-
ရှင့်ဒေါသကို ကျွန်မ ဘယ်လိုဖြေဖျောက်ပေးရမလဲ
စုယန်ယန်သည်
အားတင်းပြီးပြုံးကာ သူ့အား နှစ်သိမ့်ဖို့ ကြိုးစားလိုက်သည်။ “ရှောင်ချီးရဲ့ အခြေအနေက
နည်းနည်းထူးခြားတယ်လေ၊ ဒါကြောင့် သူက လိင်ပိုင်းဆိုင်ရာ နည်းနည်း ခွဲခြားဆက်ဆံတတ်တယ်။
ရှင် ဒါကို စိတ်ထဲမထားပါနဲ့။”
ဟောက်ချန်ဟွမ်းသည်
လွယ်လွယ်နှင့် အရူးလုပ်ခံရမည့်လူ မဟုတ်ပေ။ “ကိုယ်က မင်းရဲ့ စကားတွေကိုပဲ စိတ်ထဲထည့်တာ။
ဘယ်ယောက်ျားမှ မကောင်းဘူးလို့ မင်းပြောခဲ့တယ်။”
“သူမနဲ့
ရေလိုက်ငါးလိုက်ပြောပေးဖို့ကလွဲပြီး ကျွန်မမှာ အခြားရွေးချယ်စရာမရှိဘူးလေ။”
“တကယ်လား။”
စုယန်ယန်သည်
ဟောက်ချန်ဟွမ်း၏ အမူအရာကို ကြည့်ကာ သူ့အင်္ကျီလေးကို အသာဆွဲလိုက်သည်။ “ရှင် စိတ်ဆိုးနေတာလားဟင်။”
ဟောက်ချန်ဟွမ်းမှာ
စိတ်ဆိုးမနေပါချေ။ စုယန်ယန်ပြောသလိုပဲ သူမမှာ ရေလိုက်ငါးလိုက်ပြောပေးရုံပဲဆိုတာ သူသိသည်။
သူမက သူ့ကိုမကောင်းဘူး ထင်တာမျိုး မဟုတ်ပေ။ ထို့ကြောင့် သူလည်း ဒေါသထွက်မနေပေ။
သို့သော်
စုယန်ယန်၏ ဒေါသထွက်နေတာလားဟု ခပ်တိုးတိုးမေးသံကို ကြားရသောအခါ သူ၏လျှာမှာ ထုံထိုင်းသွားပြီး
ကျီစယ်လိုစိတ်လေး ဖြစ်ပေါ်လာ၏။ ဟောက်ချန်ဟွမ်း၏ မျက်လုံးများက မဲနက်လာပြီး အရှက်မဲ့စွာ
ပြောလိုက်သည်။ “အင်း”
“ရှင် တကယ်ကြီး ဒေါသထွက်နေတာလား။” စုယန်ယန်သည် သူ့အနားသို့
တိုးကပ်လာ၏။ “ရှင် စိတ်မဆိုးပါနဲ့နော်။ အဲ့လို ထပ်မပြောတော့ဘူးလို့ ကျွန်မ ကတိပေးပါတယ်။”
ဟောက်ချန်ဟွမ်းမှာ
စကားပြန်မပြောသလို သူ့အမူအရာကလည်း ပြောင်းလဲခြင်းမရှိပေ။
စုယန်ယန်သည်
မျက်တောင်လေးခတ်ကာ စူးစမ်းလိုက်သည်။ “ဒါဆို ရှင် ဒေါသမထွက်တော့အောင် ကျွန်မ ဘာလုပ်ပေးရမလဲဟင်။”
ဟောက်ချန်ဟွမ်းမှာ
တိတ်ဆိတ်နေပြီး သူမကို စိုက်ကြည့်နေ၏။
ဒါက
ဘာအဓိပ္ပာယ်လဲ။ စုယန်ယန်သည် ခဏလောက် မျက်မှောင်ကြုတ်ကာ စဉ်းစားနေပြီးနောက် သူမသည် အံကြိတ်ကာ
ယုကျစ်ယန် ရှေ့မှာပင် ဟောက်ချန်ဟွမ်းအား နမ်းလိုက်၏။
ဟောက်ချန်ဟွမ်း၏
မျက်လုံးထဲတွင် အလင်းတစ်ချက် လင်းလက်သွားသော်လည်း သူ့ရဲ့ မျက်နှာအမူအရာမှာ မပြောင်းလဲသေးပေ။
ဟောက်ချန်ဟွမ်း၏
မပြောင်းမလဲ မျက်နှာအမူအရာအား မြင်လိုက်ရသောအခါ စုယန်ယန်၏ နှလုံးသားလေး တစ်ချက် ခုန်သွားရသည်။
သူမ တကယ်ပဲ အမှားလုပ်မိတာလား။ ဒီနည်းလမ်းကတောင် သူ့ကို စိတ်မပြေစေနိုင်ဘူးလား။
စုယန်ယန်တစ်ယောက်
ထပ်မတွေးနိုင်ခင်တွင် ဟောက်ချန်ဟွမ်း၏ စကားသံထွက်လာသည်။ “တစ်ကြိမ်တည်းပဲလား။”
စုယန်ယန်မှာ
ပြောစရာများ ပျောက်ရှသွား၏။
ရှေ့ခန်းတွင် ထိုင်နေသော ယုကျစ်ယန်မှာ သူ့ကိုယ်သူ
စိတ်ချောက်ခြားနေပြီဟု ထင်မိလိုက်တော့သည်။ “…”
စုယန်ယန်မှာ
ရယ်ရမလို ငိုရမလိုပင်။ သူမသည် သက်ပြင်းတစ်ချက်ချလိုက်သည်။ “ဒါဆို ကျွန်မကို နောက်ထပ်
အကြိမ်ပေါင်းများစွာ ပြန်နမ်းလိုက်လေ။”
စုယန်ယန်က
ထိုသို့ပြောပြီးနောက်တွင် ဟောက်ချန်ဟွမ်းသည် ခေါင်းငုံ့လိုက်ကာ သူမအား အကြိမ်အနည်းငယ်
နမ်းလိုက်၏။ အကြိမ်တိုင်း နှုတ်ခမ်းကိုသာ နမ်းသည်...
အကြောင်းပြချက်မရှိဘဲ
ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံနေရသော ယုကျစ်ယန် : “…” ဟေး ဟေး ဟေး၊ တော်လောက်ပြီနော်။
စင်ဂယ်လေးတွေကို ဒီလိုလာအနိုင်မကျင့်နဲ့။
စုယန်ယန်၏
လက်ထဲတွင် ရှိနေသော ခွေးလေးသည်လည်း စကားမပြောနိုင်ပေ။ တော်လောက်ပြီ။ အသည်းကွဲနေတဲ့ ခွေးလေးရှေ့မှာ ဒီလိုမျိုးပြုမူဖို့က
သင့်လျော်တယ်လို့များ ထင်နေလား။။
အခုမှ
ပြန်သယ်လာတဲ့ ခွေးလေးဟာ အိမ်ကနေ ထပ်ထွက်ပြေးဖို့ စိတ်ကူးနေရပြီဖြစ်သည်။ ဒီလိုအကြင်နာမဲ့တဲ့
ကမ္ဘာကြီးက သူ့နှလုံးသားကို တကယ်ပဲ ကြေကွဲစေပါသည်။
စုယန်ယန်က
သူ့အား မတားမြစ်ခင်အထိ အကြိမ်ပေါင်းများစွာ နမ်းရှိုက်ခဲ့၏။ စုယန်ယန်က ပြုံးလိုက်ပြီး
“ရှင်စိတ်မဆိုးတော့ဘူးလား။” ဟု မေးလိုက်သည်။
“အင်း”
စုယန်ယန်
သက်ပြင်းတစ်ချက်ချလိုက်သည်။ ထို့နောက် သူမသည် တစ်စုံတစ်ခုကို သတိရသွားပုံပေါ်၏။ သူမသည်
ဟောက်ချန်ဟွမ်း၏ မျက်လုံးများကို စိုက်ကြည့်ကာ ပြုံးလိုက်သည်။ “ရှင်က တကယ့်ကို လူဆိုးကြီးပဲ”
ဟု ပြောလိုက်သည်။
နောက်ဆုံးတော့
ဒီကိစ္စကြီးက ပြီးသွားပြီဟု ထင်နေသော ယုကျစ်ယန်မှာ ထပ်ပြီး ပြောစကားများ ပျောက်ရှသွားရပြန်သည်။
“...” သခင်မလေး ရူးများနေသလားခင်ဗျာ။ အခုလေးတင်
သူ့ကိုချော့နိုင်ခဲ့တာကို သူ့ကို စိတ်ဆိုးစေမယ့်စကား ထပ်ပြောပြန်ပြီ။ မင်း သူ့ကို ထပ်ပြီး
ချော့ဖို့ စီစဉ်နေတာလား။
ဟောက်ချန်ဟွမ်းမှာ
အံ့ဩသွား၏။ ဒေါသထွက်ချင်ယောင်ဆောင်သည့် အပြုအမူကို စုယန်ယန်တစ်ယောက် သတိပြုမိသွားသဖြင့်
စိတ်ဆိုးနေပြီဟု သူထင်လိုက်မိသည်။
ထို့ကြောင့်
သူရှင်းပြတော့မလို့ လုပ်နေစဉ်မှာပင် စုယန်ယန်က “ရှင်က ခင်ပွန်းကောင်းတစ်ယောက်ပဲ” ဟု
ပြောလာခဲ့၏။
ယုကျစ်ယန်
“...” မင်းတို့အားလုံး စကားပြောရတာကို အရမ်းကြိုက်ကြတာလား။
ဟောက်ချန်ဟွမ်း၏
မျက်နှာမှာ အနည်းငယ် နီသွားသည်။ ဟောက်ချန်ဟွမ်းတစ်ယောက် ဘာမှပြန်မပြောသော်လည်း စုယန်ယန်သည်
သူ့မျက်လုံးများက အမှန်တကယ် ပျော်ရွှင်နေသည်ကို မြင်နေရသည်။
စုယန်ယန်သည်
ရယ်မောလိုက်ပြီး ဟောက်ချန်ဟွမ်း၏ လက်မောင်းအား ဖက်တွယ်ထားလိုက်သည်။
ဒီစကားတွေက
သူ့ကို ချော့ဖို့ ပြောတာဆိုပေမယ့် ဒါတွေက သူမရဲ့ နှလုံးသားထဲက စကားလုံးတွေပဲ။
သူမမျက်လုံးထဲတွင်
ဟောက်ချန်ဟွမ်းထက် သာလွန်သောခင်ပွန်းမရှိပေ။
အနာဂတ်မှာ
သူတို့၏ သားသမီးတွေရှိလာခဲ့ရင် သူက ကမ္ဘာပေါ်မှာ အကောင်းဆုံး ဖခင်ဖြစ်လာမှာ အသေအချာပဲ။