အခန်း
(၂၈၄) - ဟောက်မိသားစု၏ မျိုးရိုးအမည်
စုယန်ယန်ရဲ့
စကားကြောင့် ဟောက်ချီဟန်တို့လင်မယားနှစ်ယောက်သား ဒေါသထွက်သွားသည်။
သူမတို့မိသားစုကို
တွေ့တဲ့အခါတိုင်း လမ်းလွှဲသွားပါ ဆိုတာ ဘာကို ဆိုလိုတာလဲ။ သူမက သူတို့ကို မြင်တိုင်း
ရိုက်နှက်ဖို့ လုပ်ချင်နေတာလား။ ဘယ်လိုတောင် မာနကြီးလိုက်သလဲ၊ သူမက အရမ်းအထက်စီးဆန်တယ်။
စုယန်ယန်က
သူတို့ကို ဒီလိုမြင်ရတာ အရမ်းဝမ်းသာသည်။ ဟောက်ရှောက်ဖုန်းရဲ့ မတော်တဆဖြစ်ရပ် ထွက်ပေါ်လာသည်နှင့်
ရွံရှာဖွယ်ကောင်းသော ဒီမိသားစု အထူးသဖြင့် သူမရှေ့မှ ဒီလူနှစ်ဦးဟာ သူမကို ဖိနှိပ်ရန်
သူမရဲ့ အကြီးတွေအဖြစ် သူတို့ရဲ့ အဆင့်အတန်းကို အသုံးပြုလိုခဲ့ကြသည်။ သူတို့သည် သူမကို
ဟောက်ရှောက်ဖုန်းရဲ့ လုပ်ရပ်တွေအား ခွင့်လွှတ်ပေးစေချင်ကြသည်။
သူတို့သည်
ဟောက်ရှောက်ဖုန်း လုပ်ခဲ့တာတွေဟာ အသေးအဖွဲကိစ္စတစ်ခုမျှသာဖြစ်ပြီး သူမသည် ဟောက်ရှောက်ဖုန်းနှင့်
မငြင်းခုံသင့်ဘူးလို့ ဆိုချင်ကြသည်။ မဟုတ်ရင် သူမဟာ အတော်လေး သဘောထားသေးသိမ်ရာရောက်ပေလိမ့်မည်။
အခု
သူမသည် သူမရှေ့က လူနှစ်ယောက်နှင့် မျိုးဆက်တူ ဖြစ်နေခဲ့ပြီ။ သူမသည် ဟောက်ရှောက်ဖုန်းရဲ့
စီနီယာ ဖြစ်တာကြောင့် သူမရဲ့ စီနီယာသည် ဟောက်ရှောက်ဖုန်းရဲ့ စီနီယာပဲ ဖြစ်သည်။
သူတို့ထဲက
တစ်ယောက်ယောက်က မဟုတ်မမှန်တာ ပြောလာလျှင် အကြီးအကဲတွေကို မရိုမသေလုပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့
သူတို့ကို နှိမ်နင်းနိုင်သည်။ အနာဂတ်မှာ စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့သူက ဘယ်သူဖြစ်မလဲ
ဆိုတာ ဘယ်သူသိနိုင်မလဲ။
ဟောက်ချီဟန်သည်
စုယန်ယန်ကြောင့် ဒေါသထွက်သွားသည်။ သူက လှည့်ပြီး ဟောက်ချန်ဟွမ်းကို အော်ဟစ်လိုက်သည်၊
“ချန်ဟွမ်း၊ ဒီခွေးမကို ထိန်းထားစမ်း။”
“ကျွန်တော့်ဇနီးပြောတာ
မှန်တယ်လို့ ကျွန်တော် ထင်တာပဲ၊ ပြီးတော့...” ဟောက်ချန်ဟွမ်းရဲ့ မျက်ဝန်းတွေက စူးရှသွားကာ
“သူမက ခွေးမ မဟုတ်ဘူး။ တကယ်လို့ အစ်ကိုကြီးရဲ့ လျှာကို အစ်ကိုကြီး မလိုချင်တော့ဘူးဆိုရင်၊
ကျွန်တော် ကူညီဖယ်ရှားပေးနိုင်ပါတယ်။”
ဟောက်ချီဟန်တစ်ယောက်
အသက်ရှုကြပ်သွားသည်။ “ဒီမိန်းမကြောင့် မင်းက မင်းအစ်ကိုကြီးကို တကယ် စွန့်ပစ်တော့မှာလား။”
“အစ်ကိုကြီးပြောနေတဲ့
မိန်းမက ကျွန်တော့်ဇနီးသည်ပဲ။ မင်းကတော့...” ဟောက်ချန်ဟွမ်းရဲ့ မျက်ဝန်းထဲက လှောင်ပြောင်ရိပ်တွေက
နက်ရှိုင်းလာသည်။ “အစ်ကိုကြီး ကျွန်တော်နဲ့အတူ ကျွန်တော်က အစ်ကိုကြီးကို စွန့်ပစ်လိုက်တာ
ဟုတ် မဟုတ် ဆွေးနွေးနေမယ့်အစား မကြာသေးမီက ဟောက်ကော်ပိုရေးရှင်း ကြုံတွေ့နေရတဲ့ လိုငွေပြမှုကို
ဘယ်လို ဖြေရှင်းရမလဲ ဆိုတာကို အစ်ကိုကြီး ဘာလို့မစဥ်းစားနေတာလဲ။ လအနည်းငယ်အတွင်း အစ်ကိုကြီး
အားကိုးအားထားပြုနိုင်တဲ့ တစ်ခုတည်းသော အရာက လက်ပြောင်းသွားနိုင်တယ်။”
ဟောက်ချီဟန်ရဲ့
မျက်နှာက ဖြူဖျော့သွားပြီး ဟောက်ချန်ဟွမ်းရဲ့ မုန်းတီးသော မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည်။
“အဖေနဲ့ အမေက ဟောက်ကော်ပိုရေးရှင်းကို ငါ့ဆီ လွှဲပြောင်းပေးခဲ့တာ။”
ဟောက်ချန်ဟွမ်းက
မယုတ်မလွန် ပြောလိုက်သည်။ သူက မရေမရာဟန်ဖြင့် “ဟောက်မိသားစုရဲ့ မျိုးရိုးနာမည်က ဟောက်ပါ။
ဒါကို အခုလည်း အသုံးပြုနေသလို နောင်အခါမှာလည်း ဒါကိုပဲ အသုံးပြုသွားဦးမှာပဲ။” လို့
ပြောလိုက်သည်။
ဟောက်ချီဟန်ရဲ့
နှလုံးခုန်နှုန်း မြန်ဆန်သွားကာ ဟောက်ချန်ဟွမ်းကို အထိတ်တလန့် ကြည့်လိုက်သည်။ ဟောက်ချီဟန်သည်
ဟောက်ချန်ဟွမ်းကို အကြည့်ချင်းစုံ မကြည့်ရဲဘူး။
ဟောက်ချန်ဟွမ်းသည်
ဟောက်ချီဟန်ရဲ့ အမူအရာ ပြောင်းလဲသွားတာကို သတိပြုမိပြီး သူ့မျက်လုံးတွေက မည်းမှောင်သွားသည်။
“ဘာကိစ္စမှ
မရှိတော့ဘူးဆိုရင်၊ ကျွန်တော် ဥက္ကဌဟောက်တို့ဇနီးမောင်နှံကို လိုက်ပို့ခိုင်းလိုက်ပါ့မယ်။
ဒီနေ့က ကျွန်တော်တို့ မင်္ဂလာဆောင်ပြီး ဒုတိယနေ့ဖြစ်လို့ ကျွန်တော်တို့ဇနီးမောင်နှံ
စိတ်အနှောင့်အယှက် မဖြစ်ချင်ဘူး။”
ဟောက်ချန်ဟွမ်းရဲ့
စကားတွေသည် ပြန်လည်ညှိနှိုင်းဖို့ အခွင့်အရေးပင် မရှိပေ။ မဒမ်ဟောက်သည် ဟောက်ချီဟန်ရဲ့
ဝတ်စုံကို ဆွဲကိုင်လိုက်ပြီး သူ့ကို တစ်ခုခု ပြောစေချင်နေသည်။
သို့ရာတွင်
ဟောက်ချန်ဟွမ်းရဲ့ စကားကြောင့် ဟောက်ချီဟန်ရဲ့ စိတ်မှာ လုံးဝ ရှုပ်ထွေးနေပြီ ဖြစ်ကာ
သူ့သားအတွက် တရားမျှတမှုကို ဘယ်လိုလုပ်ပြီး ရှာဖွေပေးနိုင်တော့မှာလဲ။
“ငါ့ကို
မထိနဲ့။ ငါ့ဖာသာငါ လျှောက်နိုင်တယ်။”
“ချီဟန်...”
ဟောက်ချီဟန်က ထွက်သွားနှင့်ပြီ။ မဒမ်ဟောက်သည် ပြန်ဖို့ ဆန္ဒမရှိရင်တောင် သူ့နောက်လိုက်ရန်မှတပါး
အခြားရွေးချယ်စရာ မရှိပေ။
စုယန်ယန်က
အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး အပြင်ဖက်မှ လုံခြုံရေးအစောင့်တွေကို “မင်းတို့တွေ
နောင်တစ်ချိန်မှာ ဒီထက်ပိုသတိရှိသင့်တယ်။ အသုံးမဝင်တဲ့ ဝက်တွေနဲ့ ခွေးတွေကို အိမ်ထဲ
လုံးဝ မသယ်လာနဲ့။” ဟု ပြောလိုက်သည်။
ဒါကို
ကြားတော့ သွမ်းသွမ်းလေးရဲ့ နားရွက်လေးတွေက လှုပ်ခါသွားပြီး မပျော်ရွှင်စွာ ဟောင်လိုက်သည်။
စုယန်ယန်က
ချက်ချင်း နားလည်သဘောပေါက်သွားသည်။ “အိုကေ၊ အိုကေ၊ အိုကေ၊ အမေ့ အမှားပါ။ မင်းကို ဒီအမှိုက်တွေနဲ့
မနှိုင်းသင့်ဘူး။”
သွမ်းသွမ်းလေးသည်
ထိုအခါမှ ကျေနပ်သွားပြီး ဟောက်ချီဟန်တို့ဖက် ဦးတည်ပြီး ကြိမ်ဖန်များစွာ မောက်မာသည့်ဟန်ဖြင့်
ဟောင်ကာ သူတို့အပေါ် အထင်အမြင်သေးမှုကို ဖော်ပြခဲ့သည်။
မဒမ်ဟောက်သည်
စုယန်ယန်ရဲ့ စကားကိုကြားတော့ သွားနေရာမှ ရပ်တန့်လိုက်သည်။ သူမသည် နောက်သို့ ပြန်လှည့်လျှောက်ရန်လုပ်သည့်အချိန်တွင်
အရပ်မြင့်မြင့် လုံခြုံရေးအစောင့်တစ်ဦးက သူမကို တားမြစ်လိုက်သည်။
မဒမ်ဟောက်သည်
ခဏလောက် ထိတ်လန့်သွားပြီး နောက်တော့ သူမသည် လုံခြုံရေးအစောင့်တွေနှင့် ထိပ်တိုက်ရင်ဆိုင်ဖို့
မဝံ့ရဲတာကြောင့် ဖြူဖျော့တဲ့ မျက်နှာနဲ့ ထွက်သွားခဲ့သည်။
သူတို့ထွက်သွားသည်နှင့်
တပြိုင်နက် ဟောက်ချန်ဟွမ်းရဲ့ မျက်နှာဟာ မည်းမှောင်သွားပြီး “သူတို့ ဘယ်လိုလုပ်ပြီး
ဒီအထိ ရောက်လာတာလဲ။ လှေဆိပ်မှာ စောင့်နေတဲ့ လူတွေ အကုန်လုံး သေကုန်ကြပြီလား။” ဟု အေးစက်စွာ
ပြောလိုက်သည်။