အပိုင်း ၂၅၇
Viewers 1k

အခန်း (၂၅၇)

 

သူမတို့နောက်ကွယ်မှာ လူတွေက မကောင်းကြောင်း ပြောကြသည်

“ဟိုကိစ္စကြောင့် မဟုတ်ဘူးလား။ အရင်တုန်းက သူတို့နဲ့ စုမိသားစုတို့ သဘောထား ကွဲလွဲမှုအချို့ ရှိခဲ့တယ်လေ၊ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ဒီလို ပျော်စရာကောင်းတဲ့ ကိစ္စမျိုးမှာ သူ့အစ်ကိုကို ဖယ်ထုတ် ထားတာတော့ မကောင်းပါဘူး။ သခင်ကြီးဟောက်တို့ ဇနီးမောင်နှံ ကွယ်လွန်သွားပြီးတဲ့ နောက်မှာ သူ့ကို ကြီးပြင်းလာအောင် စောင့်ရှောက် ပေးခဲ့တာ ဒီအစ်ကိုပဲ မဟုတ်လား။ အခု သူ ကြီးပြင်း လာတာနဲ့ သူက ရန်လိုတတ်လာတယ်။ ဘယ်လောက် စိတ်ပျက်ဖို့ ကောင်းလိုက်သလဲ”

အတင်းအဖျင်း ပြောသူများသည် ဟောက်ချန်ဟွမ်းကို လက်ညှိုး ငေါက်ငေါက်ထိုးပြီး ကျေးဇူးကန်းသူလို့ပင် ပြောဆိုလုနီးပါး ဖြစ်နေကြသည်။

“အဲ့တာကို တွေးကြည့်တော့ မစ်စုက တကယ် ရယ်ရတာပဲ။ သူမကို ဟောက်သခင်လေးက ငြင်းပယ်ခဲ့တော့ အခု သူမက သခင်ဟောက်နဲ့ စေ့လိုက်တယ်။ သူမ ဘာလိုချင်တယ်လို့ နင်တို့ ထင်လဲ”

“ဒါက လက်စားချေဖို့ သက်သက်ပဲ မဟုတ်လား။ သခင်လေးဟောက်က အပြင်မှာ ရည်စားရှိလို့ သူတို့ စေ့စပ်ပွဲ ပျက်သွားတာ နင်တို့ မသိကြဘူးလား။ သူက အချစ်စစ်ကို ရှာတွေ့ သွားတယ်လို့ ပြောတယ်လေ၊ သူ့မိသားစု နောက်ခံက စုမိသားစုထက် ပိုကောင်းတယ်။ သူက သူ့မာနကို အထိခိုက်ခံပြီး သူ မကြိုက်နှစ်သက်တဲ့ မိန်းကလေးနဲ့ ဘယ်လိုလုပ်ပြီး အတူရှိချင်မှာလဲ”

တစ်စုံတစ်ယောက်က ထိုစကားကို ကြားသောအခါ စိတ်မသက်မသာ ဖြစ်စွာ မျက်မှောင်ကြုတ် သွားသည်။

“အရင်ကတည်းက စေ့စပ်ကြောင်းလမ်းတဲ့ ကတိကဝတ် ပေးထားပြီးသား။ သခင်လေးဟောက်က သူမကို မကြိုက်ဘူး ဆိုရင်တောင် သူက အရင်ဆုံး သူမနဲ့ စေ့စပ်ကြောင်းလမ်း ထားတာ ဖျက်သိမ်းပြီးမှ အခြားတစ်ယောက်ကို ရှာသင့်တယ်။ သူက နောက်ကွယ်မှာ စေ့စပ်ကြောင်းလမ်းတာကို မဖျက်သိမ်းပဲ လူအများ ရှေ့မှာမှ စေ့စပ်ကြောင်းလမ်းတာကို ဖျက်သိမ်းကြောင်း ကြော်ငြာတာ။ ဘာပဲဖြစ်ဖြစ်...”

ထိုအမျိုးသား၏ ပြောစကား မဆုံးခင်မှာပင် တစ်ကိုယ်လုံးကို လက်ဝတ်ရတနာတွေ ပြိုးပြိုးပြက်ပြက် ဝတ်ဆင်ထားသည့် ခပ်ဝဝ သက်လတ်ပိုင်း အမျိုးသမီး တစ်ယောက်က သူ့စကားကို ကြားဝင်ဖြတ် ပြောသည်။ သူမက အထင်အမြင်သေးစွာ ပြောသည်။

“အဲ့တာက သူမ အသုံးမကျတာပဲ။ သူမက သူမ ပိုင်ဆိုင်တဲ့ အမျိုးသားကိုတောင် မျက်စိဒေါက်ထောက် မကြည့်နိုင်ဘူး။ သူမက စေ့စပ်ကြောင်းလမ်း ဖျက်သိမ်း ခံရသင့်တယ်”

သူမ ထိုသို့ ပြောလိုက်သည့် အခိုက်အတန့်တွင် အကျင့်စာရိတ္တ ကောင်းမွန်စွာ ကြီးပြင်းလာသည့် အမျိုးသမီးတွေက မျက်မှောင်ကြုတ်ကာ မသိစိတ်ကနေ သူတို့အနားမှ ခပ်ခွာခွာနေရန် ခြေလှမ်း အနည်းငယ်ခန့် နောက်ပြန်ဆုတ် သွားကြသည်။

ဒီလူတချို့က သူ့တို့ကိုယ်တိုင် မိလ္လာတွင်းထဲမှာ ကျနေပြီး အခြားလူတွေကို သူတို့နဲ့ နစ်မြုပ်သွားအောင် ပြုလုပ်ချင်ပေမယ့် သူတို့က အဲ့လောက် မမိုက်မဲပါဘူး။

ဒီလူတွေဟာ သူတို့ကို အထင်သေးသွားမှန်း မသိကြပဲ သူတစ်ပါး၏အိမ်ထောင်ရေးကို ပျော်ရွှင်မြူးထူးစွာ လှောင်ပြောင် နေကြဆဲ ဖြစ်သည်။

“ငါ နင့်ကို ပြောမယ်၊ ဒီမစ်စုက တကယ့်ကို မိုက်မဲတာပဲ။ သူမက သူမရဲ့ မာနကို အကျမခံနိုင်တာနဲ့ ဒုက္ခိတတစ်ယောက်ကို လက်ထပ် ထိမ်းမြားခဲ့တယ်။ သူမ ဘဝတစ်လျှောက်လုံး ခေါင်းမော့ မနေနိုင်မှာကို ငါ စိုးရိမ်မိတယ်”

“အဲ့လို မပြောပါနဲ့။ ပြောရရင် ဦးလေးဟောက်က ဟောက်မိသားစုဝင် တစ်ယောက် ဖြစ်နေတုန်းပဲ။ သူ့လက်ထဲမှာ ပိုင်ဆိုင်မှု ဘယ်လောက် ရှိလဲ ဆိုတာ မသိနိုင်ဘူး၊ ဒီကျွန်းပေါ်မှာ ဘယ်လောက်တောင် အကုန်ကျခံထားလဲ ဆိုတာ မင်း မသိဘူး။ သာမန်လူတွေ တစ်သက်လုံး အလုပ်လုပ်ရင်တောင် ဒီလောက် ဝင်ငွေကို မရနိုင်ဘူး။ စုမိသားစုက သိပ်မချမ်းသာပေမယ့် သူတို့က ပုံရိပ် အဆင့်အတန်း မြင့်မားတယ်။ သူ သေဆုံးသွားတဲ့အခါ သူမက ဒီအမွေတွေကို ဆက်ခံနိုင်ပြီး နောက်ယောက်ျား ယူလို့ ရတယ်။ ဒါက လွတ်မြောက်ရာလမ်း မဟုတ်ပါလား”

ထိုစကားများ ထွက်လာသည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်မှ လူတိုင်း ဟက်ဟက်ပက်ပက် ရယ်မောကြသည်။

“ဒီကျွန်းက လှပပါတယ်၊ ဒါပေမယ့် ဒါကို အန်ကယ်ဟောက်က သူ့မျက်နှာကို ကယ်တင်ဖို့ ငှားထားတာလား ဆိုတာ ဘယ်သူ သိမှာလဲ။ နောက်ပြီး အန်ကယ်ဟောက်ကို ကြည့်ရတာ လူရည်မွန်တစ်ယောက်လို ဆိုပေမယ့် သူ့စိတ်နေစိတ်ထားက သိပ်မကောင်းဘူးလို့တောင် ငါ ကြားတယ်။ ဒါပေမယ့် အဲ့စကားက အမှန်ပဲ။ သူ မတ်တပ်တောင် မရပ်နိုင်ဘူးဆိုတော့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တွေ ရှိလာမှာ မလွဲမသွေပါပဲ”

“မစ်စုက သူနဲ့ လက်ထပ်ပြီးရင် သာယာလှပတဲ့ ဘဝမျိုးကို မရနိုင်တော့မှာကို ငါ စိုးရိမ်မိတယ်။ သူမက အပေါ်ယံမှာ ဆက်ဆံရေး ကောင်းသလို ဟန်ဆောင်နေပေမယ့် နောက်ကွယ်မှာ ဘယ်လောက်တောင် ဆိုးဆိုးရွားရွား နှိပ်စက်ခံရမလဲ ဆိုတာကို ဘယ်သူသိမှာလဲ။ မိုက်မဲတာက သူမရဲ့ အပြစ်ပဲလေ။ သူမက အခြားတစ်ယောက်ယောက်ကို လက်ထပ်နိုင်ပေမယ့် ဒီလို အသုံးမကျတဲ့ သူကိုမှ လက်ထပ်လိုက်တယ်။ သူမမိသားစုကလည်း သူမကို မတားခဲ့ကြဘူး။ သူတို့က ပိုက်ဆံ အရမ်းမက်တာပဲ။ ဆင့်အနည်းငယ်လောက်ကို မက်ကြီး သူတို့သမီးကို အဲ့လိုလူမျိုးနဲ့ လက်ထပ် ပေးလိုက်တာ သူတို့သမီးကို ရောင်းစားလိုက်တာနဲ့ မခြားဘူး”

ထိုအမျိုးသား၏ စကား ပြောပြီးပြီးချင်းမှာပင် သူ့နောက်ကျောကနေ အေးစက်နေသည့် အမျိုးသမီး တစ်ယောက်၏ အသံက ရုတ်တရက် ထွက်ပေါ်လာသည်။

“ငါ့ကလေးက မိုက်မဲလား မမိုက်မဲဘူးလား ဆိုတာကိုတော့ ငါမသိဘူး၊ ဒါပေမယ့် သူများ နောက်ကွယ်မှာ အတင်းအဖျင်း ပြောဆိုတဲ့ တချို့လူတွေလောက်တော့ မဆိုးသေးပါဘူး”

အတင်းပြောနေတဲ့ သူက အသံတိုး သွားသည်။ သူက သူ့အနားက လူတွေကသာ သူ့အသံကို ကြားနိုင်တယ်လို့ ထင်ခဲ့ပေမယ့် ရုတ်တရက် ထောက်ပြ ပြောဆို ခံလိုက်ရသည်။

သူက ချက်ချင်း ထိတ်လန့် တုန်လှုပ်သွားသည်။ “ဘယ်သူ... ဘယ်သူက ငါ ပြောနေတာကို ခိုးနားထောင်နေတာလဲ”

ထိုသို့ ပြောပြီးပြီးချင်းမှာပင် ရုတ်တရက် သူ့ခြေထောက်က နာကျင်သွားပြီး သူ့တစ်ကိုယ်လုံး ပစ်လှဲကျသွားသည်။ ဝုန်းခနဲ ကျယ်လောင်သော အသံဖြင့် မြေပေါ်သို့ လဲကျသွားသည်။

***