အပိုင်း ၂၈၁
Viewers 874

အခန်း (၂၈၁) – ခင်ဗျားကို ဘယ်လို ရှင်းပြချက်မျိုး ပေးစေချင်လဲ

 

ဟောက်ချီဟန်ရဲ့ မျက်နှာဟာ မည်းမှောင်သွားသည်။

 

“နင် လုပ်ရဲလား။”

 

စုယန်ယန်က ခပ်ဖွဖွ ရယ်မောလိုက်သည်။ “ကျွန်မ ဘာဖြစ်လို့ မလုပ်ဝံ့မှာလဲ။ ချန်ဟွမ်းက ရှင့်ကို အစ်ကိုကြီးအဖြစ် အသိအမှတ်ပြုတယ် ဆိုရင်တောင် ရှင်နဲ့ ကျွန်မက သွေးသား မတော်စပ်ဘူး။ ကျွန်မ ရှင့်ကို သနားညှာတာဖို့ မလိုအပ်ဘူး။ ရှင့်မိသားစုကို ဆင်ခြေအဖြစ် အသုံးပြုဖို့ စဥ်းတောင် မစဥ်းစားလိုက်ပါနဲ့။ ဒါကို ရှင် မသိလောက်သေးဘူး၊ မဟုတ်လား။ ချန်ဟွမ်းက ကျွန်မတို့ လက်မထပ်ခင် ဒီကျွန်းကို ကျွန်မအမည်ပေါက်ဖြင့် ကျွန်မဆီ လွှဲပေးပြီးသားလေ။ ဒီကျွန်းပဲဖြစ်ဖြစ်၊ ဒီအိမ်ကြီးပဲဖြစ်ဖြစ်၊ ဒါတွေအားလုံး ကျွန်မအပိုင်ပဲ။”

 

“ရှင်က ကျွန်မခွင့်ပြုချက်မရှိပဲ ဒီကျွန်းကိုလာတယ်၊ ကျွန်မအိမ်ကို ပိုင်နက်ကျူးလွန်တယ်၊ ကျွန်မခွေးကို ဒဏ်ရာရစေခဲ့တယ်။ အခု ရှင်တို့ကို ဖမ်းဖို့ ကျွန်မ ဖုန်းခေါ်လိုက်မယ်ဆိုရင် ရှင်တို့လင်မယား ဘယ်နှရက်လောက် အချုပ်ခံရမယ်လို့ ရှင်ထင်လဲ။”

 

‌ဟောက်ချီဟန်ရဲ့ မျက်နှာဟာ စိမ်းသွားသည်။ ဟောက်ချန်ဟွမ်းနဲ့ လက်ထပ်ပြီးတာနဲ့ စုယန်ယန်ဟာ ဒီလိုဖြစ်သွားလိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မထင်ထားခဲ့မိဘူး။

 

အရင်တုန်းက စုယန်ယန်သည် သူမထက် အသက်ရွယ်ကြီးရင့်သူတွေနဲ့ တွေ့တဲ့အခါ အလွန်လိမ္မာရေးခြားရှိသည်။

 

ဟောက်ရှောက်ဖုန်းနှင့် စေ့စပ်ကြောင်းလမ်းထားတာကို ဖျက်သိမ်းပြီး ဟောက်ချန်ဟွမ်းနဲ့ စေ့စပ်ကြောင်းလမ်းလိုက်သည့်တိုင် သူမသည် ယခုနှင့်မတူပဲ စကားအနည်းငယ်သာ ပြောခဲ့သည်...

 

မဒမ်ဟောက်သည် ချိန်ရှုချင်၏ သူငယ်ချင်းဟောင်း ဖြစ်သောကြောင့် ဟောက်ချီဟန်နှင့် တွေ့သောအခါတွင် စုယန်ယန်က လေးစာစွာ ဆက်ဆံခဲ့ကြောင်း သိသာထင်ရှားပါသည်။

 

စုယန်ယန် သူတို့ကို လေးစားစွာ ပြုမူဆက်ဆံခဲ့တာက ချိန်ရှုချင်ကြောင့်ပင် ဖြစ်သည်။ အခု မိသားစုနှစ်စုသည် အချင်းချင်း ဆန့်ကျင့်ဘက် ဖြစ်နေကြပြီ ဖြစ်လျှင်ပင် သူတို့သည် သူမအား ဖိနှိပ်ရန် လူကြီးတွေအဖြစ် သူတို့ရဲ့ အဆင့်အတန်းကို အသုံးချချင်နေကြဆဲ ဖြစ်သည်။ သူတို့နှင့် ထိုက်တန်ပါရဲ့လား။

 

စုယန်ယန်က သူတို့နှစ်ယောက်ကို အေးစက်စွာကြည့်ပြီး ရယ်မောလိုက်သည်။ “ဦးလေးကျန်း၊ သူတို့က ပိုင်နက်ကျူးလွန်ပြီး ပိုင်ရှင်နဲ့ ရန်ဖြစ်ရင် ဘာအပြစ်ကျခံရနိုင်လဲ။”

 

“သခင်မလေးရဲ့ မေးခွန်းကို ဖြေဆိုရမယ်ဆိုရင် စည်းမျဥ်းစည်းကမ်းတွေအရ၊ ပုဂ္ဂလိက အိမ်တစ်လုံးကို ပိုင်နက်ကျူးလွန်ပြီး ပိုင်ရှင်နဲ့ ခိုက်ရန်ဖြစ်ပွားမယ်ဆိုရင် အပြစ်ပေး အရေးယူခံရမှာပဲ ဖြစ်ပါတယ်။ ပိုင်ရှင်၏ မိသားစုဝင်တွေက ကျူးကျော်သူကို ကိုင်တွယ်ဖြေရှင်းဖို့ အချို့သော ကိစ္စရပ်များကို လုပ်ဆောင်နိုင်ပါတယ်။ ကျူးကျော်သူကို သတ်ဖြတ်သည်ဖြစ်စေ ထိခိုက်ဒဏ်ရာရစေလိုသည်ဖြစ်စေ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်သည်ဟု ယူဆနိုင်ပါတယ်။ ဆန့်ကျင်ဖက်အနေနဲ့ ပိုင်ရှင်က ထိခိုက်ဒဏ်ရာရသွားမယ်ဆိုရင် ကျူးကျော်သူကို လျော်ကြေးငွေ ပေးဆောင်ခိုင်းနိုင်ပါတယ်။

 

“ဒါကို ရှင် ကြားတယ်မလား။ ရှင့်ဖာသာရှင် ထွက်သွားမလား ဒါမှမဟုတ် ရှင့်ကို ဆွဲထုတ်ဖို့ တစ်ယောက်ယောက်ကို ခိုင်းစေရမလား။ ရှင်က အသက်ကြီးနေပြီဖြစ်လို့ ကျွန်မမိသားစုဝင်ရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအတွက် လျော်ကြေး နည်းနည်းပဲ တောင်းလိုက်ပါ့မယ်။ နောက်တစ်ခါဆိုရင်တော့ အခုလို လျော်‌ကြေးပေးတာမျိုးလောက် ရိုးရှင်းတော့မှာ မဟုတ်ဘူး။”

 

စုယန်ယန် စကားဆုံးသွားသည်နှင့် အစေခံ အနည်းငယ်သည် အိမ်ထဲမှ ပြေးထွက်လာခဲ့သည်။ သူတို့ကြည့်ရတာ နောက်ပြောင်နေပုံမပေါ်ဘူး။ သူတို့သည် ဟောက်ချီဟန်တို့လင်မယားကို ပင်လယ်ထဲ ပစ်ချပြီး ငါးစာကျွေးဖို့ စုယန်ယန်ရဲ့ အမိန့်ကို စောင့်ဆိုင်းနေကြသည်။

 

“နင် ငါ့ကို ခြိမ်းခြောက်နေတာလား။” ဟောက်ချီဟန်လည်း ထိတ်လန့်သွားသည်။ စုယန်ယန်သည် ဤမျှ တရားလက်လွတ် လုပ်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ သူက ချက်ချင်းပဲ အော်ဟစ်လိုက်သည်၊ “ဟောက်ချန်ဟွမ်း ဘယ်မှာလဲ။ သူ့ကို ထွက်လာခိုင်းလိုက်။”

 

ဟောက်ချီဟန်ရဲ့ အကူအညီတောင်းတာကို ကြားတော့ စုယန်ယန်ဟာ ဒေါသထွက်သွားသည်။ ဟောက်ချီဟန်တို့ လင်မယားဟာ သူတို့ မင်္ဂလာဆောင်ပြီး ဒုတိယနေ့တွင်ပင် အလျင်စလို ပြေးလာခဲ့ကြသည်။ သူတို့ ပြဿနာလာရှာတာ အသိသာကြီးပဲ မဟုတ်ပါလား။

 

ဟောက်ချန်ဟွမ်းတစ်ယောက် ကုရှောက်ယန်တို့နှင့် စကားပြောနေချိန်တွင် သူတို့နှစ်ဦးကို အဝေးပို့ရန် စီစဥ်ခဲ့သော်လည်း ဟောက်ချီဟန်က အော်ဟစ်လိုက်လိမ့်မယ်လို့ သူမ မမျှော်လင့်ထားပေ။

 

“ရှင့်ကို ကြည့်ပါဦး၊ ဘာလို့ ဒီလောက် အော်နေရတာလဲ။ ကျွန်မ ရှင့်ကို ပြောပြီးပြီ၊ ဒီကျွန်းပိုင်ရှင်က ကျွန်မပဲ။ ရှင် ကျွန်မပိုင်နက်ကို ကျူးကျော်လာပြီး ဒီလိုအော်နေလို့ ရမလား။ ရှင်က ထွက်သွားဖို့ ဆန္ဒမရှိဘူးဆိုရင်လည်း ရတယ်။ သူတို့ကို ဆွဲထုတ်သွားလိုက်။”

 

အစေခံတွေက ထိုစကားကိုကြားပြီးနောက် မသိစိတ်အရ ဦးလေးကျန်းကို ကြည့်လိုက်မိသည်။ သူတို့သည် ဦးလေးကျန်းက ခေါင်းညိတ်ပြသည်ကို မြင်ပြီးနောက် ရှေ့သို့ တိုးသွားကာ သူတို့ကို ဖမ်းခေါ်သွားဖို့ လုပ်သည်။

 

ဟောက်ချီဟန်တစ်ယောက် ‌အရမ်း ဒေါသထွက်သွားသည်။ မသိစိတ်အရ နောက်သို့ ခြေတစ်လှမ်းဆုတ်ပြီး သူ့ထံ လက်လှမ်းနေသော အစေခံတစ်ဦးကို ရိုက်နှက်လိုက်သည်။ “ကောင်းတယ်၊ ကောင်းတယ်။ နင်တို့ သစ္စာဖောက်အုပ်စု၊ ငါ့ကို တစ်ကြိမ်လောက် ထိကြည့်လိုက်စမ်းပါ။ ဒီနေ့ ငါ ဟောက်ချန်ဟွမ်းကို မတွေ့ရရင်၊ သူ ငါ့ကို ရှင်းပြချက် ပေးရလိမ့်မယ်။ ငါ ဘယ်သူ့ကိုမှ မလွှတ်ပေးဘူး။”

 

“ကျွန်တော်က ခင်ဗျားကို ဘယ်လို ရှင်းပြချက်မျိုး ပေးချင်စေချင်တာလဲ။”