– အပြစ်ခံယူလိုက်သည်
ဟောက်ချန်ဟွမ်းရဲ့ မျက်နှာပေါ်တွင် ရှားရှားပါးပါး ရှက်ရွံ့သော အသွင် ဖြစ်ပေါ်နေခဲ့သည်။
သူ မရှင်းပြဖို့ အချိန်မရသေးခင် စုယန်ယန်က သူတို့ရဲ့ စကားဝိုင်းကို ကြားလိုက်ရသည်။
သူမက မီးဖိုချောင်ထဲမှ ခေါင်းထွက်လာပြီး “ရှင်တို့ ဘာအကြောင်း ပြောနေတာလဲ” လို့ လှမ်းမေးခဲ့သည်။
“ဘာမှ မဟုတ်ပါဘူး။” ဟောက်ချန်ဟွမ်းသည် ဦးလေးကျန်း ပြန်မဖြေခင် အရင်ပြန်ဖြေလိုက်သည်။
“ကိုယ်တို့ မင်း ဒီမနက် ဘာအရသာရှိတာလေး ချက်ပြုတ်မလဲ ဆိုတာကို ဆွေးနွေးနေကြတာ။”
“ကျွန်မ မနက်စာကို ဂျုံယာဂုနဲ့ အရံဟင်းနည်းနည်း ပြင်ဆင်ထားတယ်။ မကြာသေးခင်က ရှင့်ရဲ့
အထူးအခြေအနေရောက်နေလို့ ရှင် အရသာ ခပ်ပေါ့ပေါ့ စားသောက်ဖို့ လိုအပ်တယ်။”
ဟောက်ချန်ဟွမ်းသည် စုယန်ယန်ရဲ့ ပြောစကားကို ကြားလိုက်ရသောအခါ ထိတ်လန့်သွားခဲ့ရသည်။
မျှော်လင့်ထားသည့်အတိုင်း သူ ခေါင်းလှည့်လိုက်သည်နှင့် ဦးလေးကျန်း၏ စနောက်ကျီစယ်လိုသည့်
အကြည့်နှင့် ရင်ဆိုင်လိုက်ရသည်။
ဟောက်ချန်ဟွမ်း၊ “...” ကောင်းပြီ၊ သူတို့ရဲ့ နာမည်ဂုဏ်သတင်းကို မြစ်ဝါမြစ်ထဲ
ခုန်ဆင်းသွားရင်တောင် ရှင်းနိုင်မှာ မဟုတ်တော့ဘူး။
စုယန်ယန်သည် သူတို့နှစ်ဦးကြားရှိ ဆက်သွယ်ချက်ကို သတိမထားမိပဲ ဂျုံယာဂုနှင့် ဟင်းလျာများကို
တတ်နိုင်သမျှ အမြန်ခင်းကျင်းလိုသဖြင့် မီးဖိုချောင်ထဲ ပြန်ဝင်သွားခဲ့သည်။
သူမ ထွက်သွားသည်နှင့် တပြိုင်နက် ဟောက်ချန်ဟွမ်းသည် သက်ပြင်းတစ်ချက်ကျကာ အပြစ်ခံယူလိုက်သည်။
“ကျွန်တော် သတိထားလိုက်ပါ့မယ်။”
ဦးလေးကျန်း၏ မျက်နှာအမူအရာဟာ ပို၍ပင် နူးညံ့ပျော့ပျောင်းလာခဲ့ကာ သခင်လေးသည် အမှန်ပင်
နာခံတတ်ပြီး အကျင့်စာရိတ္တကောင်းမွန်သည်။ သူ့အနားရှိလူများကို ဘယ်လို ပြုမူဆက်ဆံပေးရမယ်
ဆိုတာကို သိရှိတဲ့ ဥာဏ်ကောင်းသော သခင်လေး ဖြစ်နေဆဲပါပင်။
သခင်လေးပဲဖြစ်ဖြစ် ဟောက်မိသားစုပဲဖြစ်ဖြစ် ဒီသခင်မလေးကြောင့် အရာအားလုံးဟာ နောင်အနာဂတ်မှာ
ကောင်းမွန်တဲ့ လမ်းကြောင်းပေါ်ကို ရောက်ရှိသွားပါလိမ့်မည်။
“ဒီနေ့ ကျွန်မ ဆိုင်သွားကြည့်ရမယ်။ ရှင် အိမ်ဟောင်းကို ပြန်သွားမလား ဒါမှမဟုတ်...”
“ကိုယ် မင်းကို အိမ်ဟောင်းမှာ စောင့်နေမယ်။”
“ကောင်းပြီ၊ ကျွန်မ အလုပ်ပြီးတာနဲ့ ပြန်ခဲ့မယ်။ နေ့လည်ကျရင် ရှင့်အတွက် ဆေးဖက်ဝင်ဟင်းလျာတွေကို
လူတစ်ယောက်လွှတ်ပြီး လာပို့ခိုင်းလိုက်မယ်။ ရှင် စားသောက်ဖို့ မမေ့နဲ့နော်။”
စုယန်ယန်သည် မှာကြားပြီးသော်လည်း စိုးရိမ်ပူပန်နေဆဲ ဖြစ်ကာ သူမအတွက် မဟာမိတ်တစ်ဦးကို
ရှာဖွေခဲ့သည်။ “ဦးလေးကျန်း၊ ကျွန်မ လူတွေကို ပို့ပေးခိုင်းလိုက်မယ့် ဟင်းလျာတွေက ချန်ဟွမ်းရဲ့
ကျန်းမာရေးအတွက် အကျိုးပြုမယ့်အရာတွေပဲ။ သူ့ကို စောင့်ကြည့်ပြီး အဲ့တာတွေကို စားခိုင်းဖို့
ကူညီပေးပါဦး။”
ဦးလေးကျန်းက အပြုံးတစ်ပွင့်ဖြင့် “စိတ်မပူပါနဲ့၊ သခင်မလေး။ ဦးလေး သခင်လေး အစားကုန်အောင်
စား မစား သေချာစောင့်ကြည့်ပေးပါ့မယ်။ တကယ်လို့ သူ မစားဘူးဆိုရင် ဦးလေး သခင်မလေးဆီ ဖုန်းဆက်လိုက်ပါ့မယ်။”
ဟု ပြန်ပြောခဲ့သည်။
“ကောင်းပါပြီ။ သူ မစားဘူးဆိုရင် ကျွန်မကို ပြောပါ။ ကျွန်မ သူနဲ့ စကားပြောလိုက်မယ်။”
ဟောက်ချန်ဟွမ်းသည် သူတို့နှစ်ယောက် အတွဲညီစွာ စကားကောင်းနေတာကို ကြည့်ပြီး သူ့မျက်နှာပေါ်တွင်
နွေးထွေးတဲ့ အပြုံးတစ်ပွင့် ပေါ်လာခဲ့သည်။ “နှစ်ရက်ပဲ ရှိသေးတယ်၊ ဦးလေးကျန်းက မင်းဖက်မှာ
ရပ်တည်နေပြီ။”
စုယန်ယန်သည် တိုက်ပွဲတွင် အနိုင်ရသော ကြက်ဖတစ်ကောင်ကဲ့သို့ မေးပင့်ပြီး “ဒါက
ဘယ်တတ်နိုင်ပါ့မလဲ။ ကျွန်မကို အရမ်းချစ်ဖို့ကောင်းအောင် ဘယ်သူက မွေးခိုင်းလို့လဲ။”
ဟု ဘဝင်ခိုက်စွာ ဆိုလိုက်သည်။
ဟောက်ချန်ဟွမ်းက ပြုံးပြီး ဘာမှပြန်မပြောပဲ သူမ ဆော့ကစားနေတာကို ငြိမ်ငြိမ်လေး
ကြည့်နေခဲ့သည်။
မနက်စာ စားသောက်ပြီးနောက် စုယန်ယန်သည် ကျွန်းမှထွက်ခွာပြီး စားသောက်ဆိုင်သို့
သွားခဲ့သည်။ စုယန်ယန်သည် မနေ့က ချက်ပြုတ်ထားခဲ့သော ဟင်းလျာ တစ်စိတ်တစ်ပိုင်းကို ယူဆောင်သွားခဲ့ပြီး
ဦးလေးကျန်းက ကျန်ရှိသော အစားအသောက်တွေကို အိမ်ဟောင်းသို့ ပြန်သယ်လာခဲ့သည်။
ချက်ပြုတ်စားသောက်သော အစားအသောက်မှလွဲ၍ စုယန်ယန်သည် သူမ လက်ဆောင်ပေးမည်ဟု ကတိပေးထားသည့်
အနီရောင်ကြက်ဥတွေဖြစ်အောင် ဆေးဆိုးဖို့ အနီရောင်ပန်းပွင့်ကြီးများကို ရှာဖွေရန် တစ်ယောက်ယောက်ကို
ခိုင်းစေထားခဲ့ပြီး ဖြစ်သည်။
ဝန်ထမ်းတွေက စုယန်ယန်သည် လတ်ဆတ်သော ပန်းပွင့်များဖြင့် ဆေးဆိုးထားသည့် ကြက်ဥတွေကို
မင်္ဂလာလက်ဆောင်အဖြစ် စားသောက်ဆိုင်ကို လာရောက်သော ဧည့်သည်များအား ပေးချင်ကြောင်း သိလိုက်ရသည်။
စားသောက်ဆိုင်ရှိ ဝန်ထမ်းများသည်လည်း အနီရောင်ကြက်ဥကို စားသောက်ပြီး ကြင်စဦးဇနီးမောင်နှံရဲ့
ကောင်းချီးမင်္ဂလာကို ခံယူတဲ့ ပထမဆုံးသော ကံထူးသူ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်လျက်
တစ်ယောက်ပြီးတစ်ယောက် စောင့်ကြည့်နေခဲ့ကြသည်။
ထို့ကြောင့် အနီရောင်ကြက်ဥများကို ထွက်လာသောအခါ ဒီလူတွေက အခြားသူများထက် ခြေတစ်လှမ်း
နောက်ကျမည်ကို စိုးရိမ်သောကြောင့် ရှေ့သို့ အတင်းဝိုင်းအုံလာခဲ့ကြသည်။
စုယန်ယန်သည် နောက်ဖေးမီးဖိုချောင်တွင် စားဖိုမှုးများအား ထန်ဟုလူလုပ်နည်းကို
သင်ကြားပေးခဲ့ပြီး ဒီနေ့အတွက် လက်ဆောင်လေးတွေအဖြစ် ဦးစွာ ထုတ်လုပ်ရန် သူတို့ကို တစ်သုတ်လောက်
လုပ်ပေးခိုင်းသည်။
ဟုတ်ပါတယ်၊ အနီရောင်ကြက်ဥတွေပဲဖြစ်ဖြစ် ထန်ဟုလူတွေပဲဖြစ်ဖြစ်၊ လက်ဆောင်တွေက ဒီနေ့အတွက်
အကန့်အသတ် ရှိပါသည်။
တကယ်လို့ သူတို့က ဒါတွေကို ထပ်မံ စားသုံးချင်သေးရင် သူမ သူတို့ကို ပေးနိုင်ပါသည်။
သို့သော် စားသောက်ဆိုင်တွင် သူမ သတ်မှတ်ထားသော ပမာဏတစ်ခုကို သုံးစွဲဖို့ လိုအပ်ပါသည်။
သုံးရက်ကြာ အနားယူပြီးနောက်၊ စားသောက်ဆိုင် ပြန်ဖွင့်ခဲ့သည်။ အံ့သြစရာကောင်းလောက်အောင်ပင်
စားသောက်ဆိုင်တစ်ခုလုံး လူပြည့်သွားခဲ့ပြန်သည်။
အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ကြသော ဧည့်သည်အချို့သည် ယခင် ဧည့်သည်များ၏ ပြောကြားချက်ကို
ကြားသိပြီးနောက် သူတို့၏ ရောဂါများကို ကုသလိုက်သည့် ရည်ရွယ်ချက်များဖြင့် ရောက်ရှိလာခဲ့ကြသည်။
၎င်းတို့ထဲမှ အချို့သည် ယခင်တိုက်ရိုက်ထုတ်လွှင့်မှုတွင် စုယန်ယန် ပြောခဲ့သည့် အနီရောင်ကြက်ဥအတွက်
သက်သက်လာခဲ့ခြင်း ဖြစ်သည်။