အပိုင်း ၂၇၄
Viewers 1k

အခန်း (၂၇၄)

 

ရှင်က ဒီလိုလူမျိုး ဖြစ်လိမ့်မယ်လို့ ကျွန်မ မထင်ထားဘူး

 

သို့သော် ဤသည်မှာ အရက်စက်ဆုံး မဟုတ်သေးပေ။

 

သူ့ဇနီးသည်က ယုကျစ်ယန်၏ နောက်ကျောမှာ တန်းလန်းလေး ဖြစ်နေသေးတာကို မြင်လိုက်ရသည့် သွမ်းသွမ်းသည် သူလေး ထိုနေရာသို့ ပြေးခုန်မဝင်ခင် နှစ်စက္ကန့် သုံးစက္ကန့်လောက်သာ ကြောင်ကြည့် နေပြီးနောက် ခုန်ပျံကျော်လွှားသွားကာ ယုကျစ်ယန်၏ နောက်တင်ပါး တစ်ဖက်ကို ကိုက်ခဲလိုက်သည်။

 

လူတိုင်း၊ “...” ဘယ်လောက်တောင် သနားစရာ ကောင်းလိုက်လဲ။

 

စုယန်ယန်နှင့် ကျန်သူများက ယုကျစ်ယန်၏ အော်ငိုသံကြောင့် သတိပြန် မဝင်လာခင် တစ်စက္ကန့်မျှ အသိလွတ် နေခဲ့ကြသည်။ သူတို့က ကူညီပေးဖို့ ခြေလှမ်း စချင်ပေမယ့် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်နေခဲ့ကြသည်။ ဒီမြင်ကွင်းသည် ခဏတာမျှ ရှုပ်ထွေးသွားခဲ့သည်။

 

ဟွားဟွားက ရုတ်တရက် ပြေးထွက်လာပြီး ကိုက်ခဲလိမ့်မည်ဟု လင်းရှောင်ချီး တစ်ယောက် မထင်ထားခဲ့ပေ။ သူမသည် သတိပြန် မဝင်ခင် စက္ကန့် အနည်းငယ်ခန့် ထိတ်လန့် သွားခဲ့သည်။ သူမသည် ရှေ့သို့ပြေးသွားပြီး “ဟွားဟွား၊ သူ့ကို လွှတ်ပေးလိုက်၊ သူ့ကို မကိုက်ရဘူး” လို့ အော်လိုက်သည်။

 

စုယန်ယန်သည်လည်း အသိပြန်ဝင်လာပြီး ကမန်းကတန်း အော်ဟစ်လိုက်သည်။

 

 “ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်၊ သူ့ကို လွှတ်ပေးလိုက်။ နင်တို့ပါးစပ်ထဲ အရာအားလုံးကို မထည့်ရဘူးလေ။ ညစ်ပတ်တဲ့ အရာ တစ်ခုခုကို ကိုက်မိလို့ ဝမ်းလျှောကုန်ရင် ဘယ်လို လုပ်မလဲ”

 

ကျိုးယန်ပိုင်နှင့် ကျန်သူများ၊ “...” သခင်မလေး၊ ဒါက အဓိကအချက်လားဟင်။

 

ဒါပေမယ့် စုယန်ယန်၏ စကားများက အသုံးဝင်ကြောင်း လက်တွေ့ သက်သေပြနိုင်ခဲ့သည်။ ခွေးနှစ်ကောင်သည် သူမ၏ အော်ပြောသံကို ကြားလိုက် ရသောအခါ သူတို့၏ ခန္ဓာကိုယ်တွေ တောင့်တင်း သွားကြပြီး နောက်ဆုံး၌ သူတို့သည် ကိုက်ခဲထားရာမှ လွှတ်ပေးလိုက်ပြီး ယုကျစ်ယန် အပေါ်မှ ခုန်ချလာခဲ့ကြသည်။

 

ခွေးနှစ်ကောင်က ကိုက်နေရာမှာ လွှတ်ပေး လိုက်သည်နှင့် ယုကျစ်ယန်သည် နေရာ၌ပင် နောက်ထပ် အကြိမ် အနည်းငယ်ခန့် ခုန်ဆွခုန်ဆွ ဖြစ်သွားခဲ့သည်။ သူ့ ခန္ဓာကိုယ်က ‌ရှေ့သို့ မှောက်လျက် လဲကျသွားပြီး ကြမ်းပြင်ပေါ် မျက်နှာအပ် ကျသွားသည်။

 

ကံကောင်း ထောက်မစွာဖြင့် ရာသီဥတု အေးလာတော့ တစ်အိမ်လုံးကို ကော်ဇောအပြည့် ခင်းထားသည်။ မဟုတ်ရင်၊ သူ ပြုတ်ကျသွားသည့် အရှိန်ကြောင့် ရုပ်ပျက်ဆင်းပျက် ဖြစ်သွားမှာ သေချာပေါက်ပင်။

 

ကုရှောက်ယန်နှင့် ကျန်သူတွေက ကော်ဂီနှစ်ကောင် ယုကျစ်ယန်၏ ခန္ဓာကိုယ်မှ ခုန်ဆင်း သွားတာကို သေသေချာချာ စောင့်ကြည့်နေပြီးမှ သူ့ကို စစ်ဆေးပေးရန် ‌အရှေ့သို့ သတ္တိရှိရှိ ရှေ့တက် လာခဲ့ကြသည်။

 

သူ အသက်ရှင် နေသေးကြောင်း အတည်ပြုပြီးနောက် သူ့ခေါင်းကို ပုတ်ကာ “မင်း အသက်ရှင် နေသေးတာပဲ” လို့ သူတစ်ပါး ဒုက္ခရောက်တာကို ကျေနပ်အားရ နေသံဖြင့် ပြောလိုက်သံကို ကြားလိုက်ရသည်။

 

ယုကျစ်ယန်သည် သူ့ခေါင်းကို ရွှေ့ပြီး သူ့မျက်နှာပေါ် ကြမ်းပြင် ကော်ဇောကြား ဖွက်ထားပြီး ပြန်မမော့လာတော့ပေ။

 

သူ့ကို သေခွင့်ပြုပါ။ သူ၏ တစ်ခုတည်းသော ပြစ်မှုမှာ အစားအသောက် ခိုးစားခြင်းပဲ ဖြစ်ပေမယ့် လူများစွာ ရှေ့မှောက်မှာ ခွေးနှစ်ကောင်၏ ကိုက်တာကို ခံလိုက်ရသောကြောင့် ဒီဘဝ၏ သူ့နာမည်ဂုဏ်သတင်းက လုံးဝ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

 

ယုကျစ်ယန်သည် နာကျင်ရှက်ရွံ့ နေခဲ့သည်။ သူသည် လွန်ခဲ့သည့် နာရီဝက်ခန့်ကို ပြန်သွားပြီး အစားအသောက်၏ သွေးဆောင်မှုမှာ နစ်မြောနေသည့် သူ့စိတ်ဝိညာဉ်ကို လှုပ်နှိုးပြီး နိုးထလာစေဖို့ ဆန္ဒရှိခဲ့သည်။

 

လင်းရှောင်ချီးသည် မတုံးအပါဘူး။ ယုကျစ်ယန်နှင့် သူတို့တွေက တစ်ယောက်နှင့် တစ်ယောက် ဘယ်လောက်တောင် ရင်းနှီးကျွမ်းဝင်နေလဲ ဆိုတာကို မြင်တွေ့လိုက်ရတော့ ယုကျစ်ယန်သည် ဟောက်ချန်ဟွမ်း၏ မိသားစုမှ ဖြစ်ကောင်း ဖြစ်နိုင်တာကို သူမ သိလိုက်ရသည်။ သူမသည် အနည်းငယ် ကိုးရိုးကားရား နိုင်သလို ခံစားရပြီး ဟွားဟွားကို ပွေ့ဖက်ထားကာ “ကျွန်မ တောင်းပန်ပါတယ်” လို့ ပြောလိုက်သည်။

 

ဟောက်ချန်ဟွမ်းသည် ယုကျစ်ယန်ကို ခပ်ပေါ့ပေါ့ ကြည့်လိုက်သည်။

 

“တောင်းပန်ဖို့ မလိုအပ်ပါဘူး။ သူ ဘာဖြစ်လို့ ဒီလို လုပ်ရတာလဲ ဆိုတာကိုပဲ မေးခွန်း ထုတ်ရမှာပါ”

 

သူက စားပွဲဝိုင်းမှာ ဝင်ထိုင်ရမယ့်အစား စားပွဲခုံအောက်မှာ ပုန်းအောင်းနေဖို့ကို ဘာဖြစ်လို့ ရွေးချယ်ခဲ့တာလဲ။ ဒါကို ခန့်မှန်းရ လွယ်ပါတယ်။

 

ဒီကောင်စုတ်က အရမ်းမိုက်မဲတယ်။ သူ တံခါးကို မခေါက်ပဲ ဝင်တာက ပထမဆုံးအကြိမ် မဟုတ်တော့ဘူး။

 

ဒါက သူ့ကို သင်ခန်းစာတစ်ခု သင်ပေးဖို့ အကောင်းဆုံး အခွင့်အရေးပဲ။ နောက်တစ်ကြိမ် သူ ဒီလိုမျိုး ထပ်လုပ်ဝံ့ရင် သူ့ကို ဝင်ခွင့်ပိတ်ပြီး အဝေးလွှတ်လိုက်မည်။

 

“???”

 

ထိုအချိန်တွင် ယုကျစ်ယန်သည် သူ့သခင်လေး၏ ယုတ်မာသော ရည်ရွယ်ချက်ကို မသိခဲ့ပေ။ ဟောက်ချန်ဟွမ်း၏ စကားကို ကြားတော့ သူက တိုးတိုးလေး အော်ဟစ်လိုက်ပြီး လဲလျောင်း နေရာမှ မထလာပဲ သူ့မျက်နှာကို ကော်ဇောပေါ်မှာပဲ နစ်မြှုပ်ထားသည်။

 

စုယန်ယန်က သူ့အတွက် စိတ်မကောင်းဖြစ်မိပြီး နူးညံ့စွာ မေးလိုက်သည်။

 

“ရှင် ဘာဖြစ်လို့ စားပွဲခုံအောက်မှာ ပုန်းနေတာလဲ။ ရှင် ရှောင်ချီးကို အခွင့်ကောင်းယူဖို့ ကြိုးစားနေတာလား”

 

ယုကျစ်ယန်၏ တစ်ကိုယ်လုံး တုန်ယင်သွားကာ သူ့မျက်နှာနှင့် တင်ပါးမှ နာကျင် ကိုက်ခဲမှုများကိုပင် ဂရုမစိုက်နိုင်တော့ပဲ အတင်း လူးလဲ ထလာသည်။ သူက စိုးရိမ်တကြီး ပြောလိုက်သည်။

 

 “မဟုတ်ဘူး၊ မဟုတ်ဘူး၊ ကျွန်တော့်မှာ သေချာပေါက် အဲ့လိုအတွေးမျိုး မရှိဘူး”

 

“ဒါဆိုရင် ဘာဖြစ်လို့လဲ”

 

ယုကျစ်ယန် တစ်ယောက် သူ့ပါးစပ်ကို ဖွင့်ဟလိုက်ပေမယ့် မည်သည့် စကားလုံးမျှ ထွက်ရှိမလာပေ။

 

သူ ပြန်မဖြေတာကို မြင်တော့ စုယန်ယန်သည် သူမ အတွေးတွေ ပိုသေချာလာသလို ခံစားလိုက်ရသည်။ ယုကျစ်ယန်ကို ကြည့်နေသည့် သူမ၏ အကြည့်တွေမှာ နာကျင် စိတ်ပျက်ခြင်းများ ပြည့်နှက်နေပြီး “ရှင့်ကို ဒီလိုလူမျိုး ဖြစ်နေလိမ့်မယ်လို့ ကျွန်မ မထင်ထားဘူး”ဟု ပြောနေသလိုပင်။

 

ယုကျစ်ယန်၊ “???” ကျွန်တော် အပြစ်ကင်းပါတယ်။

***