အပိုင်း ၃၁၂
Viewers 1k

အခန်း (၃၁၂)

 

- သူသည် ထင်သလောက် ဥာဏ်ကောင်းသူမဟုတ်

 

“တကယ်လို့ မင်း ငါ့ကို မေးချင်တယ်ဆိုရင်၊ ဒါတွေက အရေးကြီးဆုံးကိစ္စ မဟုတ်သေးပါဘူး။ နေ့တိုင်း ဝင်ပေါက်မှာ နာမည်ကြီးတွေကို တွေ့နိုင်ပြီး သူတို့ဆီက လက်မှတ်တွေကို ရံဖန်ရံဖန် တောင်းဆိုနိုင်တာက အရေးကြီးဆုံးပဲ မဟုတ်ပါလား။”

 

မိန်းကလေးတွေက ကုမ္ပဏီ၏ အကျိုးခံစားခွင့်များကို ဆွေးနွေးရန် အလုပ်များသောကြောင့် သူတို့ရဲ့ မျက်နှာပေါ်မှ အရုပ်ဆိုးသော မျက်နှာအမူအရာများကို သတိမပြုမိခဲ့ကြပေ။

 

ဝမ်ကျင့်ဖျင်သည် စုယန်ယန်က အများပိုင်ပစ္စည်းတွေကို အလွဲသုံးစားပြုလုပ်ပြီး ပုဂ္ဂလိကပိုင် အသုံးပြုခဲ့တယ်လို့ သူမက ဝေဖန်ပြောဆိုခဲ့သော်လည်း စုယန်ယန်သည် အကြောင်းအရာကို ပြောင်းလဲခဲ့ပြီး စုယန်ယန်တို့ကုမ္ပဏီဝန်ထမ်းတွေရဲ့ အကျိုးခံစားခွင့်များကို လူသိရှင်ကြား ထုတ်ဖော်ပြသခဲ့တာကိုသာ မြင်တွေ့လိုက်ရသည်။ သူမရဲ့ မျက်နှာအမူအရာဟာ လုံးဝ အရုပ်ဆိုးသွားခဲ့သည်။

 

ဟောက်ရှောက်ဖုန်းက မျက်မှောင်ကြုတ်ပြီး လူများစွာ၏ ဆွေးနွေးမှုကို ကြားပြီးနောက် ချက်ချင်းဆိုသလို ခုန်ပေါက်ကာ “မင်းက ကုမ္ပဏီရဲ့ ဘော့စ်ပဲ။ သူတို့ရဲ့အလုပ်ကို မဆုံးရှုံးချင်သရွေ့ ကုမ္ပဏီမကောင်းကြောင်းကို မင်းရှေ့မှာ ပြောဖို့ဆိုတာ မဖြစ်နိုင်ဘူး။”

 

စုယန်ယန်က သူမမျက်ဝန်းတွေ မှေးကျဥ်းလိုက်ပြီး လှောင်ရယ် ရယ်သွမ်းလိုက်သည်၊ “ရှင် ဆိုလိုချင်တာက၊ တို့နောက်ကွယ်မှာ တို့ကုမ္ပဏီရဲ့ စနစ်အကြောင်း တစ်ယောက်ယောက်က မကောင်းပြောဆိုတာကို ရှင်တို့ ကြားခဲ့လို့လား။ ဒီနေ့ ရှင်တို့လည်း ဒီကို ရောက်နေတယ်ဆိုတော့၊ တို့နဲ့ ထိပ်တိုက်ပြောဆိုဖို့ ရှင် ဘာဖြစ်လို့ သူ့ကို မခေါ်ထုတ်ရတာလဲ။ တကယ်လို့ တို့အမှားနဲ့ တို့ကုမ္ပဏီရဲ့အမှား ဖြစ်နေတယ်ဆိုရင် တို့ သူ့ကို တို့ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိအားလုံးကို တောင်းပန်ခိုင်းလိုက်မယ်။”

 

ဟောက်ရှောက်ဖုန်းတစ်ယောက် ဆို့နင့်သွားသည်။ အကြောင်းအရာခေါင်းစဥ်က ဘာကြောင့် ဒီလောက်တောင် လွဲသွားတာလဲ ဆိုတာကို သူ နားမလည်ဘူး။ စုယန်ယန်က အသာစီးရပြီး လူတိုင်းရဲ့ အာရုံကို လွှဲသွားစေခဲ့သည်။

 

အရေးကြီးဆုံးကတော့၊ သူ ဘယ်သူ့ကိုမှ အာရုံမဆွဲဆောင်နိုင်ခဲ့ဘူး။

 

စုယန်ယန်သည် သူမရဲ့ ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားအတွက် အာဏာကို အလွဲသုံးစားလုပ်တယ်လို့ ပြောဆိုခြင်းမှာ တကယ်တော့ စုယန်ယန်သည် တုန်ချမ်း၏ ဘော့စ်ဖြစ်ပြီး ‘အနာဂတ်ကြယ်ပွင့်’ အစီအစဥ်၏ အဓိကရင်းနှီးမြှုပ်နှံသူ ဖြစ်လာသောကြောင့် ဖြစ်သည်။

 

“စောစောက ငါ ပြောခဲ့သလိုပဲ၊ သူတို့က နောက်ကွယ်မှာပဲ ဒီစကားတွေကို ပြောရဲကြတယ်။ သူတို့ တကယ်ပဲ ထွက်လာမယ် ဆိုရင်ရော မင်း သူတို့ကို လွှတ်ပေးမှာလား။”

 

“ဒါက ရယ်ရတယ်။ သူတို့က ဒီကုမ္ပဏီမှာ အလုပ်မလုပ်ချင်လို့ စိတ်ဆင်းရဲနေကြပေမယ့် သူတို့က ဒီအလုပ်ကို မပြုတ်စေချင်ကြဘူး။ သူတို့က ပြဿနာရှာနေတာလို့ မခံစားမိဘူးလား။”

 

စုယန်ယန်ရဲ့ စကားတွေက ဟောက်ရှောက်ဖုန်းကို တစ်ခါတည်း အသေသတ်ပစ်လိုက်သည်။

 

တခြားသူတွေလည်း တဖြည်းဖြည်းနဲ့ သူတို့အသိတွေ ပြန်ဝင်လာခဲ့ကြသည်။ ဒါက အမှန်ပဲ မဟုတ်ပါလား။ စုယန်ယန်ရဲ့ အပြောအရ၊ ဟောက်ရှောက်ဖုန်း ရည်ညွှန်းထားတဲ့ ဝန်ထမ်းက ကုမ္ပဏီအပေါ် မကျေမနပ် ဖြစ်နေသော်လည်း ကုမ္ပဏီက ပေးအပ်တဲ့ အကျိုးခံစားခွင့်တွေကိုတော့ လက်လွတ်မခံနိုင်ပေ။ သူက အလုပ်ထွက်ဖို့ကို ဝန်လေးနေတာ မဟုတ်ပါလား။

 

သူက ဟောက်ရှောက်ဖုန်းကို ညည်းညူပြောဆိုခဲ့တာလား ဒါမှမဟုတ် ဟောက်ရှောက်ဖုန်းက သူ့အတွက် တမင်သက်သက် ရပ်တည်ပေးဖို့ ကြိုးစားနေတာလား။

 

အကယ်၍ ရှေ့အပိုင်းကလို ဆိုလျှင် ဟောက်ရှောက်ဖုန်း၏ လုပ်ရပ်သည် အခြားသူများ၏ လုပ်ငန်းခွင်တွင် ဝင်ရောက်စွက်ဖက်သည်ဟု ယူဆနိုင်ပြီး ထိုဝန်ထမ်းက သူ့ကို မုန်းတီးနေပြီ ဖြစ်ပေလိမ့်မည်။

 

အကယ်၍သာ နောက်အပိုင်းလိုသာ ဖြစ်မယ်ဆိုလျှင် ဟောက်ရှောက်ဖုန်းသည် လူမိုက်ဖြစ်သည်။ သူသည် ရောင်းစားခံခဲ့ရသော်လည်း ပိုက်ဆံပြန်ပေးနေရဆဲ ဖြစ်သည်။

 

မည်သို့ပင်ဆိုစေကာမူ၊ သူသည် မည်သည့်မှ အကျိုးမရှိသည့် လူမျိုး ဖြစ်သည်။

 

အနီးနားရှိလူတွေရဲ့ မျက်လုံးတွေက သူ့ကို စူးရဲစွာ စိုက်ကြည့်နေခဲ့ကာ သူတို့ရဲ့အကြည့်တွေထဲတွင် ဒီကောင်လေးက ထင်သလောက် ဥာဏ်မကောင်းတာ သနားစရာပဲ ဟူသော စာသားတွေ ပြည့်နှက်နေခဲ့သည်။

 

ဟောက်ရှောက်ဖုန်းသည် လူတိုင်း၏ မျက်လုံးထဲတွင် သူ့ကို သနားခြင်းနှင့် ပျက်ရယ်ပြုခြင်း အကြည့်မျိုးဖြင့် ကြည့်နေခြင်းအား ဘယ်လိုလုပ်ပြီး သည်းခံနိုင်ပါ့မလဲ။ ငယ်ငယ်လေးကတည်းက ဖူးဖူးမှုတ်အလိုလိုက်ခံရသည့် သခင်လေးတစ်ဦးအနေဖြင့် သူသည် ဤကဲ့သို့ အရှက်ကွဲခြင်းအား မည်ကဲ့သို့ သည်းခုံနိုင်ပါ့မည်နည်း။ သူ့မျက်နှာဟာ ဒယ်အိုးဖင်ကဲ့သို့ မည်းနက်နေသည်။

 

သို့ရာတွင် စုယန်ယန်ကတော့ ဖော်ပြနိုင်ခြင်းငှာ မစွမ်းသာသည့် အလှည့်အပြောင်းနှင့် ပျော်ရွှင်မှုကိုသာ ခံစားရလေသည်။ ဒါပေါ့၊ စုယန်ယန်သည် ဟောက်ရှောက်ဖုန်းက ကုမ္ပဏီအပေါ် မကျေနပ်တဲ့ မည်သည့်ဝန်ထမ်းကိုမျှ ရှာတွေ့ခဲ့ရခြင်းကြောင့် မဟုတ်မှန်း သူမ သိသည့်အပြင် ဟောက်ရှောက်ဖုန်းတစ်ယောက် သူမကို တိုက်ခိုက်ရခြင်း၏ အကြောင်းရင်းမှာ ဝမ်ကျင့်ဖျင်ကြောင့်သာ ဖြစ်ပြီး အချို့သော ကုမ္ပဏီဝန်ထမ်းတွေကြောင့် မဟုတ်ကြောင်းကို သူမ ကောင်းကောင်းသိသည်။

 

ဒါပေမယ့် သေချာစဥ်းစားကြည့်ရင်၊ ဒီအစစ်အမှန်ဖြစ်လုနီးပါးဝန်ထမ်းက ဝမ်ကျင့်ဖျင်နဲ့ ဘယ်လောက်တောင် တူလိုက်သလဲ။

 

သူမရဲ့ ကိုယ်ကျိုးစီးပွားအတွက် ဟောက်ရှောက်ဖုန်းကို သူမက ဒီကို ခေါ်ဆောင်လာခဲ့သည်။ တချိန်လုံး သူမသည် ဒီဖြစ်စဥ်တစ်ခုလုံးကို အပြစ်ကင်းစင်ပြီး နာကျင်နေတဲ့ မျက်နှာလေးဖြင့် ရပ်ကြည့်နေခဲ့သည်၊ ဟောက်ရှောက်ဖုန်းကို သူမအတွက် ရပ်တည်ခိုင်းပြီး မီးထဲသို့ လောင်စာထည့်ပေးခဲ့သည်။

 

သူ့ကို အများကြီးအားကိုးတယ်လို့ ထင်ရပေမယ့် တကယ်တမ်းတွင်မူ၊ သူမသည် ဟောက်ရှောက်ဖုန်းကို ရုပ်သေးရုပ်အဖြစ် လုံးဝ အသုံးပြုထားခဲ့သည်။ ဟောက်ရှောက်ဖုန်းကဲ့သို့ လူမိုက်ကသာ သူတို့ရဲ့ဆက်ဆံရေးတွင် မည်သူက လွှမ်းမိုးကြီးစိုးသူဖြစ်နေသည်ကို သိရှိခြင်း မရှိပေ။