အခန်း
(၂၈၃) – လူနားလည်မယ့်စကားတွေကိုပဲ ပြောပေးပါ။
“ဟုတ်လား။”
စုယန်ယန်သည် သူမမျက်ဝန်းတွေကို မှေးကျဥ်းပြီး တခစ်ခစ် ရယ်မောလိုက်သည်၊ “အရင်က ကျွန်မ
ဟောက်ရှောက်ဖုန်းနဲ့ စေ့စပ်ခဲ့တာ ဆိုပေမယ့် အခု ကျွန်မက သူ့ထက် ဝါကြီးသွားပြီ၊ သူ ကျွန်မကိုတွေ့တိုင်း
ဒေါ်လေးလို့ ခေါ်ရမှာပေါ့။ ဒီမင်္ဂလာပွဲကို လာတဲ့သူတွေ အများကြီးရှိတယ်။ တစ်ယောက်ယောက်က
ဒါကိုကြားရင် ရယ်စရာ ဖြစ်လာမှာ မဟုတ်ဘူးလား။”
“လူငယ်တွေက
မာနကြီးတယ်။ သူ့ကို အရှက်ခွဲဖို့ ဖိတ်စာ မပို့လိုက်တာလို့ သူက ထင်ကောင်းထင်နိုင်ပေမယ့်
သူ့မှာ ကျွန်မ ထင်ထားတာထက် ပိုထူတဲ့ အရေပြား ရှိနေတာပဲ။ ကျွန်မ သူ့ကို မဖိတ်ခဲ့ပေမယ့်
သူကိုယ်တိုင် ဒီကို အပြေးလာခဲ့တယ်။”
စာကြောင်းအနည်းငယ်ဖြင့်
စုယန်ယန်ဟာ မဒမ်ဟောက် သူမကို အပြစ်ပုံချချင်သော စကားလုံးများကို သူမထံ ပြန်ပစ်ပေးခဲ့ပြီး
ဟောက်ရှောက်ဖုန်းရဲ့ အရှက်မဲ့မှုကိုပင် လှောင်ပြောင်ခဲ့လေသည်။
စုယန်ယန်တို့က
သူတို့ကို ဖိတ်စာတောင် မပို့ခဲ့ဘူး။ မျက်စိမြင်သူတိုင်း သူတို့ကို မမြင်ချင်လို့ ဆိုတာကို
ပြောနိုင်သည်။ ဒီလို ပျော်စရာကောင်းတဲ့ အချိန်အခါမျိုးမှာ သူတို့ကို မတွေ့ချင်ကြဘူး။
သူက
အလျင်စလို အပြေးလာရုံသာမက သူ့အမြှောင်မကိုပါ ခေါ်လာသေးသည်။ သူက စုယန်ယန်ကို ရွံရှာစေဖို့
လုပ်ချင်နေတာလား။
ဒါကိုကြားတော့
မဒမ်ဟောက်ရဲ့ အမူအရာဟာ အေးခဲသွားပြန်သည်။ “နင်တို့အိမ်ထောင်ရေးက ဒီလောက်ကြီးတဲ့ကိစ္စပဲ၊
ငါတို့တစ်ယောက်မှ မလာဖို့ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်ပါ့မလဲ။ ချီဟန်နဲ့ ငါက ဒီရက်ပိုင်း
အရမ်းအလုပ်များနေတော့ ငါတို့က ရှောက်ဖုန်းကို ဒီကို လွှတ်လိုက်တာပါ။”
စုယန်ယန်က
သူမကို ဟိုလိုလိုသည်လိုလိုအပြုံးဖြင့် ကြည့်နေခဲ့သည်။
မဒမ်ဟောက်သည်
သူမရဲ့ အကြည့်ကြောင့် ကြက်သေ သေလုနီးပါး ဖြစ်သွားခဲ့သည်။ သူမက စကားဆက်မပြောနိုင်ခင်
စက္ကန့်အနည်းငယ်လောက် နှုတ်ဆိတ်နေခဲ့ပြီး “ဒါပေမယ့် မနေ့က ရှောက်ဖုန်း ဒီကျွန်းကို
ရောက်ရောက်ချင်းမှာပဲ တစ်ခုခု ဖြစ်သွားခဲ့တယ်လို့ ငါကြားတယ်။ သူက သင်္ဘောပေါ်ကနေ ထွက်ကျခဲ့တယ်...”
“အိုး...
ကျွန်မ ဒီအကြောင်းကို ကြားခဲ့ပါတယ်။”
“သူ့ကို
တစ်ယောက်ယောက်က ရိုက်နှက်လိုက်တယ်လို့ ငါကြားတယ်...”
“အဲ့တာကို
စုံစမ်းဖို့ မလိုပါဘူး။ သူတို့ကို ဆေးရုံတက်ရအောင် လုပ်လိုက်တဲ့သူက ကျွန်မအန်တီလေးလေ။”
ဟောက်ချီဟန်တို့လင်မယားက
စုယန်ယန်တစ်ယောက် ဒါကို လွယ်လွယ်ကူကူ ဝန်ခံလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ သူတို့က
စုယန်ယန်ကို မျက်လုံးပြူးပြီး ခဏလောက် စိုက်ကြည့်နေရင်း “နင့်အန်တီလေးလား။ နင့်အန်တီလေးက
ဘယ်လိုလုပ်ပြီး ဒီလောက် ကျိုးကြောင်းမညီညွတ်ရတာလဲ။ ငါ့သားက နင်တို့ကို စေတနာနဲ့ ဂုဏ်ပြုပေးဖို့
ရောက်လာခဲ့တာလေ။ နင်တို့ သူ့ကို မကြိုဆိုဘူးဆိုရင်တောင် ရိုက်နှက်မလွှတ်သင့်ပါဘူး။”
ရည်ရွယ်ချက်ကောင်းနှင့်လား။
သူတို့မှာသာ ရည်ရွယ်ချက်ကောင်း ရှိတယ်ဆိုရင် ဒီကမ္ဘာပေါ်မှာ လူဆိုးတွေ ရှိလိမ့်မည်
မဟုတ်ပေ။
နောက်ခံအဖြစ်
ဘေးမှာ ရပ်နေသည့် လင်းရှောင်ချီးက ဒါကိုကြားတော့ ရုတ်တရတ် သက်ပြင်းချလိုက်မိသည်၊
“ဒါဆို ယန်ယန်နဲ့ တခြားသူတွေက ရှင်တို့ကို မကြိုဆိုဘူးဆိုတာကို ရှင် သိတယ်ပေါ့။”
ဟောက်ချီဟန်ရဲ့
မျက်နှာဟာ စိမ်းသွားခဲ့သည်။ သူက လင်းရှောင်ချီးကို လက်ညှိးထိုးပြီး အော်ငေါက်လိုက်သည်၊
“မင်းက ဘယ်သူလဲ။ ငါတို့ ဟောက်မိသားစုကိစ္စကြား ဝင်ပြောရအောင် မင်းက ဘယ်သူမို့လဲ။”
“တကယ်လို့
ရှင်တို့သာ မှန်ကန်တယ်ဆိုရင် သူများတွေ ပြောတာကို ကြောက်လန့်နေစရာ မလိုဘူးလေ။” ဟောက်ချီဟန်က
လင်းရှောင်ချီးကို အော်ဟစ်နေတာကို မြင်လိုက်ရသောအခါ စုယန်ယန်တစ်ယောက် ဒေါသထွက်သွားသည်။
“ရှင်က ဘာဖြစ်လို့ ဒီလောက် အကျယ်ကြီး အော်ဟစ်နေရတာလဲ။ ရှင့်သားက အသက်ရှင်နေတုန်းပဲ
မဟုတ်လား။ မသိတဲ့သူတွေဆို ရှင့်သားက သေသွားလို့ ကျွန်မတို့ကို လာရောက်ဆူပူနေတယ်လို့
ထင်သွားကြလိမ့်မယ်။”
“မင်း
ဘာစကား ပြောလိုက်တာလဲ။”
စုယန်ယန်က
သူတို့ရဲ့ မခံမရပ်နိုင်ဖြစ်နေသော မျက်နှာအမူအရာများကို တစ်ချက်ကြည့်ရင်း ငေါ့တော့တော့
ပြောလိုက်သည်၊ “ကျွန်မတို့က မိသားစုတွေပဲလို့ ရှင်ပဲ ပြောခဲ့တာ မဟုတ်လား။ ကျွန်မက သူ့ဒေါ်လေးဖြစ်ပြီး
ကျွန်မအန်တီလေးက သူ့အကြီးအကဲပဲ။ လူငယ်တွေကို သင်ခန်းစာတစ်ခု သင်ပေးတာက လူကြီးတစ်ယောက်အတွက်
သင့်တော်ပြီး ဒါက သဘာဝပဲ မဟုတ်လား။”
“ဒါပေမယ့်
နင်တို့ ဒီလို မလုပ်သင့်...”
“ဘာကို
မလုပ်သင့်တာလဲ။ ရှင်တို့သား လုပ်ခဲ့တဲ့ ညစ်ပတ်တဲ့အရာတွေကို ကျွန်မတို့သာ ရှင့်ကို မပြောပြရင်
ရှင်က ဘာမှမသိဟန်ဆောင်နေလိမ့်မယ် မဟုတ်လား။ ကျွန်မအန်တီလေးက ကျွန်မ ငယ်ငယ်လေးကတည်းက
ကျွန်မကို အရမ်းချစ်ခင်အလိုလိုက်ခဲ့ပြီး ကျွန်မတို့ရဲ့ မင်္ဂလာပွဲကို တက်ရောက်ဖို့
ပျော်ရွှင်စွာ ပြန်လာခဲ့တယ်။ သူမ ကျွန်းကို ရောက်ရောက်ချင်းမှာပဲ ဒီလို ရွံ့ရှာဖွယ်ကောင်းတဲ့
လူနှစ်ယောက်နဲ့ တန်းတွေ့ခဲ့ရတယ်။ သူမက သူတို့ကို အကြီးအကဲတစ်ယောက်အနေနဲ့ သင်ခန်းစာတစ်ခု
သင်ပေးခဲ့ပြီး သူတို့ထက် ဝါကြီး၊ အသက်ကြီးတဲ့သူတွေအပေါ် လေးစားတတ်အောင် သင်ပေးခဲ့ရုံပါပဲ။
သူတို့က သူတို့ရဲ့ အကြီးအကဲတွေရှေ့မှာ ရွံ့စရာကောင်းအောင် မလုပ်သင့်ဘူး။ ဒါ့ကြောင့်
သင်ခန်းစာ ပေးလိုက်တာ ဘာမှားလို့လဲ။”
“ရှင်က
ကျွန်မကို ဒီအကြောင်း လာမေးရဲသေးတယ်၊ ကျွန်မအန်တီလေးက ဒါတောင် အတော်လေး သက်ညှာထားပေးခဲ့တာ။
ကျွန်မရဲ့ မင်္ဂလာပွဲနေ့မှာ သွေးမြင်ရရင် မင်္ဂလာမရှိမှာဆိုးလို့ သူတို့ကို ကယ်ခိုင်းလိုက်တာ။
မဟုတ်ရင် သူတို့ ရေထဲပြုတ်ကျပြီး ရေထဲမှာ စိမ်နေရရုံနဲ့ ပြီးသွားမှာ မဟုတ်ဘူး။ ဒါပေမယ့်
ဒါတွေက ဖြစ်ပြီးသွားပြီ။ ကျေးဇူးပြုပြီး ရှင်တို့ အိမ်ပြန်ရောက်တဲ့အခါ ဟောက်ရှောက်ဖုန်းကို
ကျွန်မရဲ့မိသားစုဝင်တွေကို တွေ့ရင် လမ်းလွှဲသွားဖို့ ပြောပေးပါ။ မဟုတ်လို့ သူ တစ်ခုခုဖြစ်သွားရင်
ကျွန်မတို့ကို အပြစ်ပြောလို့ မရဘူးနော်။”