်။

ဒါကို မြင်လိုက်ရသည့် မစ်စတာစု ရင်ထဲဝယ် ဝမ်းနည်း ပူဆွေးချင်သလို ဖြစ်သွားသည်။ နှစ်ပေါင်းများစွာ သူ သိမ်းဆည်းထားတဲ့ ရတနာလေးကို တစ်ယောက်ယောက် ခိုးယူသွားသလို ခံစားလိုက်ရပေမယ့် သူ့မှာ စွန့်လွှတ်ပေးရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိပေ။

“ငါ ယန်ယန့်ကို မင်းလက်ထဲ အပ်လိုက်ပြီ။ သူမကို ကောင်းကောင်းမွန်မွန် ဆက်ဆံပါ။ မဟုတ်ရင်။ ငါဖြစ်ဖြစ် သူမအစ်ကိုဖြစ်ဖြစ် ငါတို့ မင်းကို ဒီအတိုင်း ကြည့်နေမှာ မဟုတ်ဘူး”

ဟောက်ချန်ဟွမ်းသည် စုယန်ယန်၏ လက်လေးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး တည်ကြည် လေးနက်စွာ ကတိစကားဆိုသည်။

“ကျွန်တော် နားလည် သဘောပေါက်ပါတယ်။ စိတ်မပူပါနဲ့”

မစ်စတာစု၏ မျက်နှာ အမူအရာဟာ နူးညံ့ပျော့ပျောင်းသွားပြီး ဘေးဖက်သို့ ဆုတ်ခွာသွားသည်။

မင်္ဂလာ ကတိစကားတွေက အနည်းနှင့် အများဆိုသလို တူညီကြသည်၊ ဒါပေမယ့် ဒီအချိန်မှာတော့ စုယန်ယန်သည် သူတို့၏ ကိုယ်ပိုင် အခြေအနေအရ ဒါတွေကို ပြောင်းလဲဖို့ အဆိုပြုခဲ့သည်။

“မစ်စုယန်ယန်၊ သင် မစ်စတာ ဟောက်ချန်ဟွမ်းကို လက်ထပ်ချင်ပြီး သူ့ဇနီးသည် ဖြစ်ချင်ပါသလား။ သင် အရင်ဘဝကပဲ ဖြစ်ဖြစ်၊ ဒီဘဝမှာပဲ ဖြစ်ဖြစ်၊ သင် ကျန်းမာနေချိန်၊ နာမကျန်း ဖြစ်နေချိန်မှာ ဖြစ်ပါစေ၊ သင် ချမ်းသာပါစေ၊ ဆင်းရဲပါစေ၊ ဘယ်လိုအချိန်မျိုးမှာပဲ ဖြစ်ဖြစ် သင် သူ့ကို ဂရုစိုက် ပေးနိုင်မလား၊ ပြုစုယုယ ပေးနိုင်မလား၊ သူ့အပေါ် အမြဲထာဝရ သစ္စာရှိပေးနိုင်မလား”

မင်္ဂလာကတိစကားကို ကြားသောအခါ ဟောက်ချန်ဟွမ်း နှလုံးခုန်နှုန်း မြန်ဆန်သွားသည်။ သူ့ရင်ထဲ ဖော်မပြနိုင်တဲ့ ခံစားချက်တစ်ခု မြင့်တက်တာပြီး သူ့နှလုံးသားထဲ နစ်ဝင်သွားသည်။

စုယန်ယန်သည် သူမဘေးမှ လူကို လှည့်ကြည့်ပြီး အပြုံးလေးဖြင့် “ကျွန်မ ဆန္ဒရှိပါတယ်” လို့ ပြောလိုက်သည်။

“မစ်စတာ ဟောက်ချန်ဟွမ်း၊ သင် မစ်စုယန်ယန်ကို လက်ထပ်ပြီး သူ့ခင်ပွန်းသည် ဖြစ်ချင်ပါသလား။ သင် အရင်ဘဝကပဲ ဖြစ်ဖြစ်၊ ဒီဘဝမှာပဲ ဖြစ်ဖြစ်၊ သင် ကျန်းမာနေချိန်၊ နာမကျန်းဖြစ်နေချိန်မှာ ဖြစ်ပါစေ၊ သင် ချမ်းသာပါစေ၊ ဆင်းရဲပါစေ၊ ဘယ်လိုအချိန်မျိုးမှာပဲ ဖြစ်ဖြစ် သင် သူ့ကို ဂရုစိုက်ပေးနိုင်မလား၊ ပြုစုယုယပေးနိုင်မလား၊ သူ့အပေါ် အမြဲထာဝရ သစ္စာရှိပေးနိုင်မလား”

ဟောက်ချန်ဟွမ်းသည် မင်္ဂလာကတိ စကားကြောင့် ကြက်သေ သေနေဆဲ ဖြစ်ပြီး အချိန်အတော်ကြာ စကားမပြောနိုင်ပေ။

ဒါကို မြင်တော့ လူအုပ်ကြီးသည် အချင်းချင်း စတင် ဆွေးနွေး လာကြသည်။ ချိန်ရှုချင်နှင့် အခြားသူများ၏ မျက်နှာအမူအရာတွေက မည်းမှောင် လာခဲ့သည်။

စုယန်ယန် တစ်ယောက် လှည့်ကြည့်ပြီး သူ့ကို စိတ်ရှုပ်ထွေးစွာ ခေါ်လိုက်သည်၊ “ချန်ဟွမ်း...”

ဟောက်ချန်ဟွမ်း တစ်ယောက် ရုတ်တရက် အသိပြန်ဝင်ပြီး နိုးထလာခဲ့သည်၊ “ကျွန်တော် ဆန္ဒရှိပါတယ်”

“မစ်စတာ ဟောက်ချန်ဟွမ်းနဲ့ မစ် စုယန်ယန် တို့ဟာ ဒီနေ့ကစပြီး တရားဝင် ဇနီးမောင်နှံတွေ ဖြစ်သွားပြီလို့ အခု ကျွန်တော် အခု ကြော်ငြာ လိုက်ပါတယ်။ အခု မင်းတို့နှစ်ယောက် အချင်းချင်း လက်စွပ် လဲလှယ်လို့ ရပါပြီ”

ကျိုးယန်ပိုင်နှင့် လင်းရှောင်ချီးတို့သည် သူတို့နှစ်ဦးအတွက် လက်စွပ်တွေကို ကိုင်ဆောင် ပေးထားသူများ ဖြစ်သည်။ လက်စွပ်တွေဟာ လှပပြီး ရိုးရှင်းသည်၊ ယခင် လက်ထပ်ခွင့် တောင်းဆိုတုန်းက ပေးခဲ့သည့် လက်စွပ်နှင့် ဒီဇိုင်းက အတော်လေး တူညီသည်။ သူတို့ကိုကြည့်ရတာ ရင်းနှီးကျွမ်းဝင်ပြီး နွေးထွေးတဲ့ပုံ ပေါ်သည်။

လက်စွပ်၏ အတွင်းပိုင်းတွင် သူတို့နှစ်ဦး၏ နာမည်များကို ရေးထွင်းထားပြီး အဓိပ္ပါယ်က သိသာ ထင်ရှားသည်။

လက်စွပ်တွေကို လဲလှယ် ဝတ်ဆင်ပြီးနောက် စုယန်ယန်သည် သူမကို တွန်းအားပေးရန် မည်သူ့ကိုမျှ မလိုအပ်ခဲ့ပေ။ သူမက စိတ်အား ထက်သန်စွာ ခေါင်းငုံ့ပြီး ဟောက်ချန်ဟွမ်း၏ နှုတ်ခမ်းပေါ် အနမ်းခြွေ လိုက်သည်။

ဟောက်ချန်ဟွမ်းသည် တစ်စက္ကန့်မျှ ရပ်တန့်သွားကာ ပြုံးလိုက်မိသည်။

ဒီမြင်ကွင်းကြောင့် မင်္ဂလာပွဲလာ လူအုပ်ကြီးဟာ ကြက်သေ သေသွားပြီး အသိပြန်ဝင် လာသောအခါ လက်ခုတ်တီးပြီး ဂုဏ်ပြုခဲ့ကြသည်။

ချိန်ရှုချင်နှင့် အခြားသူတွေက အနည်းငယ် ကူကယ်ရာမဲ့သလို ခံစားလိုက်ရသော်လည်း သူတို့၏ သမီးလေးက ဟောက်ချန်ဟွမ်းကို တကယ် ချစ်မြတ်နိုးကြောင်း သူတို့ သိကြသည်။ သူတို့ဟာ သူမတို့နှစ်ဦးကို ကြည့်ရင်း ပျော်ရွှင်မိသလို တစ်ကြိမ်တည်းမှာပင် ချဉ်စူးနေသလိုပါ ခံစားရသည်။

အနမ်းခြွေပြီးနောက် စုယန်ယန်က ဟောက်ချန်ဟွမ်းနှင့် နဖူးချင်း ထိကပ်ပြီး ပြုံးလိုက်သည်။ “မစ်စတာဟောက်၊ ကျေးဇူးပြုပြီး ကျွန်မကို တစ်သက်တာလုံး ဂရုစိုက်ပေးပါဦး”

ဟောက်ချန်ဟွမ်း၏ စူးရဲနေသော မျက်ဝန်းတွေက ချက်ချင်း အရည်ပျော် ကျသွားကာ အက်ရှရှအသံဖြင့် ပြန်ပြောသည်။

“မစ်စု၊ ကျေးဇူးပြုပြီး ကိုယ့်ကိုလည်း တစ်သက်တာလုံး ဂရုစိုက်ပေးပါဦး”

ထို့နောက် သူတို့နှစ်ယောက်သား မရယ်မောမိပဲ မနေနိုင်တော့ပေ။

ဒီမင်္ဂလာပွဲပြီးရင် ဧည့်ခံပွဲ ကျန်သေးသည်။ ဟောက်ချီဟန်၏မိသားစုသည် အစောပိုင်းက သူတို့ကိုယ်တိုင် အရူးလုပ်ခဲ့မှုကြောင့် ဟောက်ချန်ဟွမ်းနှင့် စုမိသားစုသည် အထက်တန်းစား အသိုင်းအဝိုင်းရှိ လူတိုင်းကို ဖိတ်ကြားခဲ့သော်လည်း သူတို့ကို မဖိတ်ကြားခဲ့ပေ။ ဒီမင်္ဂလာပွဲဟာ ကြီးကြီးကျယ်ကျယ် ကျင်းပခဲ့တာ ဖြစ်သည်။

ဒါပေါ့၊ ဧည့်ခံပွဲလာ လူအချို့က ဟောက်ချီဟန်တို့ မိသားစုနှင့် ဆက်ဆံရေး ကောင်းကြသည်။ ဟောက်ချန်ဟွမ်းက ဟောက်ချီဟန်တို့ မိသားစုကို သူနှင့် စုမိသားစုမှ မိန်းကလေးတို့ လက်ထပ်ပွဲသို့ တက်ရောက်ရန် မဖိတ်ကြားခဲ့တာကို မြင်တော့ သူတို့က ဟောက်ချီဟန်တို့ မိသားစုအတွက် မခံ မရပ်နိုင် ဖြစ်မိကြသည်။

“ဟောက်မိသားစုက ဒီကလေးက အရမ်း လွန်တယ်လို့ မင်းတို့ မထင်ကြဘူးလား။ ဘာပဲဖြစ်ဖြစ် ဥက္ကဌဟောက်က သူ့အစ်ကိုကြီးပဲလေ။ မင်္ဂလာဆောင်တဲ့နေ့မှာ သူ့ကို ဘယ်လိုလုပ်ပြီး မဖိတ်ပဲ နေနိုင်တာလဲ”

***