အပိုင်း ၃၁၇
Viewers 1k

အခန်း (၃၁၇)

 

 - ခြိမ်းခြောက်ငွေညှစ်ခံရမှာကို သတိပြုပါ

 

ဝမ်ကျင့်ဖျင်၏ အော်သံသည် ကျယ်လောင်ပြီး စူးရှစွာ အော်ဟစ်လိုက်ရာ ပတ်ဝန်းကျင်ရှိ လူအုပ်အား ရင်ဖိုသွားစေခဲ့သည်။

 

ဟောက်‌ရှောက်ဖုန်းသည်လည်း သတိပြန်မဝင်လာမီ စက္ကန့်အနည်းကြာ မှင်သက်သွားခဲ့ရသည်၊ သူက “ဖျင်လေး” ဟု အော်ခေါ်လိုက်သည်။

 

ဒါကို မသိတဲ့သူက ကြားလျှင် သူတို့နှစ်ဦးကြား တစ်ခုခု ဖြစ်ခဲ့ပြီး လမ်းခွဲလိုက်တာကြောင့်လို့ ထင်ပေလိမ့်မည်။

 

ဟောက်ရှောက်ဖုန်းသည် ပို၍ ပြင်းထန်စွာ ရုန်းကန်ခဲ့ပြီး သူ့အား ဖမ်းချုပ်ထားသူများလက်မှ လွတ်ထွက်တော့မလို ဖြစ်သွားခဲ့သည်။ ရှားကျွင်းရှန့်က လုံခြုံရေးအစောင့်တွေကို အကြည့်ဖြင့် အချက်ပြလိုက်သဖြင့် သူ့အား လွှတ်ပေးခဲ့သည်။

 

ဟောက်ရှောက်ဖုန်းသည် အချိန်ကို ရပ်တန့်ရန် နောက်ကျသွားပြီး မြေပြင်ပေါ်သို့ လဲကျလုမတတ် ဖြစ်သွားသည်။ သူ့ခန္ဓာကိုယ်ကို သူ တည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့သည့်အချိန်တွင် ရှားကျွင်းရှန့်နှင့် တခြားသူတွေကို ပြဿနာရှာရန် စိတ်မဝင်စားတော့ဘဲ မည်းမှောင်နေသောမျက်နှာဖြင့် တံခါးမှ အမြန်ပြေးထွက်သွားခဲ့သည်။

 

“ကျွတ်စ်…” စုယန်ယန်သည် သူတို့နှစ်ယောက် ထွက်သွားတာကို ကြည့်ပြီး သူမမျက်ဝန်းထဲမှာ စိတ်ကျေနပ်ဖွယ် ဝမ်းနည်းခြင်းတွေ ပြည့်နှက်နေသည်၊ “သူတို့ ဒီအတိုင်း ပြေးသွားကြတယ်။ ဘယ်လောက် ပျင်းစရာကောင်းလိုက်သလဲ။”

 

ဒီအရှုပ်အထွေးကို ဘယ်လို ရှင်းရမလဲ ဆိုတာကို တွေးနေတဲ့ ရှားကျွင်းရှန့်က ပြောစရာစကား ပျောက်ရှနေသည်။

 

စုယန်ယန်က ပတ်ဝန်းကျင်ကို လှည့်ကြည့်ပြီး သတင်းထောက်တွေကို လက်‌ဝှေ့ယမ်းပြလိုက်သည်။

 

သတင်းထောက်တွေက တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ခဏတုံ့ဆိုင်းသွားကာ စုယန်ယန်ဆီသို့ လျှောက်လာကြသည်၊ “မင်္ဂလာပါ၊ ဥက္ကဌစု၊ ကျွန်တော်တို့က ယွဲ့ရှန်းမဂ္ဂဇင်းက သတင်းထောက်တွေပါ။ ကျွန်တော်တို့က မင်းရဲ့ ကုမ္ပဏီကို အင်တာဗျူးဖို့ ရောက်လာကြတာပါ…”

 

“အခု ဖြစ်ပျက်ခဲ့သမျှကို ရှင်တို့ ရိုက်ကူးမိခဲ့လား။”

 

သတင်းထောက်တော်တော်များများက စုယန်ယန်သည် သူမစကားလုံးတွေကို သူမ ပြန်ရုတ်သိမ်းပြီး သူတို့ရိုက်ထားတဲ့ ဓာတ်ပုံတွေကို ဖျက်ခိုင်းမှာကို စိုးရိမ်တဲ့အတွက် စိတ်အိုက်သွားကြပြန်သည်။

 

ဦးဆောင်ပြောသည့် သတင်းထောက်က ခက်ခက်ခဲခဲ တံတွေးမျိုချလိုက်ပြီး “ဟုတ်ကဲ့” ဟု ရိုးသားစွာ ပြန်ဖြေခဲ့သည်။

 

“အင်း ကောင်းတယ်။” စုယန်ယန်က သက်ပြင်းတစ်ချက်ချလိုက်သည်။ “ရှင်တို့အားလုံး အခု မြင်လိုက်တဲ့အတိုင်းပဲ။ သူမရဲ့ ခြေထောက်တွေက အားနည်းနေလို့ သူမဖာသာ လဲကျသွားတာနော်။ ကျွန်မနဲ့ ဘာမှမဆိုင်ဘူး။ ကျိုးကြောင်းဆီလျော်မှုရှိစွာ ပြောရမယ်ဆိုရင် ဗီဒီယိုအထောက်အထားရှိနေရင် သူမ ငါ့ကို အပြစ်တင်နိုင်မှာ မဟုတ်ဘူး။ တော်ပါသေးရဲ့။”

 

သတင်းထောက်များ၊ “...”

 

ရှားကျွင်းရှန့်၊ “...” အဲဒါက အဓိကအချက်ပဲလား။

 

စဥ်းစားကြည့်လိုက်တော့လည်း ဒါက အဓိကအချက်ပဲဟ။

 

ဒီလူနှစ်ယောက်က အရည်အချင်းကျ မရှိဘဲ အပြစ်ကင်းစင်တဲ့ဟန်ဆောင်ကာ သူမကို ခြိမ်းခြောက်ငွေညှစ်ဖို့ ကြိုးစားတာ မဖြစ်နိုင်ဘူးလား။

 

“ရိုက်ကူးထားမိတဲ့ ဗီဒီယိုအပြည့်အစုံကို ကျွန်မတို့ရဲ့ ပြည်သူ့ဆက်ဆံရေးဌာနကို ပို့ပေးပါ၊ ဒါက အာမခံ ဖြစ်လာပါလိမ့်မယ်။”

 

“ကောင်းပါပြီ၊ ကျွန်တော်တို့ အခုချက်ချင်း ပို့ပေးလိုက်ပါ့မယ်။” ဒါက တောင်းဆိုချက်တစ်ခုမို့၊ ဘယ်သူက မနာခံလဲ နေဝံ့မှာလဲ။

 

တူညီသော သတင်းထောက်ကပဲ “ဒါဆို ဒီအစီရင်ခံစာက…” ဟု မဝံ့မရဲ မေးလိုက်ပြန်သည်။

 

“ဒီအကြောင်း ရှင်တို့ ကြိုက်သလို ရေးလို့ရတယ်။ ဟောက်ကော်ပိုရေးရှင်းက ရှင်တို့ကို ဘာမှလုပ်မှာ မဟုတ်ဘူးလို့ ကျွန်မ အာမခံပေးနိုင်တယ်။ ဒါပေမယ့် အဓိကအချက်အနေနဲ့ ရှင်တို့ ဒီသတင်းကို အမှန်အတိုင်းပဲ ရေးတင်ဖို့ လိုအပ်တယ်၊ ရှင်တို့စိတ်ကြိုက် ပြုပြင်ပြောင်းလဲခွင့်မရှိဘူး။ မဟုတ်ရင်…”

 

စုယန်ယန်ရဲ့ မျက်လုံးတွေက အနည်းငယ် အေးစက်လာပြီး ခြိမ်းခြောက်နေသည့် အငွေ့အသက်များ ယှက်သန်းလာသည်။ “အကျိုးဆက်တွေကို ရှင်တို့ သိချင်လောက်မှာ မဟုတ်ပါဘူး။”

 

အကြီးတန်းသတင်းထောက်သည် သူ့နဖူးမှ စိမ့်ထွက်လာသည့် ချွေးအေးများကို သုတ်ဖယ်လိုက်ပြီး “ကျွန်တော်တို့ နားလည်ပါတယ်၊ နားလည်ပါတယ်။ သတင်းထောက်တွေအနေနဲ့ ကျွန်တော်တို့က ရိုးသားရမယ်။ ပြည်သူတွေကို အချိန်နဲ့တပြေးညီ မှန်ကန်တဲ့ သတင်းအချက်အလက်တွေကို ပေးပို့ဖို့က ကျွန်တော်တို့ရဲ့ တာဝန်ပါပဲ။” ဟု အလျင်စလို ပြောခဲ့သည်။

 

“ဒါဆိုရင် ဒါပဲနော်။ ကျွန်မရဲ့ အတွင်းရေးမှုးက ရှင်တို့ကို စောစောက ပြောခဲ့မယ် ထင်ပါတယ်။ ကျွန်မတို့ကုမ္ပဏီက အနုပညာရှင်တွေကို ဂရုစိုက်ပေးတဲ့အတွက် ရှင်တို့ကို ကျေးဇူးတင်ပါတယ်။ အနာဂတ်မှာ ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အလမ်းတွေ အများကြီး ရှိလာဦးမှာပါ။” 

 

စုယန်ယန်က သတင်းထောက်တွေနဲ့ ပထမဆုံးအကြိမ် ဆက်ဆံတာ ဖြစ်ပေမယ့် ဘယ်လို ပြောဆိုရမလဲ ဆိုတာကို သူမ ကောင်းကောင်းသိသည်။

 

သူမရဲ့ စကားလုံးတွေက ဒီသတင်းထောက်တွေကို အများကြီး အကျိုးပြုခဲ့သည်။ နောက်ဆုံးတော့ သူမရဲ့ ကုမ္ပဏီမှာ အနုပညာရှင်များစွာ ရှိသည်။

 

သူတို့ ဒီတခေါက် တာဝန်ကို အောင်မြင်စွာ ပြီးမြောက်နိုင်သရွေ့ တခြားအနုပညာရှင်တွေကို အင်တာဗျူးဖို့ အခွင့်အလမ်း ပိုရှိလာလိမ့်မည်။

 

“ကောင်းပါပြီ။”

 

စုယန်ယန်သည် သူတို့နှင့် စကားအနည်းငယ်ပြောပြီးနောက် ဤကိစ္စ၏ နောက်ဆက်တွဲ ကိစ္စရပ်များကို ရှားကျွင်းရှန့်လက်ထဲ လွဲပြောင်းပေးအပ်ခဲ့သည်။ သူမသည် ပျင်းရိစွာ အကြောဆန့်လိုက်ပြီး သူမ လုပ်လက်စ ကုမ္ပဏီ၏ အတွင်းရေးကိစ္စများကို ဆက်လက်လုပ်ဆောင်ရန် အပေါ်ထပ်သို့ ပြန်တက်သွားခဲ့သည်။

 

မထင်မှတ်ပဲ၊ သူမ ရုံးခန်းထဲသို့ ရောက်ရောက်ချင်းမှာပင် ဟောက်ချန်ဟွမ်းထံမှ ဗီဒီယိုဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။