– အမွေအနှစ်၏ ကောင်းချီး
“ဒါက အနီရောင်ကြက်ဥလား။ အရမ်းလှတာပဲ။”
“ဒီကို မလာခင်တုန်းကတော့ အနီရောင်ကြက်ဥကို အနီရောင်လို့ပဲ ထင်ခဲ့ပေမယ့် အခုကျ
ပန်းရောင်နဲ့ ခရမ်းရောင် ဖြစ်နေတယ်နော်။”
စားသုံသူတွေက အနီရောင်ကြက်ဥအကြောင်းကို အရမ်းစိတ်ဝင်စားကြသည်။ ကြက်ဥတွေကို ယူပြီးတာနဲ့
သူတို့ဟာ ကြက်ဥတွေရဲ့ အထဲမှာ ဘာတွေ ကွာခြားလဲ ဆိုတာကို သိချင်စိတ်အပြည့်ဖြင့် ဖွင့်ကြည့်ချင်ကြသည်။
ရလဒ်ကတော့ သိသာထင်ရှားပါသည်။ သူတို့လက်ထဲကို ကိုင်ထားသည့် ကြက်ဥအပေါ်ခွံကို ဆေးဆိုးထားရုံမျှမက
ပြုတ်ထားသော ကြက်ဥအတွင်းမှ အတွင်းသားပါ အနီရောင် ဖြစ်နေခဲ့သည်။
“ဒါက...” စားသုံးသူတော်တော်များများက ဒီရုတ်တရတ် အခြေအနေကြောင့် ထိတ်လန့်သွားပြီး
“ဒါက ငါတို့ စားလို့ရသေးရဲ့လား။”
“ဟုတ်ကဲ့၊ ကျွန်တော်တို့ စားသောက်ဆိုင်က အနီရောင်ကြက်ဥတွေကို လတ်ဆတ်တဲ့ ပန်းဖျော်ရည်နဲ့
ဆေးဆိုးထားတာ ဖြစ်လို့ အန္တရာယ်ကင်းပြီး စားလို့ရပါတယ်။”
“ဒါက လတ်ဆတ်တဲ့ ပန်းဖျော်ရည်နဲ့ အရောင်ဆိုးထားတာလား။ ဒါက အတော်လေး ဆန်းသစ်တာပဲ။”
ပန်းပွင့်လေးတွေကို ချစ်မြတ်နိုးတဲ့ မိန်းကလေးသည် အနီရောင်ကြက်ဥလေးတွေကို နှာခေါင်းအောက်
အနံ့ရှုကြည့်လိုက်သည့်အခါတွင် ပန်းနံ့သင်းသင်းလေးကို အမှန်တကယ် ခံစားမိလေသည်။
ကြက်ဥပြုတ်ရဲ့ အရသာကတော့ အတူတူပါပဲ၊ အခြေခံအားဖြင့် ကွာခြားချက် ကြီးကြီးမားမား
သိပ်မရှိဘူး။
သို့ပေမယ့် ကြက်ဥကို ဆေးဆိုးထားသည့်နောက်မှာတော့ အနီရောင်ကြက်ဥကို တစ်ခါမှ မစားဖူးသူတွေအတွက်ကတော့
ဒီကြက်ဥဟာ စားဖို့ သက်သက်သာ မဟုတ်ဟု ခံစားလာရသည်။ သူတို့သည် စားသောက်နေရင်း ကောင်းချီးပေးခံရတယ်လို့
ခံစားလာခဲ့ကြပြီး ထိုစိတ်ဖြင့် အလေးအနက် စားသောက်ခဲ့ကြသည်။
ပထမအသုတ် အနီရောင်ကြက်ဥတွေကို ဖြန့်ဝေပြီးနောက် ဆေးဖက်ဝင်ဟင်းလျာများကို တစ်ခုပြီးတစ်ခု
တည်ခင်းခဲ့သည်။ ဆေးဖက်ဝင် ဟင်းလျာများနှင့်အတူ ကြီးမား လုံးဝန်း တောက်ပသော အနီရောင်
ထန်ဟုလူများကိုလည်း ရရှိခဲ့ပြန်သည်။
“ဒါက ထပ်ပြီး...”
“ဆိုင်မန်နေဂျာက ဒါကို ထန်ဟုလူလို့ ခေါ်တယ်လို့ ပြောတယ်။ ဒီနေ့အတွက် အကန့်အသတ်နဲ့
ပေးတဲ့ လက်ဆောင်ပါ။ ဒါကို လက်ဆောင်ရတဲ့ ဧည့်သည်အားလုံး ချမ်းသာပြီး သာယာဝပြောပါစေလို့
ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။”
“ထန်ဟုလူလား” စားသုံးသူသည် အသစ်အဆန်းဖြစ်နေသည့် ထန်ဟုလူတွေကို သူ့လက်ထဲ လှည့်လိုက်သည်။
“ဒီအစားအစာကို ဟောသွန်းနဲ့ ပြုလုပ်ထားတာ ဖြစ်တာကြောင့် အစာကြေအောင် ကူညီပေးနိုင်ပါတယ်။
ဒါပေမယ့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ အထူးသဖြင့် ကိုယ်ဝန်မမြဲသေးတဲ့ အမျိုးသမီးတွေ
အများကြီး မစားသင့်ပါဘူး။”
စားပွဲထိုးက ဤသို့ ပြောလိုက်သည့်အခါ ကိုယ်ဝန်ဆောင်အမျိုးသမီးက စိတ်အနှောင့်အယှက်
မဖြစ်ခဲ့ပါဘူး။ အဲဒီအစား စားသောက်ဆိုင်၏ စဥ်းစားပေးတတ်ပြီး ဂရုတစိုက်ရှိမှုအတွက် သူတို့ကို
ပိုလို့တောင် ကျေးဇူးတင်မိသေးသည်။
အဆင့်မြင့် စားသောက်ဆိုင်တွေမှာတောင် သာမန်ဟင်းလျာအချို့ စားသောက်ပြီး အသေးအဖွဲဝေဒနာတွေ
ခံစားရတတ်တယ် ဆိုတာ သိထားရပါမည်။ သို့ရာတွင်၊ အဆင့်မြင့် စားသောက်ဆိုင်တွေက စားသုံးသူများအား
အစစ အရာရာ အာရုံစိုက်ပြီး သတိပေးတာမျိုး တစ်ခါမှ မတွေ့ဖူးပါဘူး။
ဒီဆန်းသစ်သည့် ထန်ဟုလူတွေဟာ အပြင်ဖက်အခွံဟာ ကြွပ်ရွပြီး ချိုမြိန်သည်။ အတွင်းဖက်အသားတွင်
အချဥ်ဓာတ် အနည်းငယ်ရှိသော ဟောသွန်းနှင့် တွဲဖက်ထားသောကြောင့် တကယ့်ကို ဆွဲဆောင်မှုရှိတဲ့
သရေစာတစ်ခု ဖြစ်သည်။
“ဟူး၊ ဒီလိုပျော်စရာကောင်းတဲ့ပွဲတွေ နောက်ထပ် နည်းနည်းလောက် ကျင်းပဖြစ်ရင် ပိုကောင်းလိမ့်မယ်။
ဒါမှ သူဌေး ပြင်ဆင်ထားတဲ့ ဟင်းပွဲအသစ်တွေကို များများစားသောက်နိုင်မှာ။”
တခြားစားသုံးသူတွေကတော့ ဒါကို ကျေကျေနပ်နပ် သဘောတူခဲ့ကြသော်လည်း စုယန်ယန်သည်
ဒါကို ကြားသောအခါ သူမရဲ့ ပါးစပ်ထောင့်စွန်းတွေ တုန်ယင်သွားခဲ့သည်။
နောက်ထပ် အကြိမ်အနည်းငယ်လား။ သူမကို ဘယ်နှစ်ခါလောက် လက်ထပ်စေချင်နေတာလဲ။
သို့ရာတွင် သူမဦးလေးတို့စုံတွဲ ကလေးမွေးပြီး တစ်လသားအရွယ်တွင် အခြားပွဲတစ်ခုကို
ကျင်းပပေးနိုင်ပါလိမ့်မည်။
အဆုံး၌ သူမရဲ့ ဦးလေးဟာ ဒီဆိုင်ရဲ့ အဓိကရှယ်ယာရှင်တစ်ဦးလည်း ဖြစ်သည်။ တစ်ယောက်တည်း
ပျော်ရတာထက် လူတိုင်းနဲ့ ပျော်ရွှင်မှုတွေကို ဝေမျှရတာက ပိုကောင်းပါသည်။
ရှီဟွမ်စားသောက်ဆိုင်အတွက် အမှာစာ ၃၀၀ စီစဥ်ထားပြီး နေ့လည်မှာ အမှာစာ ၁၅၀နှင့်
ညဘက်ဆို အမှာစာ ၁၅၀ ရှိမည်။ ကြိုတင်မှာယူမှု၏ အထောက်အထား အချက်အလက်ပေါ် အခြေခံ၍ စားသုံးသူများသည်
စားသောက်ဆိုင်သို့သာ လာရောက်စားသောက်နိုင်သည်။ ခွဲတမ်းကို စွန့်လွှတ်နိုင်သော်လည်း
လွှဲပြောင်းပေး၍ မရပါ။
ဤနည်းဖြင့်၊ စားသောက်ဆိုင်၏ ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးနိုင်ရုံသာမက အချို့သော
မရိုးသားသည့် ဖြစ်ရပ်များ ဖြစ်ပေါ်လာမှုနှုန်းကိုလည်း တားဆီးပေးနိုင်သည်။
စားသောက်ဆိုင် ပိတ်ထားသည်မှာ သုံးရက်တာ ကြာမြင့်ပြီး အနီရောင်ကြက်ဥတွေရဲ့ ဆွဲဆောင်မှုနဲ့အတူ
နေ့လည် အမှာစာ ၁၅၀သည် အထူးသဖြင့် စောစောစီးစီး အကုန်မြန်သွားခဲ့သည်။
စုယန်ယန်သည် နောက်ဆုံးတွင် လူတိုင်းအတွက် အမှာစာကို အပြီးသတ်နိုင်ခဲ့ပြီး သူမ
အသက်ရှုမဝခင်မှာပင် သူမအဖိုးဖြစ်သူထံမှ ဖုန်းဝင်လာခဲ့သည်။
“ဟုတ်၊ သမီး အခု စားသောက်ဆိုင်မှာ ရောက်နေတာ။ အဖိုး သမီးကို ရှာတာ ဘာဖြစ်လို့လဲ။
ဘယ်သူ ဘာဖြစ်လို့လဲ။”
စုယန်ယန်သည် သူမအဖိုးဖြစ်သူထံမှ ရင်းနှီးကျွမ်းဝင်သော အမည်နာမတစ်ခုကို ကြားလိုက်ရသည်။
“ယဲ့ချီလျန်လား။ အေတက္ကသိုလ်ရဲ့ ဆေးဝါးဌာန ဌာနမှုး ယဲ့ချီလျန်လား။”