အပိုင်း ၂၇၈
Viewers 1k

အခန်း (၂၇၈)

နင့်ခြေထောက်ကို ဖက်တွယ်ဖို့ လူလိုသေးလားဟင်

 

တခစ်ခစ် ရယ်မောရင်း စုယန်ယန်၏ မျက်ဝန်းတွေက ရွှန်းလဲ့တောက်ပ လာသည်။ “ယောကျာ်းတွေက ပိုက်ဆံရှိရင် ဆိုးလိမ့်မယ်။ ငါတို့က သူတို့ကို ဘာဖြစ်လို့ ဆင်းရဲသွားအောင် မလုပ်နိုင်ရမှာလဲ”

 

“နင့်အမျိုးသားက ဒီလောက်ကြီးတဲ့ အိမ်‌တော်မျိုးကိုတောင် ပိုင်ဆိုင်တာ၊ သူ့မှာ ဘယ်လိုလုပ်ပြီး ပိုက်ဆံမရှိပဲ နေမှာလဲ”

 

“ဒီအိမ်ကို သူပိုင်တာလို့ ဘယ်သူပြောလဲ”

 

လင်းရှောင်ချီးက မျက်တောင် ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားသည်။ ထို့နောက် သူမသည် တစ်ခုခုကို တွေးမိသွားပုံရပြီး သူမ၏ မျက်ဝန်းများ ရုတ်တရက် ပြူးကျယ်သွားသည်။

 

“ဒါက သူပိုင်တာ မဟုတ်ဘူးလား။ သူ ငှားရမ်းထားတာ ဖြစ်နိုင်လား။ ဒါ ဖြစ်နိုင်တယ်။ မင်္ဂလာပွဲ တစ်ခုအတွက် ကျွန်းတစ်ကျွန်းကို အိမ်တော်တစ်ခု ဆောက်ဖို့ ဝယ်တာ အရမ်း ကြီးကျယ်လွန်းတယ်။ တကယ်တော့ နင့်အတွက် ဒီလို အိမ်မက်ထဲက မင်္ဂလာဆောင်လိုမျိုး ကျင်းပနိုင်ဖို့ စီစဉ်တာကတင် သူ အရမ်း စဉ်းစားပေးရာ ရောက်နေပါပြီ”

 

“နင် ဘာတွေးနေတာလဲ။ ဒီကျွန်းကို ငှားထားတာ မဟုတ်ပါဘူး”

 

“ငှားထားတာ မဟုတ်ဘူးလား။ နင်ပဲ ပြောတော့...”

 

“ဒီကျွန်းက အရင်က သူပိုင်တာ၊ ဒါပေမယ့်...” စုယန်ယန်က သူမမေးစေ့ကို ပင့်မော့လိုက်ပြီး သူမရဲ့ အချစ်ဆုံး သူငယ်ချင်းကို ဘဝင်ခိုက်စွာ ကြည့်ကာ “အခုတော့ ငါ့အပိုင် ဖြစ်သွားပြီလေ”

 

“နင့်အပိုင်လား” လင်းရှောင်ချီးဟာ အံ့သြလွန်းလို့ ထအော်မိလုမတတ် ဖြစ်သွားသည်။

 

“ဟုတ်တယ်၊ သူ ငါ့ကို လက်ထပ်ခွင့်တောင်းတုန်းက ငါ့ကို ပေးခဲ့တာ။ ဒါတင် မကဘူး၊ သူက တင်တောင်းပ စ္စည်းအနေနဲ့ အိမ်ရာမြေကွက်တွေ အများကြီးကိုလည်း ပေးခဲ့သေးတယ်။ ငါ့မိဘတွေကို အဲ့တာတွေကို သူတို့အတွက် လက်မခံပဲ သူတို့က ငါ့ကိုပဲ ခန်းဝင်ပစ္စည်းအနေနဲ့ ပြန်ပေးခဲ့တယ်”

 

စုယန်ယန်သည် ဤသို့ ပြောပြီးနောက် အချိန်အတော်ကြာအောင် လင်းရှောင်ချီးဘက်မှ လှုပ်ရှားသံကို မကြားရတော့သည့်အတွက် လှည့်ကြည့်လိုက်ရာ လင်းရှောင်ချီး၏ တလက်လက် တောက်ပနေသော မျက်ဝန်းတွေကို မြင်တွေ့လိုက်ရသည်။

 

“အချစ်လေး၊ နင့်ကို ခြေထောက်ဖက်မယ့်သူ လိုသေးလားဟင်”

 

စုယန်ယန်က ငြင်းပယ် လိုက်သည်၊ “နင်က လေးလွန်းတယ်။ နင် ငါ့ကို ဖက်တွယ်ထားရင် ငါ လမ်းမလျှောက်နိုင်လောက်ဘူး။ ငါ နင့်ကို မလိုချင်ပါဘူး”

 

လင်းရှောင်ချီးသည် ပြင်းထန်သော ထိုးနှက်မှုဒဏ်ကို ခံစားလိုက်ရသလိုမျိုး သူမ၏ ရင်ဘတ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားခဲ့သည်။

 

“တကယ်လို့ လူတွေက အချစ်သစ်ကို တွေ့တာနဲ့ အချစ်ဟောင်းကို မေ့သွားကြတာ အမှန်ပဲ။ ရှင် ကျွန်မကို စစချင်း ချစ်ကျွမ်းဝင်တဲ့ အချိန်တုန်းကလေ ရှင် ကတိကဝတ်တွေ အမျိုးမျိုး ပေးခဲ့ပြီး ချိုမြိန်တဲ့ စကားလုံးတွေ အများကြီး ပြောခဲ့တယ်။ မင်းလိုချင်တယ်ဆိုရင် ကြယ်တွေနဲ့ လတွေကိုတောင် ခူးဆွတ် ပေးနိုင်တယ်လို့ ရှင် ပြောခဲ့တယ်။ အခုတော့ ရှင်က ပိုကောင်းတဲ့ တစ်ယောက်ကို တွေ့သွားတော့ ကျွန်မက အတိတ်တုန်းက လရောင်ဖြူလေး ဖြစ်သွားခဲ့ပြီး မနေ့ကရဲ့ အဝါရောင် ပန်းပွင့်လေး ဖြစ်သွားခဲ့ပြီ။ ဒါက အရမ်းဝမ်းနည်းဖို့ ကောင်းတာပဲ”

 

စုယန်ယန်၏ နှုတ်ခမ်းထောင့်စွန်းတွေက တုန်ယင် သွားပေမယ့် သူမ၏ မျက်နှာပေါ်ဝယ် အေးစက်ပြီး အကျင့်မကောင်းတဲ့ လူလို သရုပ်ကို ထိန်းသိမ်း ထားနေတုန်းပါပဲ။

 

“မင်း လက်လျှော့လိုက်ပါတော့။ ငါက ငါ့ရဲ့အချစ်စစ်ကို ရှာတွေ့သွားပြီ။ ငါတို့က မဖြစ်နိုင်တော့ဘူး။ ဒါပေမယ့် မင်း ဆန္ဒရှိမယ်ဆိုရင်၊ ငါတို့သားလေးကို ဒီနောင်တအတွက် အစားထိုးပေးနိုင်ပါတယ်”

 

လင်းရှောင်ချီး၏ မျက်နှာအမူအရာဟာ အနည်းငယ် ပြောင်းလဲသွားပြီး သူမသည် ဟန်ဆောင်ပန်ဆောင် ငိုကြွေးနေတာကို ရပ်တန့်လိုက်သည်။ လင်းရှောင်ချီးက ခါးထောက်လိုက်ပြီး “ကောင်းပြီ၊ ကျွန်မ ရှင့်ကို ငတုံးမလို့ မပြောတော့ပါဘူး၊ ဒါပေမယ့် ကျွန်မမိသားစုရဲ့ ပလေးဘွိုင်းကို မက်မောဖို့ သတ္တိရှိဝံ့တယ်ပေါ့။ ရှင် ကျွန်မကို ချစ်လွန်းလို့ ဒီလိုကြံတာ မဟုတ်ဘူးလား။ ရှင် အရမ်းလွန်သွားပြီ။ ကျွန်မ ဒီအိမ်ထောင်ရေးကို ဘယ်တော့မှ သဘောမတူနိုင်ဘူး”

 

ကံကောင်း ထောက်မစွာဖြင့် က‌လေးနှစ်ကောင်က အစာစားပြီး ပျော်ရွှင်စွာ ပြေးထွက် လာခဲ့သည်။ ဒီလိုမှမဟုတ်ရင်၊ ဒရာမာကွင်း နှစ်ဦးကြား ပေါက်တတ်ကရ ပြောဆိုနေတာကို သွမ်းသွမ်းလေး ကြားသွားခဲ့ရင်၊ သူလေး တကယ် ယုံကြည်သွားပြီး မြေကြီးပေါ်လှဲချကာ အရှက်ကင်းမဲ့စွာ လှိမ့်နေလိမ့်မယ်။

 

“ဟူး...” စုယန်ယန်က သူ့ကလေးအတွက် စိုးရိမ်ပူပန်နေသည့် အမယ်အို တစ်ယောက်လို သက်ပြင်း ချလိုက်သည်။

 

“ဒါက မမှန်ပါဘူး။ ငါတို့သွမ်းသွမ်းက အရမ်းကောင်းတယ် မဟုတ်ဘူးလား။ သူက ရိုးသားပြီး ဟွားဟွားအပေါ် သစ္စာရှိတယ်။ ဟွားဟွားက သူ့အနားမှာ မရှိဘူးဆိုရင်တောင် တခြား ခွေးတစ်ကောင်ကိုရှာဖို့ သူ ဘယ်တုန်းကမှ မတွေးခဲ့ဘူး။ ဘယ်လောက် သစ္စာရှိလိုက်တဲ့ ခွေးလေးလဲ”

***

 

“အခုဆို ငါ့မှာ ချောမောပြီး ချမ်းသာတဲ့ အဖေလည်း ရှိတယ်။ ငါ့ရဲ့ အသားတင်ပိုင်ဆိုင်မှုက တဟုန်ထိုး မြင့်တက်လာပြီး ငါ့ကို ခွေးမျိုးနွယ်ကြားမှာ မင်းမျိုးမင်းနွယ်တစ်ဦးလို့ ယူဆနိုင်တယ်။ ငါက အလှပဆုံး ကော်ဂီခွေးလေးပဲ။ ငါက မင်းရဲ့ဟွားဟွားအတွက် ပြီးပြည့်စုံတဲ့ လက်တွဲဖော်တစ်ဦးပါ”

 

စုယန်ယန်ရဲ့ သွမ်းသွမ်းဟန်ဆောင်ပြီး အရှက်ကင်းမဲ့သော ကြွားဝါသံကို နားထောင်ရင်း လင်းရှောင်ချီးတစ်ယောက် မရယ်ပဲ မနေနိုင်‌တော့ပေ။ “သူက ဘယ်လောက်ပဲ ကောင်းနေပါစေ၊ ငါတို့မိသားစုရဲ့ ဟွားဟွားက သူ့ကို သ‌ဘောမကျရင် ဘာမှ အသုံးမဝင်ဘူး”

 

သူမရဲ့ ပြောစကားဆုံးဆုံးချင်မှာပင် ဂိတ်တံခါးဝနားကနေ ကျယ်လောင်သော ခွေးဟောင်သံတစ်ခုနှင့် အမျိုးသမီးတစ်ဦးရဲ့ စူးစူးဝါးဝါးအော်ဟစ်သံတွေက ထွက်ပေါ်လာခဲ့သည်။

 

စုယန်ယန်နှင့် လင်းရှောင်ချီးတို့ရဲ့ မျက်နှာအမူအရာတွေက ပြောင်းလဲသွားသည်။ သူတို့နှစ်ယောက်သား ဒါန်းပေါ်မှ ခုန်ဆင်းပြီး ဂိတ်တံခါးဝသို့ အပြေးသွားခဲ့ကြသည်။