- ကြို့ထိုးခြင်း
စုယန်ယန်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်မိသည်၊ “ရှင် ကြို့ထိုးနေတာ ဘယ်လောက်ကြာနေပြီလဲ။
ရှင် အခန်းထဲ ဝင်လာကတည်းက ဆက်တိုက် ကြို့ထိုးနေတာ။”
ရှုယန်ကျွင်းသည် သူမပါးစပ်ကို ဖွင့်ပြီး တစ်ခုခု ပြောမယ် ကြံလိုက်တိုင်း ကြို့ထိုးလာပြန်သည်။
သူမ ကြိုးစားတည်ဆောက်ခဲ့သော သတ္တိသည် ဒီကြို့ထိုးမှုကြောင့် ချက်ချင်းပင် ကြေမွသွားခဲ့သည်။
သူမသည် ဝမ်းနည်းပူဆွေးစွာ ဒီလို ပြောပြခဲ့သည်၊ “လွန်ခဲ့တဲ့ ရက်အနည်းငယ်က စဖြစ်ခဲ့တာ။
ပထမတော့ ဒါကို သိပ်ဂရုမစိုက်မိဘူး။ ဒီနှစ်ရက်အတွင်း ပိုဆိုးလာလိမ့်မယ်လို့ မထင်ထားဘူး။
အစ် ~ ~”
ရှုယန်ကျွင်းသည် စကားပြောတိုင်း ကြို့ထိုးနေခဲ့သည်။ အရင်က သူမ စကားမပြောခင်ကဆို
အဆင်ပြေပေမယ့် အခု သူမ စကားပြောတော့ ကြို့ထိုးတာက ခလုတ်ဖွင့်လိုက်သလိုပဲ ကြို့ထိုးတာ
မရပ်တော့ဘူး။ သူမသည် စက္ကန့်တိုင်းလိုလို ကြို့ထိုးနေခဲ့သည်။
တစ်ခါ ကြို့ထိုးလိုက်တိုင်း ရှုယန်ကျွင်း မတုန်လှုပ်ပဲ မနေနိုင်ပေ။ သူမကို ကြည့်ရတာ
ရယ်စရာကောင်းသလို သနားစရာလည်း ကောင်းသည်။
“ကြို့ထိုးခြင်းရဲ့ လက္ခဏာကို တရုတ်ဆေးပညာမှာ အာ့နီလို့ ခေါ်တယ်။ ကြို့ထိုးခြင်းကို
ဖြစ်စေတဲ့ အကြောင်းရင်းက အများကြီး ရှိတယ်။ အအေးမိခြင်းကြောင့် ဖြစ်နိုင်သလို ဝမ်မီးမကောင်းတာကြောင့်လည်း
ဖြစ်နိုင်ပါတယ်။ ရှင့်လက်ကို ဆန့်ပေးပါလား၊ သွေးခုန်နှုန်း တစ်ချက် စမ်းကြည်ပေးမယ်။”
“သူ့သွေးခုန်နှုန်းကို ဘယ်လို စမ်းသပ်ရမလဲ ဆိုတာကိုပါ သိတာလား။” ယဲ့ချီလျန့်က
ထအော်သည်။ သူက စုယန်ယန်ကို စကားပြောနေသည့် အရုပ်လေးတစ်ရုပ်ကို ကြည့်နေသလို စိုက်ကြည့်နေခဲ့သည်။
စုယန်ယန်က ရှက်ရွံ့သွားပြီး “... နည်းနည်းတော့ သိပါတယ်။”
ရှုယန်ကျွင်းသည် စုယန်ယန်ရဲ့ ပြောစကားကို ကြားတဲ့အခါ သူမရဲ့ မသိစိတ်အရ သူမ ဆရာဖြစ်သူကို
တစ်ချက်လှမ်းကြည့်လိုက်ရာ ဆရာြဖစ်သူက သူမအပေါ် လုံးဝ အာရုံမရှိတာကို မြင်တွေ့လိုက်ရသည်။
အကူအညီတောင်းရန် သူမရဲ့ စီနီယာအစ်ကိုကို လှည့်ကြည့်လိုက်သည်။
ဖမ်းကျားကျစ်သည် ဂျူနီယာညီမလေးရဲ့ အကူအညီတောင်းသော အကြည့်ကို လက်ခံရရှိခဲ့တော့
သူ့အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ သူက သူမကို ညင်သာစွာ နှစ်သိမ့်ပေးလိုက်သည်၊
“အဆင်ပြေပါတယ်။ အစ်ကိုတို့လည်း ဒီမှာ ရှိနေတာပဲ။ သူမက မင်းကို ဘာမှ မလုပ်ပါဘူး။ အစ်ကိုတို့ရဲ့
ဌာနမှုးက ဒီနယ်ပယ်မှာ ထင်ရှားတဲ့ ပုဂ္ဂိုလ်တစ်ဦးပဲ။ သူမမှာ တကယ် အရည်အချင်းမရှိပဲ ဌာနမှုးရှေ့မှာ
ချဲ့ကားပြောဆိုရဲရင် ဒါက သူ့သေခြင်းတရားကို သူကိုယ်တိုင် ရှာဖွေနေတာပဲ ဖြစ်သွားမှာ
မဟုတ်လား။ ဒါ့အပြင်၊ ဂျူနီယာညီမလေးလည်း သူမရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုမှတ်တမ်းတွေကို
ကြည့်ခဲ့ဖူးတာပဲ မဟုတ်လား။ သူမမှာ နည်းလမ်း တကယ်ရှိနေတာ ဖြစ်နိုင်ပါတယ်။”
ရှုယန်ကျွင်းသည် ဖမ်းကျားကျစ်ပြောတာကို ကြားပြီးနောက် သူမနှလုံးသားထဲတွင် အနည်းငယ်
စိတ်သက်သာရာ ရသွားခဲ့ပြီး သူမလက်ကို ဆန့်ထုတ်ပေးလိုက်သည်။
စုယန်ယန်က သူမရဲ့ လက်ကောက်ဝတ်ပေါ် လက်ထောက်ပြီး သေသေချာချာ စမ်းသပ်စစ်ဆေးခဲ့သည်။
သူမသည် သိပ်မကြာခင်မှာ သုံးသပ်ချက် ချနိုင်သွားသည်၊ “မကြာသေးခင်က ရှင် အအေးစာ တစ်ခုခု
စားသောက်ခဲ့တာလား။”
“အအေးစာ တစ်ခုခုလား။” ရှုယန်ကျွင်းသည် လွန်ခဲ့သည့် ရက်အနည်းငယ်က သူမ စားသောက်ခဲ့သော
အစားအစာများကို ပြန်စဥ်းစားခဲ့ကြည့်ပြီး “ဂဏန်းကိုရော... ထည့်တွက်လားဟင်” လို့ မေးမြန်းခဲ့သည်။
“အင်း” စုယန်ယန်သည် သူမလက်ကို ပြန်ရုတ်လိုက်ပြီး “ရှင့်ခန္ဓာကိုယ်က မွေးရာပါ
ချို့ယွင်းချက် ပါရှိပြီး အခြေခံဖွဲ့စည်းပုံ အားနည်းတဲ့ အမျိုးအစားထဲမှာ ပါတယ်။ အခုက
ဆောင်းရာသီ ရောက်နေပြီ၊ ဂဏန်းတွေက အအေးစာတွေ ဖြစ်တယ်၊ အထူးသဖြင့် ပင်လယ်ဂဏန်းတွေရဲ့
အကျိုးသက်ရောက်မှုက ပိုပြင်းထန်တယ်။ ရှင် ပင်လယ်ဂဏန်းတွေ စားတဲ့အခါ ကြက်သွန်ဖြူတို့
ဂျင်းတို့ကိုတောင် ထည့်မစားခဲ့ဘူး မဟုတ်လား။”
ရှုယန်ကျွင်းသည် အံ့အားသင့်သွားပြီး မသိစိတ်ကနေ ခေါင်းညိတ်လိုက်မိသည်။
သူမ၏ ဦးလေးသည် စီးပွားရေး လုပ်ငန်းရှင်တစ်ဦး ဖြစ်ပြီး နှစ်ကုန်တွင် ပင်လယ်ကမ်းစပ်မြို့မှ
ပြန်လာသောအခါ အရာကောင်းမွန်သည်ဟု ဆိုသော ပင်လယ်ဂဏန်းကြီးအချို့ကို ပြန်ယူလာခဲ့သည်။
အထူးသဖြင့် ဒီဂဏန်းတွေက ပိုအရသာရှိပြီး မိသားစုတွေကို အသစ်အဆန်းတွေအား မြည်းစမ်းကြည့်နိုင်ရန်
အနည်ငယ် မျှဝေပေးခဲ့သည်။
ဒီအရာက ကြောက်စရာကောင်းပြီး သူမ၏ မိခင်ဖြစ်သူက ဂဏန်းဟင်းလျာချက်ပြုတ်နည်းကို
မသိတာကြောင့် ရေဆူဆူမှာ ထည့်ပြုတ်ပြီး ဆားအနည်းငယ်ဖြူးလိုက်ရုံဖြင့် ချက်ပြုတ်ပြီးစီးသွားခဲ့သည်။
အခု စုယန်ယန်က ဒါကို ရည်ညွှန်းလိုက်သည့်အခါမှာ သူမ ဂဏန်းစားပြီးတဲ့ညက သူမရဲ့
ဝမ်းဗိုက် တကယ်မကောင်းတာကို ရုတ်တရတ် သတိရသွားသည်။
နောက်နေ့ အိပ်ရာနိုးချိန်မှစပြီး သူမ ကြို့ထိုးလာခဲ့သည်။
“ပင်လယ်စာတွေကို စားသောက်တဲ့အခါ ဂျင်း၊ ရှာလကာရည်နဲ့ ဝိုင်ဖြူထည့်တာ အကောင်းဆုံးပါပဲ။
မဟုတ်ရင်၊ အနံ့အရသာက ငါးညှီနံ့ရရှိရုံသာမက အေးပြီး ဝေဒနာ ခံစားရဖို့ ပိုများပါတယ်။”
ရှုယန်ကျွင်းသည် ရှက်ရွံ့သွားပုံပေါ်သည်။ လွန်ခဲ့သော နှစ်များကပင် သူမသည် ပင်လယ်စာတွေကို
တခါမှ မစားဖူးတာကြောင့် ဒီလိုတားမြစ်ချက်များကို သူမ ဘယ်လိုလုပ်ပြီး သိနိုင်ပါ့မလဲ။
ဒီကိစ္စက သူမဦးလေးနဲ့ သက်ဆိုင်တယ်လို့ သူမ မထင်မိပါဘူး။ အဆုံး၌ ဦးလေးဟာ ကောင်းမွန်တဲ့
ရည်ရွယ်ချက်တွေဖြင့် မိသားစုတိုင်းကို အစားကောင်း စားစေချင်လို့ မျှဝေပေးခဲ့တာပဲ ဖြစ်သည်။
တခြားသူတွေ စားတာ ဘာပြဿနာမှ မရှိပေမယ့် သူမ တစ်ဦးတည်းသာလျှင် စားသောက်လို့ အဆင်မပြေတဲ့သူ
ဖြစ်လေသည်။ ဒါက ကံမကောင်းတာလို့ပဲ ယူဆနိုင်မည်။
“ဒါက ပြဿနာ ကြီးကြီးမားမား မဟုတ်ပါဘူး။ ကျွန်မ ရှင့်ကို အရင်ဆုံး အပ်စိုက်ကုသပေးမယ်၊
ပြီးရင် ရှင့်ဝမ်းဗိုက်ကို ပူနွေးလာစေမယ့် ဆေးဖက်ဝင်ဟင်းလျာအချို့ကို ပြင်ဆင်ခိုင်းလိုက်မယ်။”