အပိုင်း ၂၇၉
Viewers 1k

အခန်း (၂၇၉)

ငါ မင်းကို ဘာမှ မလုပ်နိုင်ဘူးလို့ ဘယ်သူ ပြောလဲ။

 

စုယန်ယန်နှင့် လင်းရှောင်ချီးတို့ နှစ်ယောက်သား ခြံနောက်ဖေးမှ ပြေးထွက် လာသောအခါ သူတို့သည် ဟွားဟွား၏ အမွေးလေးများ ထောင်ထနေသည်ကို တွေ့လိုက်ရသည်။ ဟွားဟွားသည် သူတို့ကို မာန်ဖီနေရင်း သူတို့ကို ကိုက်ခဲနေသည်။

 

ရယ်စရာ အကောင်းဆုံးကတော့ အပြင်မှာ အလွန် ဂုဏ်ယူဝံ့ကြွားပြီး မောက်မာသည့် မစ္စဟောက်တစ်ယောက် သူမခြေထောက်တွေ ခွေယိုင်ကျလုမတတ် ဖြစ်နေလို့ပါပဲ။ သူမသည် သူမခင်ပွန်းသည်၏ ဘောင်းဘီကို ဆွဲကိုင်ထားရင်း ကျယ်လောင်စွာ အော်ဟစ်နေခဲ့သည်။

 

မစ္စဟောက်တစ်ယောက် ဆွဲကိုင်ထားသည်မှာ ပြင်းထန်လွန်းသဖြင့် ဟောက်ချီဟန်၏ ဘောင်းဘီဟာ ကျွတ်ကျလုမတတ် ဖြစ်သွားသည်။

 

စုယန်ယန်သည် မျက်ခုံးပင့်လိုက်သည်။ ဒီလိုမြင်ကွင်းမျိုးက အလွန် ရင်းနှီးနေသလိုပင်။

 

ဟောက်ချီဟန်၏ မျက်နှာဟာ နီရဲနေခဲ့၏။ သူ ပထမဆုံး စရောက်ချိန်တုန်းကလို ရန်လိုနေမှုဟာ လုံးဝ ပျောက်ကွယ် သွားခဲ့သည်။ ဒေါသများသာ သူ့ဗိုက်ထဲမှာ ပြည့်နှက်နေရင်း ကျန်ရစ်ခဲ့သည်။

 

သူ့ဘောင်းဘီကို ဆွဲထုတ်ဖို့ ကြိုးစားနေရင်း အံကြိတ်ကာ ထိုခွေးနှစ်ကောင်ကို ကန်ဖို့ ကြိုးစားခဲ့သည်။

 

စုယန်ယန်၏ မျက်ဝန်းများက အေးစက်သွားပြီး သူမ၏ မျက်နှာအမူအရာဟာ မည်းမှောင်သွားသည်။

 

ကံကောင်း ထောက်မစွာဖြင့် မစ္စဟောက်က သူတို့ကို ထိန်းသိမ်း ထားနိုင်စွမ်း ရှိသည်။ ဟောက်ချီဟန်၏ ကန်ချက်သည် ခွေးနှစ်ကောင်ကို ထိခိုက်နာကျင်စေခြင်း လုံးဝ မရှိခဲ့ပေ။ အဲ့ဒီအစား၊ သူက တုန်တုန်ယင်ယင်ဖြင့် လဲကျလုမတတ် ဖြစ်သွားသည်။

 

ခွေးနှစ်ကောင်ကို လွှတ်ပေးဖို့ ချော့ဟန်ဆောင်ပြီး အနားမှာ ရပ်နေသော ဦးလေးကျန်းက ဒီမြင်ကွင်းကို မြင်တော့ သူ့မျက်နှာဟာ ပျက်ယွင်းသွားပြီး အေးစက်စွာ ပြောသည်။

 

 “ဥက္ကဌဟောက်၊ ဒီခွေးက သခင်မလေးရဲ့ အချစ်ဆုံးခွေးလေးပါ။ တကယ်လို့ ဥက္ကဌဟောက်က ဒီခွေးလေးကို နာကျင်စေခဲ့ရင်၊ မင်း သခင်မလေးကို ရှင်းပြဖို့ မလွယ်ကူမှာကို ကျွန်တော်ကြောက်တယ်။”

 

“ဥက္ကဌဟောက်” ဟူသော စကားလုံးသည် ချစ်ခင်ရင်းနှီးသော “သခင်မလေး” ဟူသော စကားလုံးနှင့် လုံးဝခြားနားပြီး ဒါကိုကြည့်လျှင် ဦးလေးကျန်း၏ သဘောထားကို အပြည့်အဝ ပြသထားသည်။

 

ဟောက်ချီဟန်သည် ထိုကဲ့သို့သော ဦးစားပေး ဆက်ဆံမှုကို အမြဲတမ်း ဆတ်ဆတ်ထိမခံ ဖြစ်လေ့ရှိသည်။ သူ့မျက်နှာဟာ ချက်ချင်း မည်းမှောင်သွားပြီး ဒေါသတကြီး ရယ်မောလိုက်သည်။

 

“ရှင်းပြချက်လား။ ငါက သူ့ကို ဘာရှင်းပြဖို့ လိုလို့လဲ။ ဒါက အိမ်မွေးတိရစ္ဆာန်တစ်ကောင်ပဲ။ ဒီနေ့ ငါ ဒီခွေးကို သတ်လိုက်ရင်တောင် သူမက ငါ့ကို ဘာလုပ်နိုင်မှာမို့လဲ။”

 

ဦးလေးကျန်း၏ မျက်နှာသည် အေးစက်နေပြီး မည်သည့် မှတ်ချက်မျှ မပေးပေ။

 

သူသည် ဤအကြီးဆုံး သခင်လေးကို ယခင်က ချစ်မြတ်နိုးခဲ့သော်လည်း ကံမကောင်းစွာဖြင့် ဤသူသည် မျက်လုံးဖြူ ဝံပုလွေတစ်ကောင် ဖြစ်နေခဲ့သည်။

 

ဟိုတုန်းကတော့ မဒမ်နှင့် သခင်ကြီးတို့က သူ့ကို ချစ်မြတ်နိုးပြီး အရာအားလုံးကို ပေးခဲ့သည်။ နောက်ဆုံးတော့ သူတို့ ကွယ်လွန်သွားတာနဲ့ သူ့ ဇာတိရုပ်ကို ထုတ်ဖော်ပြသဖို့ မစောင့်ဆိုင်း နိုင်တော့ပေ။

 

သူသည် ဟောက်မိသားစု၏ ပိုင်ဆိုင်မှု အားလုံးကို လက်ဝါးကြီး အုပ်ချင်ရုံသာမက ထိုအချိန်က အသက်မပြည့်သေးသော သခင်လေးကိုပါ ဟောက်မိသားစုမှ နှင်ထုတ်လိုခဲ့သည်။

 

ကံကောင်း ထောက်မစွာဖြင့် သခင်ကြီးသည် ဟိုအရင်ကပင် သခင်လေးထံ အိမ်ခြံမြေ အချို့ကို လွှဲပြောင်းပေးပြီးသား ဖြစ်သည်။ မဟုတ်ရင်...

 

ဤကဲ့သို့ ယုတ်ညံ့ပြီး အကြင်နာတရား ကင်းမဲ့သော လူ့အညစ်အကြေးသည် ဟောက်မိသားစု၏ အိမ်တွင် အချိန်အကြာကြီး နေထိုင်ခဲ့သော ဒီလူကြီးတွေ၏ နှလုံးသားကို အေးခဲသွားစေခဲ့သည်၊ သူ့အပေါ် ထားတဲ့ သူတို့၏ သဘောထားက အရင်လို သိပ်မကောင်းတော့ဘူး။

 

တစ်ဖက်တွင်မူ ဟောက်ချီဟန်သည် မိမိကိုယ်မိမိ အရမ်း အထင်ကြီးလွန်းသည်။ ဒီလူတွေက သူတို့ အထက်လူကြီးတွေကို စော်ကားပြီး သူ့အပေါ် အကြွေးတင်နေတယ်လို့ သူက ယူဆသည်။

 

“ငါ မင်းကို ဘာမှ မလုပ်နိုင်ဘူးလို့ ဘယ်သူ ပြောလဲ။”

 

မင်္ဂလာဆောင် ဒုတိယနေ့တွင် စုယန်ယန်သည် ထိုဆိုးယုတ်သော သူများနှင့် စကားငြင်းခုံဖို့ ရည်ရွယ်ချက် မရှိခဲ့ပေ။

 

ဟောက်ချီဟန်၏ စကားကို ကြားတော့ စုယန်ယန်သည် နှာခေါင်းရှုံ့ပြီး လမ်းလျှောက် ထွက်လာကာ ခွေးနှစ်ကောင်ကို ဆွဲယူသွားပြီး သူမရင်ခွင်ထဲ ဖက်ပွေ့ ထားလိုက်သည်။

 

“သနားစရာ က‌လေးလေး။ မင်းအိမ်မှာ မင်းနေပြီး ဒီလို မျက်စိမကောင်းတဲ့ အပြင်လူတွေရဲ့ အနိုင်ကျင့်ခြင်းကို ခံနေရတယ်။ မကြောက်ပါနဲ့၊ မကြောက်ပါနဲ့။ မေမေ ဒီကို ရောက်လာပြီလေ။”

 

ပထမတော့ သွမ်းသွမ်းသည် ဟွားဟွား အားကိုးနိုင်သည့် ခွေးတစ်ကောင် ဖြစ်လာဖို့ မျှော်လင့်ပြီး ခွေးတစ်ကောင်လို ဟောင်နေသေးသည်။

 

သူ့သခင်၏ စကားကို ကြားလိုက်သည့် အခိုက်အတန့်မှာ သူလေးက ချက်ချင်းဆိုသလို ပျော့ခွေသွားသည်။ သူလေးက သနားစရာ ကောင်းသော ငိုကြွေးသံလေး ထွက်လာပြီး မာနဝင့်ကြွားနေသည့် ခွေးတစ်ကောင်မှသည် သနားစရာကောင်းသော ခွေးလေးအသွင်သို့ ချက်ချင်း ပြောင်းလဲ သွားခဲ့သည်။

 

ဟွားဟွားက သူ့ကို အထင်သေးသည့် အကြည့်ဖြင့် ကြည့်လိုက်သည်၊ ထိုအကြည့်ထဲတွင် “နင့်လို ရှက်စရာကောင်းတဲ့ ခွေးကို ငါ ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ”

 

စုယန်ယန်၏ စကားကို ကြားသောအခါ ဟောက်ချီဟန်သည် ဒေါသတကြီး ရယ်မောလုနီးပါးပင် ဖြစ်သွားခဲ့သည်။

 

“ဘာကို အပြင်လူလဲ။ ငါက ဟောက်ချန်ဟွမ်းရဲ့ အစ်ကိုကြီးဖြစ်ပြီးတော့ ဟောက်မိသားစု ခေါင်းဆောင်ပဲ။ နင်က ဒီကို အချိန်ကိုက် ရောက်လာတာပဲ။ နင် မွေးထားတဲ့ ဒီအစုတ်ပလုတ် နှစ်ကောင်ကို ကြည့်စမ်းပါဦး။ နင့်မရီးဆို သူတို့ကို ဘယ်လောက် ကြောက်သွားလိုက်သလဲ။ မြန်မြန် သူတို့ကို လွှတ်ပစ်လိုက်။ နင် နောင်မှာ ဒီခွေးတွေကို အိမ်မှာ မွေးခွင့်မရှိဘူး”

***