-
သူ အလိုချင်ဆုံးသောအရာကို ပိုင်ဆိုင်ထားနှင့်ပြီ
စုယန်ယန်ရဲ့
မျက်ဝန်းတွေက အနည်းငယ် လင်းလက်သွားကာ တုံ့ဆိုင်းခြင်းအလျဥ်းမရှိဘဲ ဖုန်းကိုကိုင်လိုက်ကာ
“ချန်ဟွမ်း” ဟု ခေါ်လိုက်သည်။
“မင်း
အဆင်ပြေရဲ့လား။ ကိုယ် အခု လမ်းမှာရောက်နေပြီ။ ရှောက်ယန်က မင်းနဲ့ ပိုနီးတယ်…”
စုယန်ယန်တစ်ယောက်
အံ့အားသင့်သွားသည်၊ “ရှင် ဒီအကြောင်း ဘယ်လိုလုပ်ပြီး သိတာလဲ။ အဆင်ပြေသွားပါပြီ၊ စိတ်မပူပါနဲ့။
ကျွန်မ အဆင်ပြေတယ်။ သူတို့တွေပဲ ဒုက္ခရောက်သွားကြတယ်။ သူတို့နှစ်ယောက်က ဘယ်လောက်တောင်
အရှက်ရသွားလဲ ဆိုတာ ရှင် မသိလိုက်ဘူး၊ ဟားဟားဟား…”
ထို့နောက်
စုယန်ယန်သည် ဖြစ်ပျက်ခဲ့သမျှ အလုံးစုံကို ဟောက်ချန်ဟွမ်းအား ရှင်းပြခဲ့သည်။ ရံဖန်ရံခါဆိုသလို
သူမသည် သူတို့ရဲ့ ကံဆိုးမှုကို လှောင်ရယ်နေသံများ ထွက်ပေါ်လာတတ်သည်။
ဟောက်ချန်ဟွမ်းသည်
ငြိမ်သက်စွာ နားထောင်နေပြီး သူ့မျက်ဝန်းထဲမှာတော့ နူးညံ့သိမ်မွေ့မှုနှင့် အလိုလိုက်မှုများ
ပြည့်နှက်နေသည်။
“အခုပြန်တွေးကြည့်တော့
ဒါက တကယ့်ကို ရယ်စရာကောင်းတယ်။ ကျွန်မ သူတို့ကို ဘာမှ မလုပ်ချင်ပေမယ့် သူတို့က ကျွန်မကို
ပြဿနာရှာဖို့ အရမ်းကို စိတ်အားထက်သန်နေကြတယ်။ သူတို့ ဘာတွေတွေးနေလဲ ဆိုတာကို ကျွန်မ
မသိဘူးလို့ထင်ပြီး ရှင်နဲ့ ကျွန်မကို ညစ်ပတ်တဲ့ရေတွေနဲ့ လောင်းချဖို့ ကြိုးစားတယ်။
ကျွန်မကို အနိုင်ကျင့်လွယ်သူလို့ သူတို့ တကယ်ထင်နေသလားပဲ။ သူတို့ဆန္ဒရှိတဲ့အတိုင်း
နှိပ်စက်နိုင်ပြီး ဘယ်လို ခုခံရမှန်း မသိတဲ့သူလို့ ထင်နေကြတယ်။ ရွှံ့ရုပ်တွေတောင် စိတ်ဆိုးဒေါသထွက်နိုင်ကြတယ်။”
ဒီစကားတွေကို
ကြားတော့ ဟောက်ချန်ဟွမ်းရဲ့ မျက်ဝန်းထဲတွင် အန္တရာယ်များသော အရိပ်အငွေ့တွေ ယှက်သန်းလာပြီး
“သူတို့ အရမ်းလွန်သွားပြီ။” ဟု ထောက်ခံလိုက်သည်။
ဟောက်ချန်ဟွမ်းရဲ့
စကားကြောင့် စုယန်ယန်ရဲ့ ဒေါသဟာ အနည်းငယ် လျော့ပါးသွားပြီး သူမမျက်နှာပေါ်ဝယ် အပြုံးတစ်ခု
ပေါ်လာခဲ့သည်။ “ထားလိုက်ပါ၊ ချန်ဟွမ်းရယ်။ အဲဒီသတင်းထောက်တွေက ဒီကိစ္စကို ထုတ်ဖော်တဲ့အခါကျ
သူတို့အတွက် လုံလောက်တဲ့ နစ်နာမှုတွေ ခံစားရလိမ့်မယ်။ ကျွန်မတို့ကုမ္ပဏီနဲ့ ကျွန်မတို့ရဲ့
အနုပညာရှင်တွေကို လှည့်စားခြင်းအတွက် သူတို့ ပြုလုပ်ခဲ့အတိုင်း ပြန်ပေးဆပ်ရလိမ့်မယ်။
သူတို့က ကျွန်မတို့ရဲ့ ကုမ္ပဏီနာမည်ဂုဏ်သတင်းကို အခမဲ့မြှင့်တင်ပေးပြီး အနုပညာရှင်တွေရဲ့
ကျော်ကြားမှုကို ရရှိအောင် ကူညီပေးကြလိမ့်မယ်။”
စုယန်ယန်သည်
ပျားရည်ခိုးလာနိုင်သော ဝက်ဝံပေါက်လေးကဲ့သို့ ပြုံးလိုက်သည်။ သူမသည် ရိုးသားပုံရသော်လည်း
အနည်းငယ် လှည့်စားတတ်သည်။ “ဒီနေ့ပြီးရင် ကျွန်မတို့ ကုမ္ပဏီရဲ့ အကျိုးအမြတ်တွေက ဘယ်လောက်
ကောင်းမွန်လဲ၊ ကျွန်မတို့ရဲ့ အနုပညာရှင်တွေက ဘယ်လောက်ထူးချွန်ကြလဲ ဆိုတာကို ဒီနယ်ပယ်က
လူတိုင်း သိသွားကြလိမ့်မယ်။”
စုယန်ယန်က
သူမမေးစေ့လေးကို ပင့်မြှောက်ထားပြီး ဟောက်ချန်ဟွမ်းကို ဘဝင်ခိုက်နေသည့် အမူအရာနဲ့ ကြည့်လိုက်သည်။
သို့သော်လည်း
ဟောက်ချန်ဟွမ်းက သူမ မျှော်လင့်ထားသည့်အတိုင်း မချီးမွမ်းခဲ့ပေ။ အဲဒီအစား သူက “ဒီကိစ္စကို
မီဒီယာကို ဖြန့်ခွင့်ပြုလိုက်ရင် မင်းရဲ့ အတိတ်က ကိစ္စရပ်တွေ ပါဝင်လာမှာကို ငါ စိုးရိမ်တယ်။”
ဟု စိတ်ပူပန်စွာ ပြောလာခဲ့သည်။
စုယန်ယန်က
သူ ဘာကို စိတ်ပူနေမှန်းကို သိပြီး အနည်းငယ် ပြုံးကာ ပြောလိုက်သည်၊ “ကျွန်မ သိပါတယ်၊
ဒါပေမယ့် ကျွန်မ ဒါကို စိတ်ထဲမထားဘူး။ ကျွန်မ ရှင့်ကို မဖုံးကွယ်ထားချင်ပါဘူး။ တကယ်လို့
ရှင်က တခြားသူတွေကို မသိစေချင်ဘူးဆိုရင် ကျွန်မ ဒါကို မလုပ်တော့ပါဘူး။ ဖြစ်ပျက်ခဲ့တာတွေကို
ထာဝရ ဖုံးကွယ်ထားလို့ မရနိုင်ပါဘူး။ အဲဒီအစား ဒီလို ကောလဟလတွေနဲ့ အတင်းအဖျင်းတွေကို
စိတ်ပူနေမယ့်အစား သူတို့ကို တက်ကြွစွာ ရင်ဆိုင်ပြီး ပြီးခဲ့တဲ့ အတိတ်ကို ကိုယ့်အတွက်
အားသာချက်အဖြစ် ပြောင်းလဲလိုက်တာက ပိုကောင်းလိမ့်မယ်။” ဟု ပြောလိုက်သည်။
“ပြီးတော့
ကျွန်မက ဒီကိစ္စမှာ နစ်နာသူပါ။ ကျွန်မက ဘာအမှားမှ မလုပ်ခဲ့ဘူး၊ ဒါကြောင့် ဖော်ထုတ်ခံရမှာကို
စိုးရိမ်ပူပန်နေရမယ့်သူ မဟုတ်ပါဘူး။”
စုယန်ယန်က
ဒီကိစ္စကို ဖော်ထုတ်ပြီးနောက် သူမမှာ ဘယ်လို အပျက်သဘောဆောင်တဲ့ မှတ်ချက်တွေ ရရှိမယ်
ဆိုတာကို အနည်းနဲ့ အများဆိုသလို ခန့်မှန်းနိုင်ပါသည်။
အများဆုံး
ကြားရမယ့် စကားလုံးတွေကတော့ “လက်ခုပ်နှစ်ဖက်က တီးမှမြည်တယ်။” နှင့် မယ်ရီဆူးတွေ ပြောကြသည့်
“အချစ်စစ်” ဆိုသည့် စကားလုံးတွေပဲ ဖြစ်နိုင်လိမ့်မည်။
အဆိုပါ
မဆီမဆိုင် မှတ်ချက်တွေနှင့် နှိုင်းယှဥ်ပါက ဟောက်ရှောက်ဖုန်းနှင့် ဝမ်ကျင့်ဖျင်တို့
ခံရမည့် ပြစ်တင်ရှုံ့ချမှုသည် အဆိုးရွားဆုံး ဖြစ်နိုင်သည်။
ဝမ်ကျင့်ဖျင်အတွက်
အနည်းဆုံးတော့ အငယ်အနှောင်းဘွဲ့ကို အတည်ပြုခဲ့တဲ့အတွက် သူမရဲ့ ဖျော်ဖြေရေးနယ်ပယ်မှာ
မယ်ရီဆူးအဖြစ် အသက်မွေးဝမ်းကြောင်းက တိုတောင်းသွားပါလိမ့်မည်။
စုယန်ယန်ကို
စိုးရိမ်စေသည့် တစ်ခုတည်းသောအရာမှာ အရှက်မရှိသော မိသားစုမှ သူမနှင့် ဟောက်ချန်ဟွမ်းတို့၏
အိမ်ထောင်ရေးအကြောင်းနှင့် ဟောက်ချန်ဟွမ်း၏ မသန်စွမ်းမှုကို ပြောဆိုမှာကိုပဲ ဖြစ်သည်။
ဒါကိုတွေးမိပြီး
စုယန်ယန်က အားတုံ့အားနာဖြစ်စွာ “ကျွန်မ တောင်းပန်ပါတယ်။ ကျွန်မ ရှင့်ကို ရေဆိုးရေညစ်ထဲ
ဆွဲချမိသွားတယ်။” ဟု တောင်းပန်စကားဆိုခဲ့သည်။
“ကိုယ်
မင်းကို လက်ထပ်ခဲ့တဲ့အတွက် ပေးရတဲ့တန်ဖိုးအနေနဲ့ ကိုယ် ဆူပူကြိမ်းမောင်းခံရတာ၊ လှောင်ပြောင်ခံရတာ
ထိုက်တန်ပါတယ်၊ သူတို့ ကိုယ့်ကို ဒီထက်ပိုပြီး ဆူပူကြိမ်းမောင်းဖို့ကိုတောင် ကိုယ်က
မျှော်လင့်နေသေးတယ်။”
အရင်တုန်းကတော့၊
ဒီလို ရိုင်းစိုင်းသော လှောင်ပြောင်မှုတွေက သူ့ကို ဒေါသဖြစ်စေနိုင်သည်။
ဒါပေမယ့်
အခုမှာတော့ ဒီလို ဆိုးသွမ်းသော လှောင်ပြောင်မှုတွေက သူ့ကို ထိခိုက်စေနိုင်တော့မည် မဟုတ်ပေ။
ဘာကြောင့်လဲဆိုတော့
သူ့မှာ အလိုချင်ဆုံးသော အရာကို ရရှိပိုင်ဆိုင်ထားပြီ ဖြစ်သောကြောင့် ဖြစ်ပေသည်။