အပိုင်း ၂၉၃
Viewers 1k

 

အခန်း (၂၉၃)

 – အိမ်ရဲ့ အသံလုံစနစ်က သိပ်မကောင်းဘူး

 

ဟောက်ချန်ဟွမ်းသည် အနည်းငယ် မှင်သက်နေပုံရပြီး သူ့အတွက် ရှင်းမပြနိုင်လောက်အောင် စိတ်ရှုပ်ထွေးနေခဲ့သည်။ ခဏလောက်တော့ သူ ကယောင်ချောက်ချား ဖြစ်နေတယ်လို့တောင် ထင်ခဲ့မိသည်။

 

အခြားတစ်ဖက်တွင်မူ စုယန်ယန်တစ်ယောက်တော့ အရမ်းစိတ်လှုပ်ရှားနေခဲ့သည်။ သူမရဲ့ မျက်ဝန်းတွေက အနည်းငယ် နီရဲနေပြီး “ဒါက အစပိုင်းမှာ ဒီလိုခံစားရတာ ပုံမှန်ပါပဲ၊ ဒါပေမယ့် နည်းနည်းကြာလာတဲ့အခါ နာကျင်လာနိုင်တယ်။ ဒါတွေက ရှောင်လွှဲလို့ မရဘူး။ ဒါက ရှင့်အာရုံကြောတွေ တဖြည်းဖြည်း ပြန်ကောင်းလာတယ်လို့ ဆိုလိုတာပဲ။ ရှင် နာကျင်မှုကို ပိုသိလေလေ၊ ရှင် ပြန်သက်သာလာနိုင်နှုန်းမြင့်တယ်လို့ ဆိုလိုတာပဲ ဖြစ်တယ်။”

 

“ကိုယ် အဆင်ပြေပါတယ်။ ကိုယ် နာကျင်မှုကို မကြောက်ပါဘူး။”

 

စုယန်ယန်က ဒီစကားကို သံသယရှိသည်။ ထိုးဆေးထိုးနှံဖို့ကိုပင် ကြောက်နေတဲ့သူက ဒီလို နာကျင်မှုမျိုးကို နည်းနည်းလေးတောင် မကြောက်ဘူးလား။

 

ဟောက်ချန်ဟွမ်းသည် စုယန်ယန်ရဲ့ နှလုံးသားထဲမှ သူ့ရဲ့ တန်ခိုးကြီးပြီး အစွမ်းထက်သော ပုံရိပ်သည် ဤအပ်တစ်ချောင်းကြောင့် လုံးဝ ပြိုကျသွားသည်ကို မသိခဲ့ပေ။

 

စုယန်ယန်သည် အပ်စိုက်ကုသပြီးနောက်တွင် ဟောက်ချန်ဟွမ်းကို အနှိပ်ကုထုံးဖြင့် ဆက်ကုသပေးသည်။

 

ဒါပေါ့၊ သေချာပေါက် နှိပ်နယ်ကုသခြင်းသည်လည်း ရိုးရိုးရှင်းရှင်း လုပ်လို့ရတဲ့အရာ မဟုတ်ပါဘူး။ အပ်စိုက်ကုထုံးကဲ့သို့ အပ်စိုက်မှတ်များကို ရွေးချယ်ရန် လိုအပ်ပြီး နှိပ်နယ်ခြင်း၊ ပွတ်တိုက်ခြင်းနှင့် ဆေးလိမ်းပေးခြင်း ကဲ့သို့သော နည်းလမ်းများလည်း ရှိပါသည်။ မတူညီသော အပ်စိုက်မှတ်များအတွက် မတူညီသော နှိပ်နည်နည်းများ လိုအပ်ပါသည်။

 

ဟောက်ချန်ဟွမ်း၏ ရောဂါအတွက် သူမသည် ယင့်ထန်၊ ပိုင်ဟွေ့၊ ဖုန်ဖူ့နှင့် အခြားအပ်စိုက်မှတ်များကို ဦးစွာ နှိပ်နယ်ပြီးနောက် ကျန့်ကျင်း၊ ကျန့်ထျောင်း၊ ချွီ့ချီနှင့် အခြားအပ်စိုက်မှတ်များသို့ ပြောင်းရွှေ့နှိပ်နယ်ပြီး နောက်ဆုံးတွင် နောက်ကျောနှင့် ခြေလက်အင်္ဂါအချို့ကို ရောက်ရှိသွားပြီး နှိပ်နယ်ကုသပေးခဲ့သည်။

 

အပေါ်မှ အောက်အထိ တစ်ကိုယ်လုံး စေ့စေ့စပ်စပ် နှိပ်နယ်ပေးခြင်းဟု ဆိုနိုင်ပါသည်။

 

နှိပ်နယ်ကုသပြီးသွားသောအခါတွင်၊ စုယန်ယန်သည် မောပန်းနွမ်းနယ်နေသော်လည်း ဟောက်ချန်ဟွမ်းကတော့ မှန်ကန်သော ခွန်အားနှင့် အခန်းတွင်းရှိ မွှေးပျံ့သော ရနံ့ကုထုံးများအောက်တွင် အိပ်ပျော်နေခဲ့ပြီ ဖြစ်သည်။

 

စုယန်ယန်သည် ကုတင်းဘေးရှိ ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်သည်။ သူမ အနားယူနေရင်း သူမရဲ့ မျက်ဝန်းတွေကတော့ ကုတင်ပေါ်ရှိလူကို စိုက်ကြည့်နေခဲ့သည်။

 

အချိန်အတော်ကြာပြီးနောက် သူမသည် သူ့ကို ငုံ့နမ်းလိုက်သည်။ “ရှင့်ရဲ့ ကြိုးစားမှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ဒါက လုံးဝ ထိုက်တန်ပါလိမ့်မယ်လို့ ကျွန်မ ကတိပေးပါတယ်။”

 

နောက်တစ်နေ့ ဟောက်ချန်ဟွမ်း အိပ်ရာနိုးလာသောအခါတွင် စုယန်ယန်သည် မနက်စာပြင်ဆင်ရန် အိမ်အောက်ထပ်သို့ ဆင်းသွားနှင့်ပြီ ဖြစ်သည်။

 

ဟောက်ချန်ဟွမ်းသည် ကုသမှုရဲ့ ဒုတိယပိုင်းမှာ ဖြစ်ပျက်ခဲ့သမျှ အဖြစ်အပျက်တွေကို မှတ်မိခြင်း မရှိပါဘူး။ သူ အိပ်မပျော်ခင် စုယန်ယန်က သူ့ကို နှိပ်နယ်ပေးနေတာကိုသာ မှတ်မိခဲ့သည်။

 

ဒီတစ်ကြိမ်မှာ သူ ပိုကောင်းလာတယ်လို့ ခံစားရရုံသာမက သူ့ရဲ့ လေးလံနေတဲ့ ခန္ဓာကိုယ်တောင် ပေါ့ပါးသွားသလို ခံစားနေရသည်။

 

“အဟွတ်...” ဟောက်ချန်ဟွမ်းတစ်ယောက် အိမ်အပေါ်ထပ်မှ ဆင်းလာသည်နှင့် တပြိုင်နက် ဦးလေးကျန်းသည် သူ့ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာပြီး “မင်္ဂလာနံနက်ခင်းပါ၊ သခင်လေး” လို့ နှုတ်ခွန်းဆက်သလာခဲ့သည်။

 

“မင်္ဂလာနံနက်ခင်းပါ” ဟောက်ချန်ဟွမ်းသည် ခေါင်းညိတ်နှုတ်ဆက်လိုက်ပြီး အိမ်နောက်ဖက်သို့ သွားကာ စုယန်ယန်ကို သွားရှာတော့မယ့်အချိန်တွင် ဦးလေးကျန်းတစ်ယောက် ချီတုံချတုံ ဖြစ်နေတာကို သတိပြုမိသွားသည်။ ဦးလေးကျန်းသည် သူ့ကို တစ်ခုခု ပြောချင်ပေမယ့် သူ့ကိုယ်သူ ထိန်းချုပ်ထားပုံရသည်။

 

ဟောက်ချန်ဟွမ်းတစ်ယောက် မျက်မှောင်ကြုတ်သွားသည်။ “ဘာဖြစ်လို့လဲ။”

 

ဦးလေးကျန်းက ခေါင်းမတ်မတ်ထားလိုက်ပြီးနောက် အလွန်အလေးအနက်ထားကာ ပြောလိုက်သည်။ “သခင်လေး၊ သခင်လေးနဲ့ သခင်မလေးတို့က ကြင်စဦးတွေဆိုတာ ဦးလေး နားလည်ပါတယ်။ မင်းရဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ်ရခက်မှာ မလွဲဧကန်ပါပဲ၊ ထိန်းချုပ်ဖို့မလွယ်ကူမှာကို သိပေမယ့် ဒီအိမ်တော်ရဲ့ အသံလုံစနစ်က အရင်အိမ်ကြီးလောက် မကောင်းဘူး။ ဦးလေးလည်း အိမ်စေတွေကို အိမ်တော်ရဲ့ အဝေးမှာနေထိုင်ဖို့ စေလွှတ်ပေးပါတယ်၊ ဒါပေမယ့် ဒီလို ခဏခဏလုပ်တာက သခင်လေးနဲ့ သခင်မလေးတို့ရဲ့ ကျန်းမာရေးအတွက် မကောင်းဘူး။”

 

ဟောက်ချန်ဟွမ်းသည် ဦးလေးကျန်း၏ ဆိုလိုရင်းကို နားလည်ရန် စက္ကန့်အနည်းငယ်ကြာခဲ့ပြီး သူ့မျက်နှာအမူအရာဟာ ပြောင်းလဲသွားသည်။

 

ယခုအချိန်အထိ သူနှင့်အတူ ဆေးရုံသို့ လိုက်ပါလာခဲ့သည့် ကျိုးယန်ပိုင်နှင့် စုယန်ယန်တို့နှစ်ဦးကသာ သူ့ရဲ့ မစွမ်းဆောင်နိုင်မှုကို သိရှိခဲ့ကြသည်။ အခြားသူတွေက ဒါကို မသိကြတော့ သူတို့ရဲ့ ကိုယ်ပိုင်မှန်းဆချက်များ ရှိနေတာလား ဒါမှမဟုတ် အမှန်တကယ် မသိကြတာလား မသေချာပေ။

 

သူသည် ယုကျစ်ယန်နဲ့ တခြားသူတွေကိုတောင် မပြောခဲ့ဘူး။ သူ့ကို ငယ်စဥ်ကတည်းက ကြည့်ရှုစောင့်ရှောက်ခဲ့တဲ့ ဒီလူကြီးက သူ့ကို ရိုးရိုးသားသား ဆက်ဆံခဲ့တဲ့ ဟောက်မိသားစုထဲက တစ်ဦးတည်းသော လူကြီးလည်းဖြစ်တာကြောင့် ဒါကို သိရင် ဒီကိစ္စအတွက် သူ့ကိုယ်သူ အပြစ်တင်မှာကို မလိုလားတာကြောင့် ဟောက်ချန်ဟွမ်းသည် ဦးလေးကျန်းကို မပြောပဲ ထားခဲ့တာ ဖြစ်သည်။

 

မထင်မှတ်ပဲ၊ သူ့ရဲ့ ဖုံးကွယ်ထားမှုကြောင့် ဒီလို ကြီးမားသော အထင်လွဲမှုကို ဖြစ်ပေါ်စေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

 

ဦးလေးကျန်းသည် လွန်ခဲ့သော နှစ်ရက်က အိမ်တွင် ရုန်းရင်းဆန်ခတ်ဖြစ်နေသည်ကို ကြားသိခဲ့ရပြီး သူတို့နှစ်ဦးအတွက်ပင် မှားယွင်းစွာ တွေးတောမိခဲ့သည်…