– ရှုပ်ထွေးသော ဆက်ဆံရေး
“ဟုတ်တယ်၊ ဟုတ်တယ်။ ချီမိသားစုရဲ့ မြေးငယ်လေးရဲ့ နာမည်ပဲ။”
စုယန်ယန်က အဓိကအချက်ကို ဖမ်းဆုပ်မိလိုက်ပြီး “အဖိုးက နျဥ်ချီလွေ့ရဲ့ အဖိုးကို
သိတာလား။”
“လူအိုကြီးချီနဲ့ အဖိုးနဲ့က ခမည်းခမက်တွေလေ။ သူ့သားက အဖိုးရဲ့ သားမက်လေ။”
စုယန်ယန်တစ်ယောက် ပြောစရာစကား ပျောက်ရှသွားသည်။ ဒီလို ရှုပ်ထွေးတဲ့ ဆက်ဆံရေးကို
သူမ မျက်စိကွယ်သွားခဲ့သည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က နျဥ်စစ်ယွမ်တို့ညီအစ်ကိုသည် နျဥ်ချီလွေ့၏ ရောဂါကို
လုံးလုံးလျားလျား ဖုံးကွယ်ရန် ကျရှုံးသွားခဲ့ကြသည်။
နျဥ်နှင့် ချီမိသားစု၏ အငယ်ဆုံးကလေး ဖြစ်သည့် နျဥ်ချီလွေ့သည် ငယ်စဥ်ကလေးဘဝအရွယ်ကတည်းက
အလိုလိုက် ချစ်ခင်ခံခဲ့ရသည်။
ဤအဖြစ်အပျက်များကို ကြားသိလိုက်ရသည်နှင့် မိသားစုနှစ်စု၏ ကောင်းကင်သည် ပြိုကျလုနီးပါး
ဖြစ်ခဲ့သည်။ သတင်းမပို့သူတစ်ယောက်အနေဖြင့် နျဥ်စစ်ယွမ်သည် သူ့အဖေအိုကြီးထံမှ တုတ်စာကို
မိလုနီးပါး ဖြစ်သွားခဲ့သည်။
မိသားစုနှစ်စုလုံး ရှုပ်ထွေးနေချိန်တွင် ယဲ့ချီလျန်ဟာ ချီမိသားစုမှာ ဧည့်သည်တစ်ဦးအဖြစ်
ရောက်ရှိနေသောကြောင့် သူ့ခမည်းခမက်တွေကို အကျိုးအကြောင်း မေးမြန်းမိသည်။
ဤကဲ့သို့ဖြင့် နျဥ်ချီလွေ့အကြောင်းကို ကြားသိခဲ့ရပြီး တစ်စုံတစ်ယောက်သည် သူ့ရောဂါကို
ရှေးခေတ်ကမ္ဘာမြေကြီး၏ တရုတ်ဆေးနည်းများကို အသုံးပြု၍ ကုသပေးနေကြောင်းကိုပါ သိခဲ့သည်။
ရှေးစာအုပ်များတွင် ပါရှိသော အပ်စိုက်ကုထုံးကို စုယန်ယန်တစ်ယောက် အမှန်တကယ် သိရှိကြောင်း
ယဲ့ချီလျန့် ကြားသိလိုက်ရသောအခါတွင် သူ ထိုင်မနေနိုင်တော့ပေ။
“အဖိုး မင်းကို ရုတ်တရတ် လာရှာတာ ရိုင်းမှန်း အဖိုးလည်း သိပါတယ်၊ ဒါပေမယ့် အဖိုး
အရမ်း သိချင်စိတ်ပြင်းပြပြီး စိတ်လှုပ်ရှားနေလို့ပါ။ ဒါကြောင့် အဖိုး သမီးကို လူကိုယ်တိုင်
လာမတွေ့ပဲ မနေနိုင်တော့လို့ပါ။” ယဲ့ချီလျန်သည် စိတ်လှုပ်ရှားစွာ မတ်တတ်ထရပ်လိုက်မိပြန်သည်။
သူက စုယန်ယန်ကို တောက်ပသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေခဲ့သည်၊ “လူအိုကြီးချီရဲ့
မြေးကို ကုသဖို့ ရှေးခေတ်ကမ္ဘာက အမွေအနှစ် အပ်စိုက်ကုထုံးကို သမီး တကယ် အသုံးပြုခဲ့တာလား။”
“သီအိုရီအရတော့... ဟုတ်ပါတယ်။”
ယဲ့ချီလျန့်သည် စုယန်ယန်ရဲ့ စကားကြောင့် စိတ်အနှောင့်အယှက်မဖြစ်ပဲ စုယန်ယန်ကို
ကြည့်သည့် အကြည့်တွေက ပိုပူပြင်းလာခဲ့သည်၊ “သမီးက အပ်စိုက်ကုထုံးနဲ့ ဆေးဖက်ဝင် ရနံ့ကုထုံးတစ်မျိုးကို
အသုံးပြုခဲ့တယ်လို့ နျဥ်မိသားစုက ကောင်စုတ်လေးဆီက အဖိုး ကြားခဲ့တယ်။”
“အပ်စိုက်ကုထုံးကို အပ်စိုက်ကုသနည်းနဲ့ စိတ်ညှို့ခြင်းဆိုပြီး ပိုင်းခြားထားပါတယ်။
အဖိုးပြောတဲ့ ဆေးဖက်ဝင် ရနံ့ကုထုံးက အဲဒီထဲက တစ်မျိုးပဲ။”
“ဒါဆို...”
စုယန်ယန်သည် ယဲ့ချီလျန့်၏ ချီတုံချတုံ အမူအရာကို မြင်လိုက်ရသဖြင့် “အပ်စိုက်ကုသရာမှာ
အသုံးပြုတဲ့ အပ်စိုက်ကုထုံးသုံးအပ်နဲ့ အမွှေးတိုင်တွေကို အဖိုး ကြည့်ချင်လား” လို့
အစပျိုး မေးမြန်းခဲ့သည်။
“အဖိုး ကြည့်လို့ရလား။”
စုယန်ယန်က ခေါင်းညိတ်ပြပြီး အပ်စိုက်အပ်အတွဲလိုက်ကို ထုတ်ယူပြသလိုက်သည်။
သူမ အပ်စိုက်အပ်တွေကို ဖွင့်ပြလိုက်သည်နှင့် စုယန်ယန်သည် အသက်ရှုသံပြင်းပြင်းကို
ကြားလိုက်ရသည်။
ယဲ့ချီလျန့်ဘေးမှ လူငယ်က “ဒီအပ်တွေက အရမ်းရှည်တာပဲ” လို့ မနေနိုင်ပဲ ညည်းညူလိုက်မိသည်။
ယဲ့ချီလျန့်သည် ဒီအပ်စိုက်အပ်တွေကြောင့် မထိတ်လန့်သွားပေ။ အဲဒီအစား၊ သူ့မျက်ဝန်းတွေက
တလက်လက် တောက်ပလာပြီး မေးမြန်းခဲ့သည်၊ “ဒီအပ်တွေက အပ်စိုက်ကုထုံးအတွက် အသုံးပြုတဲ့
အပ်တွေလား။ ဒါကို အဖိုး ပထမဆုံး မြင်ဖူးတာပဲ။ အဖိုး ကိုင်ကြည့်လို့ရလား။”
စုယန်ယန်၏ ပါးစပ်ထောင့်စွန်းလေးတွေ ကွေးညွှတ်သွားကာ “ရပါတယ်။ သမီး ဒီကို မလာခင်
ဒီအပ်တွေကို ပိုးသတ်ထားပါတယ်။”
“ပိုးသတ်ထားတယ်လား” ယဲ့ချီလျန့်၏ မျက်နှာပေါ်တွင် စိတ်အားထက်သန်မှုများ ပြည့်နှက်သွားသည်၊
“ဒါဆိုရင် သမီး အဖိုးကို အပ်စိုက်ကြည့်ပေးပါလား။”
လူတိုင်း၊ “...”
စုယန်ယန်တစ်ယောက် ဆွံ့အသွားသည်။ ဒါက သူမဘဝမှာ ပထမဦးဆုံးအကြိမ် အပ်စိုက်ကုသဖို့
အရမ်းစိတ်ဓာတ်ပြင်းပြတဲ့ စစ်သည်တော်နဲ့ တွေ့ဆုံခဲ့ရတာပဲ ဖြစ်သည်။ တကယ့်ကိုပင်၊ သူ့ဘဝကို
စူးစမ်းလေ့လာခြင်းမှာ မြှုပ်နှံထားသည့် ဝါရင့်သမ္ဘာရင့်တစ်ယောက်က သာမန်လူတွေနဲ့ တကယ်
မနှိုင်းယှဥ်နိုင်ဘူး။
“အဖိုး ဒါကို မေ့ထားလိုက်ပါ။ ဒီအမျိုးသမီးကတော့ နေမကောင်းတဲ့ပုံပေါ်တဲ့အတွက်
သူ့ကို အပ် နည်းနည်းလောက် စိုက်ပေးလို့ ရတယ်။”
ရုတ်တရတ် ရည်ညွှန်းခံလိုက်ရသည့် မိန်းကလေး၊ “...” ငါ့မှာ မရှိဘူး၊ ငါ မလိုချင်ဘူးလို့။
ယနေ့ ယဲ့ချီလျန့်နှင့်အတူ လိုက်ပါလာသော ထူးချွန်ကျောင်းသားနှစ်ဦးမှာ အမျိုးသားတစ်ဦးနှင့်
အမျိုးသမီးတစ်ဦး ဖြစ်သည်။ အမျိုးသမီး၏ အမည်မှာ ရှုယန်ကျွင်းဖြစ်ပြီး အမျိုးသားမှာ ဖမ်းကျားကျစ်ဖြစ်ကာ
အဆိုပါ တိုက်ရိုက်ထုတ်လွှင့်မှု ဗီဒီယိုကို ယဲ့ချီလျန့်ထံ ပေးပို့ခဲ့သူ ဖြစ်သည်။
“မလိုအပ်ပါဘူး၊ ငါ အဆင်ပြေပါတယ်။” ရှုယန်ကျွင်းသည် အသံအကျယ်ကြီးဖြင့် ထအော်လိုက်မိသည်။
အစ်~
ရှုယန်ကျွင်း၊ “...”
လူတိုင်း၊ “...”