အပိုင်း (၈၆)
Viewers 31k

part-86


ညအချိန်အတွက်ကိုယ်လက်သန့်စင်ပြီးသည်နှင့် ဝမ်လေးကသူ့၏ခေါင်းအုံးသေးသေးလေးကိုပိုက်ကာယွမ်ရှအခန်းဆီသို့လျှောက်လာခဲ့သည်။သူကယွမ်ရှပင် ဘာမှမပြောရသေးခင် အိပ်ယာပေါ်သို့တွယ်တက်လာပြီးသက်တောင့်သက်သာဖြစ်မည့်နေရာကိုရှာကာ လှဲချလိုက်သည်။


ယွမ်ရှက ယခုလက်ရှိအချိန်၌သူ့၏အသားအရေကိုဂရုတစိုက်ထိန်းသိမ်းနေခြင်းဖြစ်သည်။

ဝမ်လေးကသူ့၏အမေကိုအချိန်အတော်ကြာကြည့်နေပြီးမှနောက်ဆုံးမေးလိုက်သည်။


"မာမား မျက်နှာပေါ်မှာ ဘာလို့အဲ့လိုအများကြီးတင်ထားတာလဲ..."


ပုံမှန်အားဖြင့် သူ့အမေဖြစ်စေ အိမ်အကူအန်တီဖြစ်စေ သူ့ကိုရေချိုးပြီးသည်နှင့်သူဆန္ဒမရှိလဲပဲကလေးလိုးရှင်းလေးများလိမ်းပေးတတ်ကြသည်။


"မာမားလဲ ဘာမှမတတ်နိုင်ဘူးလေ...အလှတရားတွေကိုထိန်းသိမ်းရမယ်လေ..."


သူဒီနေရာသို့ပြောင်းလဲမရောက်ရှိလာခင်က ယွမ်ရှသည်အကောင်းဘက်ကတွေးမည်ဆိုလျှင်တောင်မှနဲနဲပဲလှသည်ဟုဆိုနိုင်ပေသည်။ဒါတောင်မှသူမ၏အသားအရေကိုအကောင်းဆုံးဂရုစိုက်ခဲ့လေသည်။ယခုမူလပိုင်ရှင်၏မျက်နှာလေးသာဆိုလျှင် သေချာပေါက်ပို၍ဂရုစိုက်မည်ဖြစ်ကြောင်းပြောနေစရာတောင်မလိုပေ။


ပြောရမည်ဆိုလျှင်မူလပိုင်ရှင်၏မျက်နှာလေးက ထိပ်တန်းအလှတရားတရပ်ဖြစ်နေသည်။သူမလိုအလှဝါသနာရှင်တယောက်အနေဖြင့် ထိုမျက်နှာလေးကိုသူမ၏ပျင်းရိမှုကြောင့် ပျက်စီးသွားမည်အားလက်မခံနိုင်ပေ။ယွမ်ရှက သူ့မျက်နှာပေါ်မှခရင်များကိုဖယ်ချလိုက်ပြီး သက်ပြင်းတချက်ချလိုက်သည်။


"ဟုတ်တယ်...မာမားမျက်နှာပေါ်တင်ထားသမျှအားလုံး ကလေပိုက်ဆံတွေပဲ..."


ဝမ်လေးက သိချင်စိတ်အပြည့်ဖြင့် အိပ်ယာပေါ်တွားသွားလိုက်ပြီး ယွမ်ရှနားတိုးကပ်သွားလိုက်သည်။ထို့နောက် သူ့၏ဖောင်းဖောင်းတုတ်တုတ်လက်ကလေးများဖြင့်ယွမ်ရှ၏မျက်နှာကိုကိုင်၍စေ့စေ့ကြည့်ကာပြောလိုက်သည်။


"မာမားက အရမ်းလှနေပြီးသားပဲ ဘယ်သူမှပေါင်ပေါင်ရဲ့မာမားလောက်လှမှာမဟုတ်ဘူး..."


ယွမ်ရှသည် ပြီးပြည့်စုံသောမိခင်တယောက်နေရာတွင် လုံးလုံးလျားလျားအစားထိုးမဝင်ရောက်နိုင်ခဲ့သောကြောင့် သူမနှင့်ဝမ်လေးတို့က မအေနှင့်သားအဖြစ်သာမက သူငယ်ချင်းအဖြစ်လဲဆက်ဆံခဲ့ကြသည်။


"ပါပါးကလဲ သားနဲ့အမြင်တူတူပဲ..."


ယွမ်ရှ မတ်တပ်ထရပ်လိုက်သည်။သူဝမ်လေး၏နောက်ဆုံးစကားများ အားလုံးကိုမယုံကြည်ပေ။လွန်ခဲ့သည့်နှစ်လအတွင်းတွင် သူမကအကြိမ်အနဲငယ်ခန့် သူမကိုသူမအလှပဆုံးဖြစ်အောင်ပြင်ဆင်ခဲ့ဖူးသည်။


ထို့ကြောင့်လူများစွာကသူမအပြင်သွားသည့်အခါ၌လည်ပြန်လှည့်ငေးခြင်း သို့မဟုတ် သူမကိုအီစီကလီလုပ်ရန်ကြိုးစားခြင်းများကိုလဲကြုံခဲ့ရဖူးသည်။


သို့သော်လဲ သူမအိမ်မှာရှိသည့်အချိန်၌ စုန့်ထင်ရှန်းကသူမကိုအဖက်ပင်မလုပ်သောကြောင့် မူလပိုင်ရှင်၏မျက်နှာအရည်အသွေးကိုပင် သံသယဝင်ခဲ့ရဖူးသည်။ထို့ကြောင့် ဝမ်လေး၏ထင်မြင်ချက်ကိုထည့်တွက်၍မရပေ။သူကငယ်ရွယ်သေးသောကြောင့်အလှအပစံနှုန်းသတ်မှတ်ချက်များမရှိသေးပေ။သူ့၏မိခင်ဖြစ်သောကြောင့်သာအလှဆုံးဖြစ်သည်ဟုထင်နေခြင်းသာဖြစ်သည်။


စုန့်ထင်ရှန်းအကြောင်းပြောရလျှင်လဲ သူသည်အကြိမ်တိုင်းသူမကိုတချက်သာကြည့်၍မည်သည့်တုံ့ပြန်မှု မည်သည့်အမူအယာမှမရှိပဲတည်ငြိမ်လှပေသည်။


အကယ်၍ စုန့်ထင်ရှန်း၏အပြုအမူမျိုးတခြားတယောက်သာပြုမူပါက ထိုသူသည်သူမ၏စိတ်ဝင်စားမှုကိုဖမ်းစားနိုင်ရန်အတွက်ဂရုမစိုက်ချင်ယောင်ဆောင်ပြီး ကြီးမြတ်သည့်စီအီးအိုတယောက်ပုံစံပြုမူနေသည်ဟုသူမထင်ကောင်းထင်မိပေလိမ့်မည်။


သို့သော်လဲ ထိုသူကစုန့်ထင်ရှန်းဖြစ်နေချိန်၌ သူမဘယ်လောက်လှသည်ဆိုသည်ကိုထိုသူတကယ်သတိမထားမိကြောင်းသူမသိပေသည်။ပြောရမည်ဆိုလျှင်ထိုသူက အလှတရား၏တိုက်ခိုက်မှုဒဏ်ကိုခုခံတွန်းလှန်နိင်စွမ်းရှိနေသည်ဟုဆိုရပေမည်။


"မာမားကို မြှောက်ပင့်ဖဖို့ကြိုးစားမနေပါနဲ့..."


ယွမ်ရှကလေးလေး၏ခေါင်းကိုအသာပုတ်ရင်းဆိုလိုက်သည်။


"ဒီည ဘာလို့ ပါပါးနဲ့မအိပ်တာလဲ..."


ဝမ်‌လေးက အခွင့်အရေးကို အမိအရယူပြီးခေါင်းအုံးကြီးပေါ်တွင်လှဲမှီချလိုက်သည်။


"ပါပါးက အလုပ်များနေတယ်..."


စုန့်ထင်ရှန်းက အလွန်အလုပ်များသော်လဲ အမြဲတမ်းအလုပ်မှအချိန်မှန်ပြန်လာကာဝမ်လေးနှင့်အတူညစာ စားပေးလေ့ရှိသည်။၎င်းက ကလေးလေးအတွက်သူလုပ်ပေးနိုင်သောအရာဖြစ်သည်။သို့သော်လဲအလုပ်မှစောထွက်လာသည့်အဓိပ္ပာယ်က ညအချိန်တွင်အိမ်၌အချိန်ပိုအလုပ်လုပ်ရမည်ဟုဆိုလိုခြင်းဖြစ်သည်။


တခါတရံသူမညဘက်ရေထသောက်သည့်အချိန် အခန်းရှေ့မှဖြတ်သွားစဉ်တွင် စုန့်ထင်ရှန်း၏စာကြည့်ခန်းမီးလင်းနေဆဲဖြစ်ကြောင်းကိုတွေ့မိပေသည်။


ပေါက်စီလုံးလေးက သူ့၏အချိန်မှန်ကိုယ်တွင်းနာရီကြောင့် စကားခဏမျှပြောပြီးသည်နှင့်ငိုက်မြည်းလာကာအိပ်မောကျသွားတော့သည်။အရင်ကဆိုလျှင်ယွမ်ရှသည်လဲ သူ့၏အိပ်စက်မှုကူးစက်ကာသက်ရောက်ခံရတတ်သည်။


သို့သော်လဲ ဒီနေ့တွင်မူသူမကပုံမှန်လည်ပတ်နေမှုမှ ခွဲထွက်ကာဘာသာစကားသင်တန်း၌ ဘာသာစကားသင်တန်းဆရာမနှင့်သင်ကြားရင်း ဟောင်ကောင်မစ်တီးတခွက်ကိုသောက်ခဲ့မိသည်။ထို့ကြောင့် ယနေ့သူမအားအင်အပြည့်တက်ကြွလန်းဆန်းနေပေသည်။


မစ်တီးတခွက်သောက်လိုက်ခြင်းက ကော်ဖီတခွက်သောက်ခြင်းထက်ပင်ပို၍အကျိုးသက်ရောက်နေပေသည်။


မည်သို့ပင်ဆိုစေ သူမသည်လဲမနက်စောစောထကာ 

ကြပ်ညှပ်နေသောရထားစီး၍အလုပ်သွားစရာလဲမလိုအပ်ပေ။


ထို့ကြောင့် အေးအေးသာသာပင် ဝေ့ပေါ် သုံးရင်းအချိန်ဖြုန်းနေလိုက်သည်။


၁၁နာရီထိုးသည့်အချိန်ထိ ယွမ်ရှမအိပ်ချင်သေးပေထို့ကြောင့် သူမအိပ်ပျော်စေရန်အတွက်အောက်ထပ်သို့သွား၍နို့တခွက်သောက်ရန်ပြင်လိုက်သည်။သူမအခန်းကထွက်လာပြီးနောက် စုန့်ထင်ရှန်းနှင့်ထိပ်တိုက်တွေ့ဆုံမိသွားပေသည်။


xxxxxxxx