အပိုင်း ၂၉၁
Viewers 1k

အခန်း (၂၉၁)

 – ကိုယ့်ကိုပဲ ထိုးလိုက်ပါ

 

မစ္စဟောက်သည် ထိုသို့ပြောပြီးနောက် ခေါင်းလှည့်ကာ သားဖြစ်သူကို စတင် ဆူပူမာန်မဲတော့သည်၊ “နင်လည်း အတူတူပဲ။ နင့်အဖေက နင့်ကို နောက်ဆုံးအကြိမ် သတိပေးခဲ့တယ်၊ ဒါပေမယ့် နင်က အဲ့တာကို အလေးအနက်မထားခဲ့ဘူး။ အခု၊ ငါ နင့်ကို ထပ်သတိပေးမယ်၊ နင် ဒီမိန်းမနဲ့ အမြန်ဆုံး လမ်းခွဲလိုက်ပါ။ မဟုတ်ရင်၊ နင်က ငါ့သား မဟုတ်တော့ဘူးလို့ သတ်မှတ်လိုက်ရလိမ့်မယ်။”

 

ထိုသို့ ပြောပြီးနောက် မစ္စဟောက်သည် ဟောက်ရှောက်ဖုန်း၏ တုံ့ပြန်မှုကို ဂရုမစိုက်ပဲ ‌ဒေါက်မြင့်ဖိနပ် တဒေါက်ဒေါက်အသံမြည်အောင် စီးကာ ထွက်သွားခဲ့သည်။

 

ဟောက်ရှောက်ဖုန်းသည် စက္ကန့်အနည်းငယ်မျှ ကြက်သေ သေသွားပြီးနောက် နောက်ဆုံးတွင် အသိပြန်ဝင်လာခဲ့သည်။ သူက အလျင်စလိုဖြင့် သူ့အမေအား လိုက်ဖမ်းခဲ့သည်။

 

“အမေ”

 

သားအမိနှစ်ယောက်စလုံး ထိုကဲ့သို့ပင် ထွက်ခွာသွားခဲ့ကြကာ ဝမ်ကျင့်ဖျင်ကို ဆေးရုံကုတင်ပေါ်တွင် တစ်ယောက်တည်း ထားရစ်ခဲ့သည်။ ဝမ်ကျင့်ဖျင်၏ မျက်နှာသည် လုံးဝ ဖြူစွတ်နေပြီး သူမရဲ့ မျက်လုံးများထဲတွင် အရှက်တရားကြောင့် ကျဆင်းနေသော မျက်ရည်များ ပြည့်နှက်နေခဲ့သည်။

 

သူမမှာ ဘာဖြစ်လို့ ဒီလိုမျိုး ကြုံတွေ့ရတာလဲ။ သူမ ဒီလောက် ပေးဆပ်ခဲ့တာကိုတောင် ဒီအဖွားကြီးရဲ့ အရှက်ခွဲမှုကို ဘာဖြစ်လို့ ခံနေရသေးတာလဲ။ သူမကို ဒီအဖွားကြီး ဒီလောက် မနှိမ်ချသင့်ဘူး မဟုတ်လား။

 

ဒါက သူမ အပြစ်မဟုတ်မှန်း သိသာပါသည်။ သူမနဲ့ ဘာမှ မဆိုင်ပေမယ့် အပြစ်အားလုံးကို သူမအပေါ် ပုံချခဲ့ပြီး သူမသာလျှင် အပြစ်တင်ခံခဲ့ရသည်။

 

ခွေးကြီး၊ ခွေးမကြီး၊ ခွေးကောင်၊ သူတို့တွေအကုန်လုံး ခွေးကောင်တွေပဲ။ တစ်နေ့ကျရင် ဒီအဖွားကြီးလည်း သူမကို ခွေးတစ်ကောင်လို ဒူးထောက်ပြီး တောင်းပန်ရလိမ့်မယ်။

 

ဝမ်ကျင့်ဖျင်၏ မျက်နှာသည် အနည်းငယ် ပုံပျက်နေပြီး သူမ၏ မျက်လုံးများတွင် နာကြဥ်းမှုနှင့် မုန်းတီးမှုများ ပေါ်လာခဲ့သည်။

 

စုယန်ယန်သည် ဆေးရုံတွင် ဖြစ်ပျက်ခဲ့သည်မျာကို ဘာမှမသိပဲ ဟောက်ချန်ဟွမ်း၏ ပထမဆုံး အပ်စိုက်ကုထုံးအတွက် ပြင်ဆင်နေသဖြင့် အလုပ်ရှုပ်နေသည်။

 

“ရှင် အပ်စိုက်ကုထုံးအပ်တွေကို တကယ် မကြောက်ဘူးမလား။” စုယန်ယန်တစ်ယောက် ပြီးခဲ့သည့် ဗီဒီယိုဖုန်းခေါ်မှုအတွင်း ဟောက်ချန်ဟွမ်းရဲ့ အပြုအမူကို မှတ်မိနေခဲ့ပြီး သူမက ထပ်မံ အတည်ပြုမေးမြန်းခဲ့သည်။

 

ဟောက်ချန်ဟွမ်းက သူ မကြောက်ဘူးလို့ ပြောချင်ပေမယ့် စုယန်ယန်ရဲ့ အရင်ဖော်ပြချက်ကို ရုတ်တရတ် သတိရသွားပြီး သူ့စကားတွေကို တိတ်တိတ်လေး ပြန်မျိုချလိုက်သည်။

 

“…”

 

“…”

 

နှစ်ယောက်သား အကြည့်ချင်းဆုံပြီး နှစ်ယောက်လုံး စကားမပြောဆိုကြသဖြင့် လေထုသည် ခဏတာမျှ အဆင်မပြေ ဖြစ်နေခဲ့သည်။

 

“အဟမ်း၊ အဆင်ပြေပါတယ်၊ အဆင်ပြေပါတယ်။ ဒီအပ်တွေက ကြည့်ရတာ ကြောက်စရာကောင်းတဲ့ပုံပေါ်ပေမယ့် မနာပါဘူး။ အရင်ဆုံး စမ်းကြည့်လိုက်ပါလား။ ရှင် တကယ်ပဲ ကြောက်နေမယ်ဆိုရင်တော့ ကျွန်မတို့ တခြားနည်းလမ်းတစ်ခု ထပ်စဥ်းစားကြည့်ရမှာပဲ။” စုယန်ယန်က အပ်စိုက်ကုထုံးအပ်တွေကို ထုတ်ယူရင်း ပြောလိုက်သည်။

 

သူ့လက်ဖဝါးရဲ့ ထက်ဝက်ကျော်ရှည်တဲ့ သေးသွယ်တဲ့ အပ်တစ်ချောင်းကို တွေ့လိုက်ရတဲ့အခါ ဟောက်ချန်ဟွမ်းရဲ့ မျက်နှာမှာ အက်ကြောင်းတစ်ခု ပေါ်လာခဲ့သည်။

 

စုယန်ယန်က သူ့မျက်နှာအမူအရာ အပြောင်းအလဲကို အာရုံစိုက်နေသဖြင့် ဒါကို မြင်လိုက်ရတဲ့အခါ အစမ်းသဘောနဲ့ မေးကြည့်လိုက်သည်၊ “ကျွန်မကို ကျွန်မ အရင်ဆုံး စမ်းထိုးပြကြည့်ရမလားဟင်။ ရှင် အဲ့တာကို ကြည့်လို့ အဆင်ပြေရင်၊ ကျွန်မ ရှင့်ကို ထပ်စိုက်ပေးမယ်။”

 

ဟောက်ချန်ဟွမ်းက စုယန်ယန်ကို “အဲ့လို လုပ်ဖို့မလိုဘူး။” လို့ တားမြစ်လိုက်သည်။

 

“ဟမ်”

 

“မင်းကိုယ်မင်း အပ်စိုက်ကြည့်ဖို့ မလိုအပ်ဘူး၊ ကိုယ့်ကိုပဲ စိုက်လိုက်ပါ။”

 

စုယန်ယန်တစ်ယောက် အလွန်အမင်း ထိရှသွားပေမယ့် ဟောက်ချန်ဟွမ်းက ဤကဲ့သို့ စကားမျိုး မပြောခဲ့လျှင်ပင် သူမ ပို၍ စိတ်လှုပ်ရှားနေလိမ့်ဦးမှာပင်။

 

“စိတ်မပူပါနဲ့၊ ကျွန်မ အရင်က တခြားသူတွေကိုလည်း အပ်စိုက်ဖူးပါတယ်။ ပထမအကြိမ်တုန်းကလို သွေးထွက်သံယိုအဖြစ်မျိုး ထပ်ပြီး ဖြစ်တော့မှာ မဟုတ်ပါဘူး။ ကျွန်မကို ယုံကြည်ထားလိုက်ပါ။”

 

ဟောက်ချန်ဟွမ်း၊ “...” အခု မင်း အဲဒီအကြောင်းကို ပြောလိုက်တော့၊ ကိုယ် ပိုလို့တောင် စိတ်ပူသွားမိတယ်။

 

မည်သို့ပင်ဆိုစေ၊ ဟောက်ချန်ဟွမ်းသည် စုယန်ယန်၏ ကိုယ်ပေါ်၌ ထိုအပ်ကို ဘယ်သောအခါမျှ ထိုးစိုက်ကြည့်ဖို့ ခွင့်မပြုနိုင်ပါဘူး။ သူ့ကိုယ်သူ စတေးဖို့ကလွဲလို့ အခြား ရွေးချယ်စရာ မရှိပါဘူး။

 

ခန္ဓာကိုယ်အောက်ပိုင်း အကြောသေခြင်းအတွက် ယန်ကောလန့်ချင်း၊ ဇူ့ရှန်းလီ၊ ရွှမ်းကျောင်၊ ဟွမ်ထျောင့်၊ ရုန်ချွမ်၊ စန်းယင်းကျောင်နှင့် အခြားအပ်စိုက်မှတ်များကို အပ်စိုက်ခဲ့သည်။

 

ဤအပ်စိုက်မှတ်အများစုသည် ခြေထောက်များပေါ်တွင်သာရှိပြီး ထိုင်နေသည့် အနေအထားတွင် အနည်းငယ် အဆင်မပြေ ဖြစ်နေသည်။

 

အပ်မစိုက်မီ စုယန်ယန်၏ မျက်နှာဟာ အနည်းငယ် နီမြန်းသွားသည်။ သူမက အသက်ပြင်းပြင်းရှုကာ “ရှင်... ရှင့်ဘောင်းဘီကို အရင်ချွတ်လိုက်ပါ” ဟု ပြောလိုက်သည်။

 

ညစာ စားသောက်ပြီးနောက် အစာကြေအောင် အပြင်ဖက်တွင် ဟိုဟိုဒီဒီ လျှောက်နေခဲ့သည့် ဦးလေးကျန်း၊ “???”

 

ဟောက်ချန်ဟွမ်းက မျက်ခုံးပင့်လိုက်ပြီး “မင်း သေချာလား။” လို့ မေးလိုက်သည်။

 

စုယန်ယန်၏ မျက်နှာဟာ ပေါက်ကွဲလုမတတ် နီရဲနေပြီး သူမရှေ့ကလူကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ “ပေါက်တတ်ကရတွေ ပြောမနေနဲ့။ ရှင့်ကို အပ်စိုက်ကုသဖို့ ရှင့်ဘောင်းဘီကို ချွတ်ခိုင်းတာ။ အခန်းထဲမှာ အပူပေးစက်ကို မြင့်မြင့်ဖွင့်ထားတယ်။ ရှင် အေးခဲသွားမှာကို စိုးရိမ်မနေနဲ့။”

 

ဟောက်ချန်ဟွမ်းရဲ့ မျက်ဝန်းတွေက မှောင်မည်းလာပြီး အဖြေကို သူသိနှင့်ပြီးသား ဖြစ်နေတာကိုတောင် “မင်း ပြောတဲ့ ကိုယ့်အဝတ်အစားတွေကို ချွတ်ခိုင်းတာက အပေါ်တစ်ထပ်ကို ချွတ်ရမှာလား ဒါမှမဟုတ် အကုန်လုံးကို ချွတ်ရမှာလား” လို့ မေးမြန်းလိုက်သေးသည်။