အပိုင်း ၂၅၉
Viewers 1k

အခန်း (၂၅၉)

 

သူတို့ဦးနှောက် ပျက်သွားတာလား

ကုရှောက်ယန်၏ စကားကို ကြားတော့ လူတိုင်း စုယွဲ့ထင်ကို ထိတ်လန့်တကြား ကြည့်လိုက်မိသည်။

ဒီလိုမျိုး ချောမောလှပပြီး နှစ်လိုဖွယ် ကောင်းသော အစ်မကြီးက သေစေလောက်အောက် အန္တရာယ် ကြီးလိမ့်မယ်လို့ မမျှော်လင့်ထားကြဘူး။

စုမိသားစုကသာ အေးဆေး တည်ငြိမ်နေတာ ဖြစ်သည်၊ အထူးသဖြင့် စုယန်ယန်ပေါ့။

သူမ၏ ကိုယ်ခံပညာ စွမ်းရည်ကို စုယွဲ့ထင်ထံမှ အရင်ဆုံး သင်ယူခဲ့တာ ဖြစ်သည်။ နောက်ပိုင်းတွင် စုယွဲ့ထင်က ခရီးလှည့်ပတ် သွားလာ‌နေတော့ သူမမိသားစုက သူမကို ကိုယ်ခံပညာ တရားဝင် သင်ကြားနိုင်ဖို့ အခြားသော ကျွမ်းကျင်သည့် နည်းပြအချို့ကို ရှာဖွေပေးခဲ့တာ ဖြစ်သည်။

ထို့အတွက်ကြောင့် သူတို့၏ ဆက်ဆံရေးသည် မိသားစုထဲတွင် အရင်းနှီးဆုံးဖြစ်ပြီး သူတို့ အကျင့်စရိုက်မှာလည်း တူညီကြသည်။

စုယန်ယန်ကမှ တော်သေးတယ်။ အနည်းဆုံးတော့ သူမက မတိုက်ခိုက်ခင်မှာ စကားပြောနိုင်သေးသည်။ ဒါပေမယ့် စုယွဲ့ထင်၏ ဒေါသကတော့ အရမ်းဆိုးရွားသည်။ သူမသည် အခြားသူများနှင့် တိုက်ခိုက်လျှင် လုံးဝ ပြန်မထနိုင်အောင် တိုက်ခိုက်တတ်သည့် လူမျိုး ဖြစ်သည်။

ဟောက်ရှောက်ဖုန်းနှင့် ဝမ်ကျင့်ဖျင်တို့ဟာ ကံမကောင်းစွာပဲ စုယွဲ့ထင်နှင့် တွေ့လိုက် ရတာကြောင့် ဆေးရုံသို့ ရောက်သွားကြတာ ဖြစ်သည်။

စုယန်ယန်နှင့် အခြားသူတွေက သူတို့အပေါ် စာနာစိတ် သိပ်မရှိကြပေ။ အဲ့ဒီအစား သူတို့ဟာ အနည်းငယ် စိတ်ကြည်နူး ပျော်ရွှင်မိကြသည်။

သူတို့က ဟောက်မိသားစုကို မင်္ဂလာဖိတ်စာ မပို့ပေးခဲ့ဘူး၊ ဒီလိုနေ့မျိုးမှာ ဒီအရူးစုံတွဲ၏ အကျည်းတန်သော မျက်နှာတွေကို မမြင်ချင်ကြဘူး။ ဒါပေမယ့် သူတို့ကို စက်ဆုပ်ရွံရှာနေမှန်း မသိကြပဲ သူတို့က ဒီကို အပြေးလာချင်ကြသည်။

“အန်တီလေး၊ သူတို့နဲ့ ရန်ဖြစ်လာတာလား။ အန်တီလေး အဆင်ပြေရဲ့လား”

“ငါ ဘာဖြစ်ရမှာလဲ။ သူတို့လို လူမျိုး ဆယ်ယောက်လောက် ဆိုရင်တောင် ငါ့ပြိုင်ဖက် မဖြစ်နိုင်သေးဘူး။ ဒီနေ့ နင့်မင်္ဂလာပွဲကြောင့်မို့ သူတို့ ကံကောင်းသွားတယ်၊ မဟုတ်ရင် ငါ သူတို့နှစ်ယောက်ကို ရေထဲ ဆွဲနှစ်ထားမိလိမ့်မယ်”

စုယွဲ့ထင်က အေးစက်စွာ ပေါက်ကွဲ လိုက်သော်လည်း အနည်းငယ် စိတ်မချမ်းမသာ ဖြစ်နေသေးသည်။

သူတို့နှစ်ယောက်၏ အသက်ကို အမှန်တကယ် မကယ်တင်လိုပေမယ့် သူမ သူတို့ကို ရေထဲ အချိန်ကြာကြာ နှစ်ထားလျှင် သူတို့ ဦးနှောက်ထဲ ရေတွေပြည့်လာပြီး ဦးနှောက် ပျက်စီးသွားကာ မိုက်မဲသွားလိမ့်မည်ဟု သူမ တွေးခဲ့သေးသည်။ ဒါမှသာ သူတို့ကို ဒုက္ခအများကြီးမှ ကယ်တင် ပေးနိုင်လိမ့်မည်။

စုယန်ယန်က သူမ ဆိုလိုချင်တာကို နားလည် သဘောပေါက်ပြီး ကျယ်ကျယ်လောင်လောင် ရယ်မောလိုက်သည်။ “ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်၊ အန်တီလေးက အကောင်းဆုံး ဆိုတာ သမီး သိတာပေါ့။ ဟောက်ရှောက်ဖုန်းလို လူပျော့မျိုးကို တစ်ယောက် နှစ်ယောက် မပြောနဲ့၊ ရှစ်ယောက် ဆယ်ယောက် လောက်တောင် အန်တီလေးက အသာလေး နိုင်တာပဲ။ ဒါပေမယ့် ချန်ဟွမ်းနဲ့ သမီးတို့ မင်္ဂလာပွဲ ချောချောမွေ့မွေ့ ဖြစ်စေခဲ့တဲ့အတွက် အန်တီလေးကို ကျေးဇူးတင်ပါတယ်။ အရာအားလုံးအတွက် ကျေးဇူးပါ အန်တီလေး”

စုယွဲ့ထင်က ဟောက်ချန်ဟွမ်းကို တစ်ချက် လှမ်းကြည့်လိုက်သည်။

“ဒါက နင့်ခင်ပွန်းလား”

စုယန်ယန်က ရှက်သွေးဖြာပြီး မိုက်မိုက်မဲမဲ အပြုံးလေးဖြင့် ပြောသည်။

“ဟုတ်တယ် အန်တီလေး၊ သူ့ကို ချန်ဟွမ်းလို့ ခေါ်လို့ ရပါတယ်”

စုယွဲ့ထင်က သူမမျက်လုံးတွေကို မှေးကျဉ်းလိုက်ပြီး သူ့ထံ တည့်တည့် လျှောက်သွားသည်။ “မင်းကြည့်ရတာ ရည်မွန်တဲ့ပုံပါပဲ၊ ဒါပေမယ့် ငါ မင်းကို ကာကွယ်ပေးသင့်လား မပေးသင့်ဘူးလား ဆိုတာကိုတော့ ငါ မသိဘူး။ သားမက်လေး၊ တစ်စုံတစ်ယောက်က မသန်စွမ်းသူနဲ့ လက်ထပ်တဲ့အတွက် ငါတို့ယန်ယန်ကို လှောင်ပြောင် ရယ်မောခဲ့တယ်။ သူတို့က ငါ့အစ်ကိုတို့ လင်မယားကိုပါ သမီးကို ရောင်းစားတယ်လို့ လှောင်ပြောင် လိုက်သေးတယ်။ နင် ဒါကို ဘယ်လို ဖြေရှင်းပေးမှာလဲ”

“ဘာလဲ” စုယွဲ့ထင်က ဒီလို ပြောလိုက်တာနဲ့ လူတိုင်း၏ မျက်နှာအမူအရာဟာ ပြောင်းလဲသွားသည်။

အံ့အားသင့် သွားပြီးနောက်တွင် လူအများက တစ်စုံတစ်ခုကို တွေးလိုက်မိပုံရပြီး စုယွဲ့ထင် ကန်လိုက်တာကို ခံလိုက်ရသည့် အမျိုးသမီးပေါ် အာရုံစိုက်လာကြသည်။ သူမသည် အခြားသူများ၏ အကူအညီဖြင့် မတ်တပ် ထရပ်နိုင်ခဲ့သော်လည်း သူမ၏မျက်နှာအမူအရာဟာ အတော်လေး ဆိုးရွားနေသည်။

“မဟုတ်ဘူး၊ အဲ့လို မဟုတ်ပါဘူး။ ငါ အဲ့လို မပြောခဲ့ဘူး...” ဒီအမျိုးသမီးဟာ အတင်းအဖျင်း ပြောရတာကို ကြိုက်နှစ်သက်ပေမယ့် သူမက လုံးဝ ရူးမိုက်နေသူတော့ မဟုတ်ပါဘူး။

တစ်စုံတစ်ယောက်၏ နောက်ကွယ်တွင် အတင်းအဖျင်း ပြောခြင်းနှင့် ထိုလူ၏ ရှေ့တွင် မကောင်း ပြောဆိုတာက လုံးဝ မတူပေ။

သူမသည် မိမိကိုယ်မိမိ ခုခံကာကွယ် လိုသော်လည်း စုယွဲ့ထင်က သူမစကားကို ဖြတ်ပြောလိုက်သည်။ “နင် ဆိုလိုချင်တာက၊ ငါကပဲ နင့်ကို မဟုတ်မမှန် စွပ်စွဲတယ်လို့ ပြောချင်တာလား”

“ရှင်တို့တွေလို့ ပြောလိုက်တာလား။ ဒါဆို ကျွန်မတို့ နောက်ကွယ်မှာ လူတစ်ယောက် ထက်မက ချန်ဟွမ်းနဲ့ ကျွန်မအကြောင်းကို အတင်းပြောနေကြတာလား”

စုယန်ယန်က စုယွဲ့ထင်၏ စကားများ နောက်ကွယ်မှ အဓိကအချက်ကို သိသိသာသာ ဖမ်းယူခဲ့မိသည်။ သူမက ဒီအမျိုးသမီး၏ ပတ်ဝန်းကျင်ရှိ လူအနည်းငယ်ကို စေ့စေ့စပ်စပ် လိုက်ကြည့်ခဲ့သည်။

“ရှင်တို့တွေ ကျွန်မခင်ပွန်းနဲ့ ကျွန်မတို့ရဲ့ မင်္ဂလာပွဲကို လာတက်ပြီး ရယ်ပွဲဖွဲ့ရဲတယ်ပေါ့။ ရှင်တို့ အရမ်း သတ္တိရှိတာပဲ။ ကောင်းတယ်၊ သိပ်ကောင်းတယ်”

***