အပိုင်း ၂၈၉
Viewers 1k

အခန်း (၂၈၉) – သူ့အသက်ကို ကယ်တင်ခဲ့တာလား။

 

သူ့မိဘတွေ ဘဝတစ်ပါးသို့ ကူးပြောင်းသွားစဥ်အခါက သူ့ထံတွင် “အိမ်” ဆိုသည့် ခံစားချက်မျိုးလေး နောင်အခါ ဘယ်တော့မှ မခံစားရတော့ဘူးလို့ သူ တွေးမိခဲ့ဖူးသည်။

 

သို့ပေမယ့် အခုတော့ ဒီအမျိုးသမီးလေးကြောင့် သူ့ထံမှာ အိမ်ဟူသော ခံစားချက်မျိုးကို တဖန် ပြန်ရရှိလာခဲ့သည်။

 

မိသားစုကို ထောက်ပံ့ရန် ငွေရှာခြင်းသည် စုယန်ယန်ကို ထောက်ပံ့ရန် ငွေရှာခြင်းနှင့် ညီမျှသည်။ ၎င်းမှာ ပြဿနာတစ်ရပ် လုံးဝ မဟုတ်ပေ။

 

စုယန်ယန်ဟာ ရှက်သွေးဖြာသွားပြီး သူမမျက်ဝန်းတွေက တောက်ပသွားသည်။ “ဒါဆိုရင် ရှင် အလုပ် အရမ်းကြိုးစားရမယ်။ ကျွန်မကို ပြုစုပျိုးထောင်ဖို့ သိပ်မလွယ်ဘူး။”

 

“အင်း”

 

စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းတို့ဟာ နှစ်ဦးသား ပျော်ရွှင်စရာ အချိန်လေးကို အတူကုန်ဆုံးနေစဥ် ဟောက်ချီဟန်တို့ မိသားစုကတော့ စိတ်လက်ချမ်းသာမှု အလျဥ်းမရှိကြပေ။

 

ဟောက်ချီဟန်သည် ဟောက်ချန်ဟွမ်းရဲ့ စကားလုံးတွေကြောင့် ကြောက်လန့်နေခဲ့ပြီး သူ့မျက်နှာဟာ တစ်ချိန်လုံး မည်းမှောင်နေခဲ့သည်။

 

မစ္စဟောက်သည် တိတ်ဆိတ်မှုကို ချိုးဖျက်ဖို့ရန်အလို့ငှာ စကားလုံးအချို့ကို ကြိုးပမ်းရှာဖွေပြီး ပြောခဲ့သော်ငြား ဟောက်ချီဟန်က တုံ့ပြန်ခြင်း မရှိပေ။ အဆုံး၌ မစ္စဟောက်သည် ဟိုဟိုဒီဒီ မြည်တွန်တောက်တီးနေသောကြောင့် ဟောက်ချီဟန်ထံမှ အကြည့်စူးစူးကို လက်ခံရရှိလိုက်သည်။

 

မစ္စဟောက်သည် အိမ်တွင်း၌ နာခံတတ်သော အမျိုးသမီးတစ်ဦး ဖြစ်သော်လည်း နှစ်များစွာတစ်လျှောက် ဟောက်မိသားစု၏ နာမည်ဂုဏ်သတင်းကြောင့် သူမ၏ အဆင့်အတန်းမှာလည်း မြင့်တက်လာခဲ့သည်။ ဤကဲ့သို့သော အရေးပေးမှုများဖြင့် ဆက်ဆံခံရသည့် သူမကို ဤကဲ့သို့ အေးစက်စက် ပြုမူလိုက်တော့ သူမ အနည်းငယ် ဒေါသထွက်သလို ခံစားခဲ့ရသည်။

 

အထူးသဖြင့် သူမ ဒဏ်ရာရရှိနေသောအခါတွင် ဟောက်ချီဟန်က သူမကို နှစ်သိမ့်ပေးဖို့ မလုပ်တဲ့အပြင် သူမကို ဤကဲ့သို့ ပြုမူဆက်ဆံလိုက်သောအခါ အနည်းငယ် ဒေါသထွက်သွားခဲ့သည်။

 

သူမသည် ချက်ချင်းပင် နောက်ပြန်လှည့်ထွက်သွားပြီး ဟောက်ချီဟန်နဲ့ စကားပြောနေတာကို ရပ်တန့်လိုက်သည်။

 

အိမ်အပြန်ခရီးတစ်လျှောက်တွင် တစ်ယောက်က သူ့စိတ်ထဲမှာ အတွေးပေါင်းများစွာ နစ်မွန်းနေပြီး ကျန်တစ်ယောက်ရဲ့ ရင်ထဲမှာတော့ နာကြဥ်းမှုတွေ ရှိသည်။ သူတို့တွေဟာ သူစိမ်းတွေကဲ့သို့ အေးစက်နေခဲ့သည်။

 

နောက်ဆုံး လှေပေါ်မှ ဆင်းပြီးနောက် ဟောက်ချီဟန်သည် ကုမ္ပဏီသို့ ပြန်သွားရန် ကားတစ်စီး လှမ်းခေါ်ခဲ့ပြီး မစ္စဟောက်ကို ဆေးရုံတွင် တစ်ယောက်တည်း ချန်ထားရစ်ခဲ့သည်။

 

မစ္စဟောက်သည် ထွက်ခွာသွားသော ကားကို ကြည့်ကာ ဒေါသတွေ သူမရင်ထဲ ပြည့်နှက်နေခဲ့သည်။

 

သူမ ဆေးရုံတွင် တစ်ယောက်တည်း ကျန်ရစ်ခဲ့ရကာ သူမရဲ့ ဒဏ်ရာတွေကို ပတ်တီးစီး၊ ကာကွယ်ဆေးထိုးနှံပြီးတာနဲ့ သူမသားဖြစ်သူ၏ အခန်းထဲသို့ ပြေးဝင်သွားခဲ့သည်။

 

သို့ရာတွင် သူမ သားဖြစ်သူသည် မိသားစုကို စိတ်မချမ်းမြေ့စေခဲ့တဲ့ အမျိုးသမီးနဲ့ ချစ်ကြည်နူးနေတာကို မြင်လိုက်ရသည်။

 

ဝမ်ကျင့်ဖျင်သည် ရေထဲသို့ ကန်ချခံရပြီးနောက် ခဏတာမျှ အထိတ်တလန့် ဖြစ်သွားခဲ့သော်လည်း တစ်ခဏလေးသာ ဖြစ်သည်။

 

သူမ အရင်ဘဝတုန်းက တက္ကသိုလ်မှာ ရေကူးသင်ခဲ့သည်။ သူမသည် ရေကူးအရမ်းမကျွင်းကျင်သော်လည်း အနည်းဆုံး ခွေးကူးတော့ ကူးနိုင်ခဲ့သည်။

 

အခြားတစ်ဖက်တွင်မူ ဟောက်ရှောက်ဖုန်းသည် တကယ့်ကို မြေဘဲတစ်ကောင် ဖြစ်သည်။ ကန်ချခံရပြီးနောက်တွင် သူသည် ဘယ်လို ရုန်းကန်ရမလဲ ဆိုတာကိုသာ သိပြီး သူ ရုန်းကန်လေလေ၊ ရေထဲ နစ်မြှုပ်လေလေ ဖြစ်သွားခဲ့သည်။

 

သူ ဒီလို ဖြစ်နေတာကို မြင်တော့ ဝမ်ကျင့်ဖျင်သည် အံတင်းတင်းကြိတ်ပြီး သူမ၏ ခွေးကူးကူးခတ်နည်းကို အသုံးပြု၍ သူ့ကို ဆွဲတင်ဖို့ ကြိုးစားခဲ့သည်။

 

သနားစရာကောင်းတာက ဟောက်ရှောက်ဖုန်းရဲ့ ကိုယ်အလေးချိန်က အရမ်းလေးလံပြီး သန်မာလွန်းသည်။ ရလဒ်ကတော့ သူတို့နှစ်ဦးစလုံး မောပန်းပြီး ပင်လယ်ထဲ အတူတူ နစ်မြှုပ်လုနီးပါး ဖြစ်သွားခဲ့သည်။

 

သို့ရာတွင် ဤအခြင်းအရာကြောင့် ဟောက်ရှောက်ဖုန်းရဲ့ ဝမ်ကျင့်ဖျင်အပေါ် သဘောထားဟာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

 

မကြာသေးမီက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကြောင့် သူမအား အနည်းငယ် မုန်းတီးနေသော ဟောက်ရှောက်ဖုန်းသည် ယခုအခါ သူမအား သူ့ရဲ့ကယ်တင်ရှင်နှင့် အချစ်စစ်အဖြစ် အမှန်တကယ် မှတ်ယူသွားသည်။ ဟောက်ရှောက်ဖုန်းသည် ဝမ်ကျင့်ဖျင်ကို ဂရုတစိုက် ဆက်ဆံပေးခဲ့သည်။

 

ဝမ်ကျင့်ဖျင်သည် ချမ်းသာသော သခင်‌လေးတစ်ဦး၏ ပြုစုစောင့်ရှောက်ပေးမှုကို နှစ်သက်ခဲ့ပြီး ယခုတစ်ကြိမ်တွင် သူမသည် အမှန်တကယ် မှန်ကန်သော အလောင်းအစားကို ပြုလုပ်နိုင်ခဲ့သည့်အတွက် တိတ်တဆိတ် ဝမ်းသာနေမိသည်။

 

ဟောက်ရှောက်ဖုန်းကို ကယ်တင်ရန် သူမအသက်ကို စွန့်စားခဲ့သည်။ တစ်နည်းဆိုရသော် သူမ၏ ကြင်နာမှုသည် ဟောက်ရှောက်ဖုန်းတစ်ယောက် သူမအပေါ် လုံးဝ ကြွေဆင်းသွားစေဖို့ လုံလောက်ကာ သူ့မိသားစုက သူမကို ကွဲပြားသောအမြင်ဖြင့် ရှုမြင်လာစေဖို့ရန် လုံလောက်ခဲ့သည်။

 

အချိန်တန်ရင် ချမ်းသာတဲ့မိသားစုထဲ လက်ထပ်ပြီး မဝင်ရောက်နိုင်မှာကို သူမ ဘာကြောင့် စိုးရိမ်နေဖို့ လိုအပ်တော့မှာလဲ။

 

ယခုတစ်ကြိမ် သူမလုပ်ခဲ့သော အပြုအမူသည် ဟောက်ရှောက်ဖုန်းရဲ့ မိဘများ၏ မျက်နှာသာပေးမှုကို ရရှိရန် ကူညီပေးနိုင်လိမ့်မည်ဟု ဝမ်ကျင့်ဖျင်က သဘာဝကျကျ တွေးထင်ထားခဲ့သော်လည်း ဤမိသားစုသည် ကြင်နာမှုမရှိကြောင်း သူမ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။

 

မစ္စဟောက် ရောက်ရှိသွားသောအခါ ဟောက်ရှောက်ဖုန်းသည် မစ္စဟောက်တစ်ယောက် စျေးကြီးကြီး ပေးဝယ်ခဲ့ရသော ပန်းသီးတစ်လုံးကို ဝမ်ကျင့်ဖျင်အတွက် အခွံခွာပေးနေတာကို မြင်လိုက်ရသည်။ သူတို့နှစ်ဦးဟာ ထိုပန်းသီးကို တစ်ယောက် တစ်ကိုက်စီ စားသုံးနေကြပြီး အခန်းတစ်ခုလုံး ပန်းရောင်ပူဖောင်းများဖြင့် ပြည့်နှက်နေလေသည်။

 

မစ္စဟောက်တစ်ယောက် သူမခင်ပွန်းသည်ကြောင့် ဒေါသတွေ အလုံးအရင်း ပြည့်နှက်နေခဲ့သည်။ ဒီမြင်ကွင်းကိုပါ မြင်တွေ့လိုက်ရသောအခါ သူမသည် ဖော်မပြနိုင်သော နာကျင်မှုကို ခံစားခဲ့ရသည်။ သူမက ချက်ချင်းဟောက်လိုက်သည်၊ “နင်တို့ ဘာလုပ်နေတာလဲ။”