အပိုင်း ၂၉၉
Viewers 974

အခန်း (၂၉၉)

 

 – လည်ပင်းစောင်း(ဇက်ခိုင်)ခြင်း

 စုယန်ယန်က အပ်စိုက်ကုထုံးအပ်တစ်ချောင်းကို ထုတ်ယူလိုက်ပြီး သူမရဲ့ သွေးခုန်နှုန်းရဲ့ အလယ်မှာ ထိုးထည့်လိုက်ပါသည်။

 

ရှုယန်ကျွင်းသည် ပင်လယ်ဂဏန်းဖြစ်ရပ်ကြောင့် စိတ်ဓာတ်ကျနေဆဲ ဖြစ်သောကြောင့် သူမသည် အနည်းငယ် စိတ်ရှုပ်ထွေးနေဆဲ ဖြစ်သည်။

 

သူမ အသိပြန်ဝင်လာခဲ့ပြီးနောက် မျက်လုံးပြူးပြီး စုယန်ယန်ကို ထိတ်လန့်စွာ စိုက်ကြည့်လိုက်မိသည်။

 

စုယန်ယန်သည် သူမရဲ့ အမူအရာကြောင့် ထိတ်လန့်သွားခဲ့သည်။ စုယန်ယန်သည် မျက်တောင်ခတ်ပြီး သူမကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်မိသည်။

 

သူမတို့နှစ်ဦးသား တစ်ယောက်ကိုတစ်ယောက် အချိန်အကြာကြီး စိုက်ကြည့်နေခဲ့ကြပြီး နောက်ဆုံးမှာတော့ ဖမ်းကျားကျစ်က တိတ်ဆိတ်မှုကို စတင် ဖြိုခွဲခဲ့သည်။

 

“အဲ့တာက နာလား။”

 

“နည်းနည်းပဲ နာတယ်။ ညီမထင်ထားသလောက်တော့ မနာဘူး။”

 

“မင်းကို ကြည့်ရတာ... ကြို့မထိုးတော့သလိုပဲ။”

 

ရှုယန်ကျွင်းသည် ယခုမှပင် အိမ်မက်မှ နိုးထလာပုံရသည်။ သူမသည် မသိစိတ်အရ သူမရဲ့ လည်ပင်းကို ထိကြည့်လိုက်မိသည်။ “တကယ် ကြို့ထိုးနေတာ ရပ်သွားပြီလား။”

 

“ဒီနေရာကို နျဲ့ကွမ်းအပ်စိုက်မှတ်လို့ ခေါ်တယ်။ ဒီနေရာကို အပ်စိုက်ခြင်းဖြင့် စိတ်ကို ငြိမ်သက်စေတယ်၊ လေကို ငြိမ်သက်စေတယ်၊ နာကျင်မှုကို သက်သာစေတယ်။ အစာအိမ်နာခြင်း၊ အော့အန်ခြင်းနဲ့ ကြို့ထိုးခြင်းတို့အပေါ် အကျိုးသက်‌ရောက်မှု ရှိစေတယ်။”

 

စုယန်ယန်က အပ်စိုက်ကုထုံး ကုသနေစဥ် ဤသို့ ရှင်းပြပေးခဲ့သည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက် သူမသည် အပ်ကို ဖယ်ရှားလိုက်ပြီး ရှုယန်ကျွင်း၏ လက်မဘေးရှိ ရှောင်ရှန်အပ်စိုက်မှတ်ကို နှိပ်ပေးလိုက်သည်။

 

“ဘယ်လို ခံစားရလဲ။”

 

“နည်းနည်းကျဥ်ပြီး နာတယ်။”

 

“ကြို့ထိုးချင်နေသေးလား။”

 

“မထိုးချင်တော့ဘူးလို့ ထင်တယ်။”

 

ယဲ့ချီလျန့်က စိတ်ဝင်တစား မေးမြန်းခဲ့သည်၊ “ဒါက ဘယ်လိုကြောင့်များလဲ။”

 

“ဒီနေရာကို ‌ရှောင်ရှန်အပ်စိုက်မှတ်လို့ခေါ်ပြီး လူ့ခန္ဓာကိုယ်ရှိ အာရုံကြောတစ်မျိုး ဖြစ်တယ်။ ဒီနေရာမှာ အာရုံကြော အများအပြား ရှိနေတာကြောင့် အပ်စိုက်ကုသခြင်းမျိုးကို ယေဘုယျအားဖြင့် အသုံးမပြုတတ်ကြဘူး။ ဒါပေမယ့် ကြို့ထိုးတဲ့အခါမျိုးမှာ ဒီနေရာကို နှိပ်နယ်ပေးသင့်ပြီး လူနာကို အနည်းငယ် နာကျင်စေတတ်တယ်။ မိနစ်ဝက်လောက် ကြာတဲ့အထိ နာကျင်ခံစားရပြီးရင် ကြို့ထိုးတာတွေ ရပ်တန့်သွားအောင် စွမ်းဆောင်ပေးနိုင်တယ်။”

 

စုယန်ယန်ရဲ့ စကားတွေကို ရှုယန်ကျွင်းနဲ့ တခြားသူတွေ ကြားရုံတင်မကဘူး၊ ယဲ့ချီလျန့်သည်လည်း ဒါကို သိချင်စိတ်ပြင်းပြနေပြီး ဘဝရဲ့ အဆိုးအကောင်းတွေကို တွေ့ကြုံခံစားခဲ့ဖူးသည့် သူ့မျက်လုံးတွေက တဖြည်းဖြည်း ပိုတောက်ပလာခဲ့သည်။

 

မိနစ်ဝက်လောက်ကြာတော့ စုယန်ယန်က သူမလက်ကို ပြန်ရုတ်သိမ်းလိုက်ပြီး “ရှင် သိုးသား စားလား” လို့ မေးလိုက်သည်။

 

“သိုးသားဟင်းလား။ စားပါတယ်။”

 

“ကောင်းပြီ၊ ရှင့်အတွက် ငရုတ်ကောင်းသိုးသားစွပ်ပြုတ်တစ်အိုးနဲ့ ဂျင်းယာကုတစ်ပန်းကန် ချက်ခိုင်းလိုက်မယ်။ ဒီမှာ ခဏစောင့်ပေးဦး။”

 

အပ်စိုက်ကုသခြင်း၏ အံ့ဖွယ်ရာများကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားခဲ့ရသော ရှုယန်ကျွင်းသည် စုယန်ယန်၏ စကားအများစုကို ယုံကြည်ခဲ့ပြီးသား ဖြစ်သည်၊ သို့ပေမယ့်...

 

“ငါတို့ အဲ့တာကို ဘယ်လိုလုပ်ပြီး မေ့နေခဲ့တာလဲ။” ရှုယန်ကျွင်းရဲ့ မျက်နှာပေါ်မှာ ရှက်ကိုးရှက်ကန်း ဖြစ်နေသည့် အရိပ်အယောင်များ ထွက်ပေါ်လာခဲ့ပြီး “ဒီနေ့ ငါတို့ ပိုက်ဆံအများကြီး မယူလာခဲ့မိဘူး” လို့ ပြောလိုက်သည်။

 

ရှုယန်ကျွင်း ထိုသို့ပြောပြီးသည်နှင့် ယဲ့ချီလျန့်က အရင်ပြောလိုက်သည်၊ “ရတယ်၊ အဆင်ပြေပါတယ်။ ဆရာမစု၊ အဲ့တာကို ချက်ပြုတ်လိုက်ပါ။ ဒီနေ့ ကုန်ကျစရိတ်တွေအားလုံးကို အဖိုး ပေးပါ့မယ်။”

 

‘ဆရာမစုလား။’ စုယန်ယန်သည် ရုတ်တရတ် ခေါ်ဆိုခံလိုက်ရသည့် အမှတ်သညာကြောင့် အနည်းငယ် မှင်သက်သွားသည်။

 

ရှုယန်ကျွင်းက အယောင်ယောင် အမှားမှား ဖြစ်သွားသည်။ “ပါမောက္ခ၊ မလိုပါဘူး။ ဒါက အရမ်း...”

 

ယဲ့ချီလျန့်က သူမရဲ့စကားကို ကြားဖြတ်ပြောလိုက်သည်၊ “ဒီနှစ် မင်းရဲ့ စာတမ်းရလဒ်က သိပ်မဆိုးဘူး။ ဒါကို ငါ့ဆီက ဆုချပေးတာလို့ မှတ်လိုက်၊ ငါ မင်းကို ထမင်းတစ်နပ် ဝယ်ကျွေးမယ်။ ဒါ့အပြင်၊ မင်းတို့ ငါနဲ့အတူ ဒီကို လိုက်လာတာဖြစ်လို့၊ ငါက ဘယ်လိုလုပ်ပြီး မင်းတို့ကို ပေးချေခွင့်ပြုရမှာလဲ။”

 

“ဒါပေမယ့်...”

 

“ဒါပေမယ့် ဆိုတာ မရှိဘူး။ ဒါက ပြေလည်သွားပြီ။”

 

ရှုယန်ကျွင်းတစ်ယောက် ရင်ထဲထိသွားပြီး မငြင်းတော့ဘူး။

 

ဖမ်းကျားကျစ်သည် သူ့မျက်လုံးတွေကို အနည်းငယ်လှည့်၍ သူ့ဆရာထံ အကြည့်ရောက်သွားသည်။ သူက တခစ်ခစ်ရယ်ပြီး “ဆရာ၊ ယန်ကျွင်းကို ဆရာ ဝယ်ကျွေးမယ်လို့ ပြောလိုက်ကတည်းက ကျွန်တော့်ကိုပါ ဘာဖြစ်လို့ ဝယ်မကျွေးရတာလဲ။” ဟု ပြောလိုက်သည်။

 

ယဲ့ချီလျန့်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး “ဟင့်အင်း၊ မင်းကတော့ မင်းကိုယ်တိုင်ပဲ ပေးချေလိုက်” ဟု အထင်အမြင်သေးစွာ ပြောလိုက်သည်။

 

“ဆရာ၊ ဆရာက ဘက်လိုက်တာပဲ။”

 

“ငါ့ဖင်ကိုပဲ ဘက်လိုက်လိုက်။ ပြီးခဲ့တဲ့အပတ်က မင်း တင်သွင်းခဲ့တဲ့ စာတမ်းကို မင်း ပြန်မကြည့်မိဘူးလား။ ငါ ဒေါသကြောင့် သေလုနီးပါး ဖြစ်သွားခဲ့တယ်။ အဲ့လို လုပ်ထားတာကိုတောင် မင်းကို ထမင်းဝယ်ကျွေးဖို့ မင်းက ငါ့ကို ပြောရဲသေးတယ်လား။ ငါ သဘောထားကြီးပေးထားပြီးပြီ။”

 

ယဲ့ချီလျန့်က သူ့ကို ရိုက်နှက်ချင်ဟန်ဆောင်လိုက်သည်၊ သို့ပေမယ့် ဖမ်းကျားကျစ်က တစ်ဖက်ခြမ်းသို့ အမြန်ပြေးသွားပြီး “စုမိန်းကလေး၊ မင်း ကျွန်တော့်ရဲ့ လည်ပင်းစောင်း(ဇက်ခိုင်)နေတဲ့ ရောဂါကိုလည်း ကုသပေးနိုင်လား။ မင်း ငါ့ကို အပ်နှစ်ချောင်းလောက် စိုက်ပေးချင်လား” ဟု ရှက်ကိုးရှက်ကန်း ပြောလိုက်သည်။

 

စုယန်ယန်၊ “...”