အပိုင်း ၃၁၁
Viewers 1k

 

အခန်း (၃၁၁)

 

 – တို့တွေ အရမ်းရင်းနှီးကြလို့လား

 

“မင်း...” ဟောက်ရှောက်ဖုန်းရဲ့ မျက်နှာ လုံးဝ မည်းမှောင်သွားသည်။ သူက အရမ်းဒေါသထွက်သွားပြီး ဂရုမစိုက်တော့ပဲ ရှေ့သို့ ခြေလှမ်းလှမ်းမိလုနီးပါး ဖြစ်သွားခဲ့သည်။

 

ဝမ်ကျင့်ဖျင်သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် သူ့ခါးကို အမြန်ဆွဲကိုင်လိုက်သည်၊ “ရှောက်ဖုန်း၊ စိတ်လျှော့၊ စိတ်လျှော့ပါဦး။”

 

“ကိုယ့်ကို စိတ်လျှော့ဖို့ မင်း ဘယ်လိုလုပ်ပြီး မျှော်လင့်နေတာလဲ။ ဒီခွေးမက သိသာတယ်...”

 

“ရှောက်ဖုန်း” ဝမ်ကျင့်ဖျင့်သည် ဟောက်ရှောက်ဖုန်းကို အော်ဟစ်ပြောဆိုမိဖို့ ခဲယဥ်းသော်လည်း တကယ်တော့ သူမ ‌ရွေးချယ်ခဲ့သည့် ဤလူကို စိတ်နှလုံးအောက်ခြေမှနေ၍ ရွံရှာအထင်သေးသည့် အရိပ်အယောင်များ ထွက်ပေါ်လာခဲ့သည်။

 

ဟောက်ရှောက်ဖုန်း၏ မစဥ်းစားဘဲပြုလုပ်ခြင်း အလေ့အထသည် သူမအတွက် ထိန်းချုပ်ရလွယ်ကူခြင်း၏ အားသာချက်တစ်ခုဟု ဆိုနိုင်သော်လည်း သူသည် သူ့မိဘတွေရှေ့တွင် သူမကို ကာကွယ်နိုင်စွမ်းမရှိ၍ ဤမျှအရေးကြီးသော အခိုက်အတန့်တွင် ဤအားသာချက်သည် အသုံးမဝင်တော့ပေ။

 

ဝမ်ကျင့်ဖျင်သည် သူမကိုယ်တိုင်ပင် သံသယဝင်လာမိသည်။ ဟောက်ရှောက်ဖုန်းကို သူမ၏ အနာဂတ်ပံ့ပိုးကူညီပေးသူအဖြစ် သူမ ရွေးချယ်လိုက်ခြင်းသည် တကယ်ရော မှန်ကန်ပါရဲ့လား။

 

ဝမ်ကျင့်ဖျင်၏ အော်သံက အကျိုးသက်ရောက်မှုရှိတယ်ဟု ဆိုရပေမည်။ ဟောက်ရှောက်ဖုန်းသည် သူ့၏ ရုန်းကန်လှုပ်ရှားနေမှုကို ခေတ္တရပ်တန့်လိုက်ပြီး ဝမ်ကျင့်ဖျင်အား အပြစ်တင်သောအကြည့်တွေဖြင့် ပစ်ခွင်းလိုက်သည်။

 

ဝမ်ကျင့်ဖျင်သည် သူမမျက်ဝန်းထဲမှ စိတ်မရှည်ခြင်းနှင့် ငြီးငွေ့မှုတို့ကို ဖုံးကွယ်ရန် သူ့အကြည့်တွေအား ရှောင်ဖယ်ရန် မျက်လွှာချထားခဲ့သည်။

 

“မိန်းကလေးစု၊ ရှောက်ဖုန်းက အရမ်းဆန္ဒစောလွန်းလို့ပါ။ သူက မိန်းကလေးစုနဲ့ ပဋိပက္ခ မဖြစ်ချင်ပါဘူး။ မိန်းကလေးစုက သဘောထားကြီးသူမို့ သူ့ကို အပြစ်မယူပါနဲ့။”

 

“အိုး...” စုယန်ယန်က အလေးမထားသလို ပြန်ဖြေပြီး ဝမ်ကျင်ဖျင့်တစ်ယောက် ပြဇာတ်ခင်းမှာကို စောင့်ဆိုင်းနေခဲ့သည်။

 

ဝမ်ကျင့်ဖျင်သည် စုယန်ယန်ရဲ့ တုံ့ပြန်မှုက အရမ်းအေးစက်နေလိမ့်မယ်လို့ မမျှော်လင့်ထားသည့်အတွက် ဆို့နင့်သွားခဲ့သည်။

 

အချိန်အတော်ကြာပြီးနောက် သူမ အသံ ထွက်လာခဲ့ပြန်သည်။ သူမက တိုးသဲ့စွာဖြင့်၊ “တကယ်တော့၊ ဒီနေ့ ကျွန်မတို့ ဒီကို မိန်းကလေးစုကို ကိစ္စတစ်ခုမေးမြန်းဖို့ ရောက်လာခဲ့ကြတာပါ။” ဟု ပြောလာခဲ့သည်။

 

စုယန်ယန်က အကြောင်းမပြန်ဘူး။ ဝမ်ကျင့်ဖျင်သည် အချိန်အတော်ကြာအောင် စောင့်ဆိုင်းပြီးနောက် စုယန်ယန်က ဘာမှ မတုံ့ပြန်တာကို မြင်ရတော့ ကိုးရိုးကားရားနိုင်စွာ ဆက်ပြောခဲ့သည်၊ “ကျွန်မတို့ မိန်းကလေးစုကို မေးချင်တာက၊ မိန်းကလေးစုက အခုလက်ရှိ... တုန်ချမ်းရဲ့ ဘော့စ်လား။ ဒါ့အပြင်၊ တုန်ချမ်းက 'အနာဂတ်ကြယ်ပွင့်’ အစီအစဥ်အတွက် ရင်းနှီးမြှုပ်နှံမှုမှာ ပါဝင်ခဲ့သလား။”

 

“ဒါက မင်းတို့နဲ့ ဘာမှ မဆိုင်ဘူး ဟုတ်တယ်မလား။”

 

ဟောက်ရှောက်ဖုန်းတစ်ယောက် ထိတ်ထိတ်ပျာပျာ ဖြစ်သွားသည်၊ “ဘယ်လိုလုပ်ပြီး ငါတို့နဲ့ မဆိုင်ရမှာလဲ။ ဖျင်လေးက...”

 

ဝမ်ကျင့်ဖျင်သည် ရှေ့တစ်လှမ်းတိုးပြီး ဟောက်ရှောက်ဖုန်းရဲ့ စကားကို ကြားဖြတ်ပြောလိုက်သည်၊ “မိန်းကလေးစု၊ ကျွန်မ ရှင့်ကို အရင်က အပြစ်ပြုမိတာ ကျွန်မ ဝန်ခံပါတယ်၊ ဒါပေမယ့် ဘာပဲဖြစ်ဖြစ်၊ ဒါက သီးသန့်ကိစ္စရပ်တစ်ခုပါ။ အများသူငှာစီမံခန့်ခွဲခြင်းက အများပိုင်ဖြစ်ပြီး ပုဂ္ဂလိကစီးပွားရေးက ပုဂ္ဂလိကပိုင် ဖြစ်တယ်။ ရှင့်ကုမ္ပဏီနဲ့ ရှင့်ဝန်ထမ်းတွေအတွက် ရှင် တာဝန်မမဲ့သင့်ဘူး။”

 

စုယန်ယန်သည် သူမရဲ့ ဖြောင့်မတ်မှန်ကန်သော စွပ်စွဲချက်ကြောင့် ရယ်မောသွားသည်။ “တို့ကုမ္ပဏီနဲ့ တို့ဝန်ထမ်းတွေအတွက် တို့ တာဝန်ယူမှုရှိလား ဆိုတာကို သူတို့ ကောင်းကောင်းသိတယ်။ ရှင့်လို အပြင်လူတစ်ယောက်က တို့ကို လက်ညှိုးထိုးပြီး ပြောဆိုဖို့ ဘယ်ကနေ သတ္တိရလာတာလဲ။ တို့တွေ ရင်းနှီးကြလို့လား။”

 

ဝမ်ကျင့်ဖျင်တစ်ယောက် ကြက်သေ သေသွားသည်။ သူမရဲ့ပါးစပ်ကို ဖွင့်ပြီး စကားပြောဖို့ လုပ်သည့်အခါတွင် စုယန်ယန်က သူမလက်တွေကို ဝှေ့ယမ်းပြီး ဧည့်ကြိုကောင်တာမှ မိန်းကလေးတွေကို ပြောလိုက်သည်။

 

“ဒီအမျိုးသမီးက တို့ကို ကုမ္ပဏီအတွက် တာဝန်မဲ့တယ်၊ မင်းတို့ဝန်ထမ်းအပေါ် တာဝန်မဲ့တယ်လို့ ပြောတယ်။ မင်းတို့တွေရော အဲ့လို ထင်လား။”

 

ဧည့်ကြိုကောင်တာမှ မိန်းကလေးတွေက တစ်ယောက်ကို တစ်ယောက် ဘာလုပ်ရမှန်းမသိ ကြည့်နေကြသည်။

 

“အဆင်ပြေတယ်။ တို့ကို ရိုးရိုးသားသားပြောပါ၊ တို့ မင်းတို့ကို ဘယ်လိုဆက်ဆံခဲ့လဲ။ ကုမ္ပဏီက မင်းတို့ကို ဘယ်လိုဆက်ဆံခဲ့လဲ။ တို့အပါအဝင် ကုမ္ပဏီက ဘယ်သူမဆို မင်းကို ပြဿနာမရှာဘူး ဆိုတာကို တို့ အာမခံတယ်။ ဒီနေရာမှာ လူတွေ အများကြီးလည်း ရှိနေတာဆိုတော့ မင်း ဒီလူတွေကို တို့ရဲ့သက်သေအဖြစ် သတ်မှတ်နိုင်ပါတယ်။”

 

“ဒီကုမ္ပဏီမှာ အလုပ်လုပ်ရတာ အရမ်းကောင်းတယ်၊ ကျွန်မတို့ လိုအပ်သမျှ အကုန်လုံး ရှိတယ်။ သူတို့က ကျွန်မတို့ကို အလုပ်အများကြီးမပေးဘူး၊ အားလပ်ရက်တွေမှာ အလုပ်ဆင်းစရာ မလိုဘူး။ ဒါ့အပြင်၊ ကုမ္ပဏီရှိ ဝန်ထမ်းတွေကလည်း အရမ်းကြင်နာပြီး ဧည့်ကြိုကောင်တာက လူတွေကို လူတစ်ဦးအဖြစ် မဆက်ဆံတဲ့ အချို့သော ကုမ္ပဏီတွေနဲ့ မတူဘူး။”

 

အရင်ဆုံး စပြောလာတဲ့တစ်ယောက်ကြောင့် သူ့နောက်မှာရှိတဲ့ လူတွေကလည်း စိုးရိမ်မနေတော့ပဲ နောက်ကနေ ထောက်ခံပြောဆိုလာခဲ့ကြသည်၊ “ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်၊ ငါတို့ကုမ္ပဏီရဲ့ လေထုက အရမ်းကောင်းတယ်။ အများအားဖြင့်၊ အားလပ်ရက်တွေနဲ့ ဝန်ထမ်းတွေရဲ့ မွေးနေ့တွေမှာ ကုမ္ပဏီက ကိတ်မုန့်တွေ၊ သစ်သီးတွေနဲ့ လက်ဆောင်တွေ ပို့ပေးလေ့ရှိတယ်။”