အခန်း
(၂၈၀)
ဒါက
မင်းတို့စုမိသားစုရဲ့ သွန်သင်ဆုံးမထားတဲ့ ပုံစံလား။
စုယန်ယန်သည်
သူမခွေးကို သတ်ချင်သော ဒီအရူးအား ဒေါသအမျက် ချောင်းချောင်း ထွက်နေပြီ ဖြစ်သည်။ သူမအနားမှာ
သူ၏သြဇာပေးနေသော အသံကို ကြားလိုက်ရသော အခါတွင် သူမသည် ရှေ့သို့ လှမ်းတက်ပြီး သူ့ကို
ကန်ကျောက်လုနီးပါး ဖြစ်သွားသည်။
ထိုအခိုက်အတန့်တွင်
ဦးလေးကျန်းသည် သူမမှာ ပြောစရာ အားနည်းချက် ရှိသွားမည်ကို စိုးရိမ်နေသဖြင့် သူက ရှင်းပြလိုက်သည်။
“သခင်မလေး၊
ဒါက ဒီလိုပါ။ သွမ်းသွမ်းနဲ့ ဟွားဟွားတို့ အိမ်ရှေ့ခြံဝန်းထဲမှာ ကစားနေကြစဉ် ဥက္ကဌဟောက်နဲ့
မဒမ်ဟောက်တို့က ရုတ်တရက် ရောက်လာကြတယ်။ သူတို့က သွမ်းသွမ်းကို တွေ့တာနဲ့ ရုတ်တရက် ပြေးလာပြီး
သွမ်းသွမ်းကို ကန်ကျောက်လိုက်ကြတယ်။ ဟွားဟွားက ဒီမြင်ကွင်းကိုမြင်ပြီး သူမက မဒမ်ဟောက်ကို
ကိုက်လိုက်တာပါ”
ဦးလေးကျန်း၏
ရှင်းပြချက်ကို ကြားပြီးနောက် သူမမေးစေ့ကို အနည်းငယ် မော့ကာ ရှေ့က အရာအာလုံးကို ငုံ့ကြည့်နေသော
ဟွားဟွားသည် ဦးလေးကျန်းကို လက်နောက်ပြန်ဖြင့် ပုတ်လိုက်သည်။ ဦးလေးကျန်းဟာ အလွန် အသုံးမကျတာလား
ဒါမှမဟုတ် သူ ဒီလို ဟာသလုပ်မိလို့ စိတ်မပျော်မရွှင် ဖြစ်နေတာလား ဆိုတာကို သူမ မသိပေ။
မထင်မှတ်
အရိုက်ခံရတယ်လို့ အဆိုခံလိုက်ရသည့် သွမ်းသွမ်း၊ “???”
ဦးလေးကျန်း၏
စကားကို ကြားသောအခါ စုယန်ယန်၏ မျက်နှာအမူအရာဟာ ပြောင်းလဲသွားသည်။ သူမသည် သွမ်းသွမ်းကို
ပင့်မြှောင်လိုက်ပြီး စိုးရိမ်ကြောင့်ကြစွာ မေးလိုက်သည်၊
“အကန်ခံလိုက်ရတာလား။
ဘယ်မှာလဲ။ အမေ့ကို ပြပါဦး”
ခွေးလေးသည်
သူ့သခင်မက ဆော့ကစား နေတယ်လို့ တွေးမိတာကြောင့် အားနည်းဟန်ဆောင်ကာ သူ့သခင်မလက်ထဲ လဲကျသွားသည်။
သို့သော်
စုယန်ယန်သည် သူ့လုပ်ရပ်ကြောင့် သေလုမတတ် ထိတ်လန့်သွားသည်။
“သွမ်းသွမ်း၊ ဘာဖြစ်သွားတာလဲ။ အမေ့ကို မခြောက်ပါနဲ့။
အမေ အခုပဲ မင်းကို ဆရာဝန်ဆီ ခေါ်သွားပေးမယ်။ အဆင်ပြေသွားမှာပါ”
ထိုသို့
ပြောလိုက်ရင်း သူမသည် သွမ်းသွမ်းလေးကို ပွေ့ချီကာ ဟောက်ချီဟန်ကို မည်းမှောင်သော မျက်နှာဖြင့်
ထွီ...ဆိုပြီး တံတွေး ထွေးလိုက်သည်။
“ရှင်က
ဘာကို ပြောချင်တာလဲ။ ရှင်က ချန်ဟွမ်းရဲ့ အစ်ကိုကြီး ဖြစ်ပြီးတော့ ဟောက်မိသားစု ခေါင်းဆောင်
ဟုတ်လား။ ဒါတွေက ရှင်နဲ့ ထိုက်တန်လို့လား။ ဒီနေ့ ကျွန်မ ကလေး ဘာမှ ဖြစ်မသွားရင် ကောင်းလိမ့်မယ်၊
ဒါပေမယ့် ကျွန်မ ကလေးကို ရှင် ကန်လိုက်လို့ သူ တစ်ခုခု ဖြစ်သွားရင် မနက်ဖြန် ကျွန်မ
ရှင့်အိမ်ကို ရှင့်မိန်းမနဲ့ ရှင့်သားကို ကိုက်ဖို့ ခွေးရူးတစ်ကောင် ဝယ်ပို့ပေးလိုက်မယ်”
စုယန်ယန်၏
ပါးစပ်သည် ဟောက်ချီဟန်ကို စက်သေနတ် ပစ်သလို အဆက်မပြတ် ဆူပူမာန်မဲခဲ့သည်။ ဟောက်ချီဟန်၏
မျက်နှာသည် ပြာသွားကာ ဒေါသကြောင့် သေဆုံးလုနီးပါး ဖြစ်သွားသည်။
ဦးလေးကျန်းသည်
စုယန်ယန် တစ်ယောက် ဒီလိုမျိုး ရုတ်တရက် ပေါက်ကွဲ လိုက်မယ်လို့ မမျှော်လင့်ထားပေ။ သူက
တုံ့ပြန်နိုင်ဖို့ အချိန် အတော်ကြာခဲ့သည်။ သူက ရယ်မောရင်း -
“သခင်မလေး၊
ခုနက ကျွန်တော် စကားတွေကို သေသေချာချာ မပြောလိုက်မိဘူး။ ကျွန်တော် သခင်မလေးကို အထင်လွဲအောင်
လုပ်မိသွားတယ်။ ဥက္ကဌဟောက်က ဒီခွေးလေးကို ကန်ချင်ပေမယ့် သူ့ခြေလက်တွေက ငယ်ရွယ်သူတွေလောက်
မသန်မာတော့ဘူး။ ဒါ့ကြောင့် ထိလုနီးပါးပဲ ဖြစ်သွားခဲ့တယ်”
စုယန်ယန်သည်
သူမ၏ ဆူပူကြိမ်းမောင်းနေခြင်းကို ရပ်တန့်လိုက်ပြီး သူမ ခွေးလေးကို တစ်ချက်ကြည့်လိုက်သည်။
“နင်
အဆင်ပြေရဲ့လား”
သွမ်းသွမ်းသည်
သူမကို အပြစ်ကင်းစင်စွာ ပြန်ကြည့်ကာ သူမလက်ထဲမှ လွတ်မြောက်ရန် ကြိုးပမ်းနေခဲ့သည်။
စုယန်ယန်တစ်ယောက်
ပြောစရာစကား ပျောက်ရှသွားသည်။
စုယန်ယန်သည်
စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားသည်။ “သူက တကယ် မရိုက်မိဘူး ဆိုရင်တောင် သွမ်းသွမ်းကို
သေလုမတတ် ကြောက်သွားစေလိမ်မယ်။ ကျွန်မတို့ ကောင်လေးက အခုမှ ကလေးပဲ ရှိသေးတာ။ ဘယ်လို
အကြင်နာတရား ကင်းမဲ့တဲ့ ခွေးကောင်မျိုးက သူ့ကို ဒီလို နာကျင်အောင် လုပ်မှာလဲ။ နင်ရောပဲ။
ငါ ဒီနေ့ခင်းမှာပဲ နင့်ကို ညစ်ပတ်တဲ့ အရာတွေကို မကိုက်ရဘူးလို့ ငါ မပြောခဲ့ဘူးလား။
ငါပြောတာကို နားမထောင်လို့ နင် ဝမ်းလျှောသွားရင် ဘယ်လိုလုပ်မလဲ”
သွမ်းသွမ်းလေးသည်
သနားစရာကောင်းစွာ ညည်းညူသံလေး ထွက်လာခဲ့သည်။
ဟောက်ချီဟန်သည်
စုယန်ယန်က သူ ဒီမုန်းစရာကောင်းတဲ့ ခွေးကို မကန်မိဘူးဆိုတဲ့ အချက်ကို သိရှိပြီးနောက်
စုယန်ယန်က သူ့ကို တောင်းပန်လာလိမ့်မည်ဟု အစပိုင်းမှာ ထင်ခဲ့သည်။ အချိန်အတော်ကြာ စောင့်ဆိုင်းပြီးမှ
ဒီလိုစကားတွေ ကြားလိုက်ရမယ်လို့ ဘယ်သူ ထင်မှာလဲ။ သူက သွေးအန်လုမတတ် ဖြစ်သွားသည်။
“နင့်မှာ
ညစ်ညမ်းရိုင်းစိုင်းတဲ့ စကားလုံးတွေနဲ့ပဲ ပြည့်နှက်နေပြီးတော့ နင်က အမှန်တရားကို လှည့်ဖြား
ပြောဆိုနေတယ်။ နင့်ခွေးက ငါ့မိန်းမကို ကိုက်လိုက်တာ သိသာတယ်။ ဒါပေမယ့် နင်က ငါတို့ကို
အပြစ်တင်ပြီး ငါတို့ကို ဒီလိုစကားမျိုး ပြောနေရလား။ ဒါက နင်တို့စုမိသားစုရဲ့ သွန်သင်ဆုံးမထားတဲ့
ပုံစံလား”
စုယန်ယန်၏
မျက်နှာဟာ မည်းမှောင်သွားပြီး နှာခေါင်းရှုံ့လိုက်သည်။ “တကယ်လို့ ရှင်သာ ကျွန်မခွေးကို
မကန်ခဲ့ဘူးဆိုရင် သူက ရှင့်ကို ကိုက်ပါ့မလား။ ရှင်က ကျွန်မအိမ်ကိုလည်း လာသေး ကျွန်မခွေးကိုလည်း
ကန်သေးတယ်။ ရှင်က အကိုက်ခံရဖို့ ထိုက်တန်တယ် မဟုတ်ဘူးလား”
စုယန်ယန်က
ထိုသို့ ပြောလိုက်ပြီးတော့ ဟောက်ချီဟန်၏ အရုပ်ဆိုးနေသော မျက်နှာအမူအရာကို လုံးဝ ဂရုမစိုက်ပေ။
သူမက ဦးလေးကျန်းဘက်သို့ လှည့်ပြီး ပြောလိုက်သည်၊
“ဦးလေးကျန်း၊
ပုဂ္ဂလိက နေအိမ်တွေမှာ ပိုင်နက် ကျူးလွန်မှုအတွက် အပြင်းထန်ဆုံး ပြစ်ဒဏ်တွေနဲ့ ကျူးကျော်သူတွေကို
ဘယ်လို အရေးယူရမလဲ ဆိုတာကို သိလား။ ပိုင်ရှင်တစ်ဦးမှာ ဘာအခွင့်အရေးတွေရှိလဲ”
ဦးလေးကျန်းက
အပြုံးတစ်ပွင့်ဖြင့် ပြန်ဖြေသည်၊ “ဒါကို ဦးလေးကျန်း သိတယ်။ စုံစမ်းဖို့ မလိုအပ်ဘူး။
ပုဂ္ဂလိက ပိုင်နက်တွေကို ကျူးကျော်ခြင်းအတွက် ဥပဒေက အလွန်တင်းကျပ်တယ်။ ပေါ့ပေါ့ပါးပါးပေးတဲ့
ပြစ်ဒဏ်က ငွေဒဏ်ဖြစ်ပြီး ကြီးလေးတဲ့ ပြစ်ဒဏ်က ဖမ်းဆီးတာပါပဲ”
***