Chapter 257
ကျန်းမင်ယွမ် ဖုံးကွယ်ရန် ကြိုးစားခဲ့သည့် ကိစ္စကို ချန်းဟွမ်သည် သူမ ဝန်ထမ်းထံမှတစ်ဆင့် သိသွားရလေသည်။
အင်တာနက်ပေါ်မှ အခြားဝေဖန်သူများသည် အရှုပ်တော်ပုံ၏ ဇာတ်မြစ်ဖြစ်သူ ချန်းဟွမ်ကို မသိနိုင်သော်လည်း သိုးသားစားသောက်ဆိုင်ရှိ ဝန်ထမ်းများမှာမူ အချိန်တိုအတွင်း သိရှိသွားကြသည်။သူတို့၏ သူဌေးနှင့်ပတ်သက်သော ကောလဟလ သတင်းအားလုံးကို ဖတ်ရင်း ချန်းဟွမ်ကို လူကိုယ်တိုင် မြင်လိုက်ရသောအခါတွင် သူတို့အားလုံး အနည်းငယ် လန့်သွားကြသည်။ အချို့ကလည်း သူမကို ဖားလိုက်ကာ လေချိုသွေးကြသည်။
နောက်ဆုံးတွင် ချန်းဟွမ်က ဝန်ထမ်းအမျိုးသမီးတစ်ယောက်ကို ဖုန်းခဏငှား၍ သုံးလိုက်ရာမှ ထိုသတင်းများကို screen shot များမှတစ်ဆင့် တွေ့သွားခြင်း ဖြစ်လေသည်။
ဒါကြောင့် ကျန်းမင်ယွမ်က သူ့ဖုန်း ပျက်သွားတယ်ဆိုပြီး ငါ့ဖုန်းကို ငှားထားတာကိုး…
သူမသည် ထိုကိစ္စများကို ပြုလုပ်ခဲ့သူ (မူလချန်းဟွမ်) မဟုတ်သောကြောင့် သူမနှင့် မဆိုင်ဟု ခံစားလိုက်ရသေးသည်။ထို့အပြင် သူမသည် သတင်းများနှင် ပတ်သတ်၍ စိတ်မကောင်းဖြစ်မိသော်လည်း ကျန်းမင်ယွမ် စိတ်အနှောင့်အယှက်ဖြစ်သွားမည်ကို ပို၍ စိုးရိမ်သွားမိသည်။
ပြီးခဲ့သောရက်အနည်းငယ်က ကျန်းမင်ယွမ် မူမပျက်သွားခဲ့ပေ။ထို့အပြင် သူတို့နှစ်ယောက်၏ ဆက်ဆံရေးမှာလည်း ပို၍ပင် ကောင်းမွန်လာရသည်။သူက သူမတို့ တိုက်ခန်းတွင် လာလာအိပ်တတ်သေးသည်။ယခုဆိုလျှင် သူမ ဤကိစ္စအား သူ့ကို မပြောမိစေရန် ဘယ်လို ထိန်းထားရမှန်း မသိတော့။
ကျန်းမင်ယွမ်၏ စူးစူးရဲရဲအကြည့်ကို ပြန်မြင်ယောင်လိုက်ရင်း ချန်းဟွမ် နားရွက်များပင် ပူထူလာရသည်။ သူမသည် ဖုန်းကို ဝန်ထမ်းကောင်မလေးထံ ပြန်ပေးကာ သူမလိုချင်နေသည့် စာအုပ်များကို တစ်ချက် စစ်ဆေးလိုက်၍ စားဖိုမှူးများနှင့်အတူ ဟင်းလျာအသစ်များ မြည်းကြည့်ရန် မီးဖိုခန်းထဲ ဝင်လာလိုက်သည်။
သူမတို့ ဆိုင်သည် ဟင်းလျာအသစ်များကို တစ်လောကတည်းက ထပ်မံဖြည့်စွက်နေကြ၏။ စားဖိုမှူးများက ဟင်းလျာအသစ်များကို သူတို့ ဆွေးနွေးနေရင်း တစ်ခုပြီးတစ်ခု စမ်း၍ ချက်ပြုတ်ပြလေသည်။ ချန်းဟွမ်က တူကို ကောက်ကိုင်လိုက်ပြီး မြည်းကြည့်တော့မည့် အချိန်တွင် သူမစိတ်ထဲ အတွေးတို့ ဖျတ်ကနဲ ပေါ်လာရသည်။
'ကျန်းမင်ယွမ်က ဟင်းချက်နည်းကို ဘယ်သူ့ဆီမှာ သင်ခဲ့တာလဲလို့ မေးတယ်…အိုး…ဘုရားရေ…"
ချန်းဟွမ် စိတ်ထဲ ဘုရားသာတလိုက်မိတော့သည်။ သူမ၏ မိသားစု ရာဇဝင် အားလုံးကို အင်တာနက်မှာ ကြည့်လိုက်ရုံနှင့် သူမစကားများမှာ မှားယွင်းနေသည်ကို ကျန်းမင်ယွမ် သေချာပေါက် သိထားပေလိမ့်မည်။
ဒါဆို သူသိရဲ့သားနဲ့ ဘာလို့ မပြောတာလဲ…
ချန်းဟွမ် က လန့်သွားရပြီး သူမစိတ်ထဲ အမျိုးမျိုးလည်း တွေးလိုက်မိသည်။ ကျန်းမင်ယွမ်က အွန်လိုင်းမှပြဿနာများကို ဂရုမစိုက်ခြင်းလည်း ဖြစ်နိုင်သည်။သိူ့မဟုတ်လည်း သူတို့နှစ်ယောက်၏ ဆက်ဆံရေးကို အလေးအနက်မထားသောကြောင့် သူမအကြောင်းကို လစ်လျူရှုထားခြင်းလည်း ဖြစ်နိုင်သည်။
သူဌေးဖြစ်သူက တူကို ကိုင်ထားပြီး ဟင်းမမြည်းသဖြင့် စားဖိုမှူးက မေးလိုက်သည်။
"သူဌေး… နေမကောင်းဘူးလား…"
ထိုမေးခွန်းက သူမကို လက်တွေ့ဘဝသို့ ပြန်ရောက်သွားစေသည်။ ချန်းဟွမ်က အသာခေါင်းခါပြလိုက်သည်။ သူမ ယခုချက်ချင်းပင် သူ့ဆီက အဖြေစကားကို ကြားချင်လှသဖြင့် အခြားကိစ္စများကို အာရုံမစိုက်နိုင်တော့ပေ။ သူမ တူကို ချထားလိုက်ပြီး ဘေးနားက စားဖိုမှူးကို ပြောလိုက်သည်။
"အိမ်မှာ လုပ်စရာ တစ်ခုရှိလို့ အခု သွားရမယ်…"
"ဒါကို သူဌေး အရင် မမြည်းကြည့်တော့ဘူးလား…"
စားဖိုမှူးက သူမ အဖြေကို စောင့်နေဆဲပင်။ သူဌေးဖြစ်သူက ရုတ်တရက် စိတ်ပြောင်းသွားသောအခါ အခြားဝန်ထမ်းများလည်း အံ့ဩသွားကြသည်။
"မဟုတ်ဘူး…အဆင်ပြေပါတယ်…ပြီးမှ ငါ့ကို ဖုန်းဆက်ပြောလိုက်လေ…"
***
ချန်းဟွမ်သည် မမျှော်လင့်ထားသည့် အဖြစ်အပျက်ကြောင့် စောပြီး အိမ်ပြန်လာခဲ့သည်။ သူမ အိမ်ပြန်ရောက်သောအခါ ညနေ ၄ နာရီတောင် မထိုးသေး။ ကျန်းမင်ယွမ် မှာ ရုံးတွင်ရှိနေဆဲဖြစ်ကာ ရှင်းရှင်းကလည်း သူ့နောက် လိုက်သွားခြင်း ဖြစ်လေသည်။ထို့ကြောင့် တိုက်ခန်းကလေးမှာ တိတ်ဆိတ်နေရသည်။ ချန်းဟွမ် သည် ကြမ်းခင်းကော်ဇောပေါ်မှာထိုင်ရင်း တွေးနေလိုက်သည်။
အချိန်တွေ တဖြည်း ဖြည်း ကုန်လွန်သွားပြီး ဧည့်ခန်းကလည်း ပို၍ မှောင်မည်းလာရသည်။ နောက်ဆုံးတွင် တံခါးပွင့်လာပြီး အလင်းရောင်တစ်ချို့ မြင်လိုက်ရကာ ရင်းနှီးနေသော ခြေသံများ ထွက်ပေါ်လာသည်။
***
ကျန်းမင်ယွမ်သည် အခန်းထဲဝင်လိုက်ရာ မှောင်မည်းနေသဖြင့် အနည်းငယ် ထိတ်လန့်သွားရသည်။ ရှင်းရှင်းကို သူ့ရင်ခွင်ထဲ တိုးပွေ့လိုက်ပြီး နောက်ဆုံးတွင် သူ စိတ်သက်သာရာ ရသွားသလို အထဲကို လျှောက်သွားသော် ဆိုဖာရှေ့မှာ ထိုင်နေသူကို တွေ့လိုက်ရသည်။ သူက ရှင်းရှင်း ကို အောက်ချလိုက်ပြီး မီးဖွင့်လိုက်သည်။ ဧည့်ခန်းရှိ မီးဆိုင်းကြီးသည် လင်းထိန်လာရပြီး မျက်စိကျိန်းမတတ် တောက်ပနေလေသည်။ သို့သော် ဆိုဖာရှေ့မှာ ထိုင်နေသူက မတုန်လှုပ်ပေ။
"ဘာဖြစ်တာလဲ…နေမကောင်းလို့လား…"
ကျန်းမင်ယွမ်က လျှောက်လာပြီး သူမရှေ့မှာ ထိုင်ချလိုက်ပြီးမေးလေသည်။
Xxxxx
Chapter 258
ချန်းဟွမ် ဖြည်းညှင်းစွာ မော့ကြည့်လိုက်သည်။
"ရှင်…"
"ဘာလဲ…"
သူမ မေးချင်သည်များကို ထပ်ခါထပ်ခါ တွေးနေမိသော်လည်း နောက်ဆုံး မပြောဖြစ်လိုက်ပေ။ ချန်းဟွမ် သူမကိုယ်သူမ ရှုံးနိမ့်သွားသည့် တိုက်ကြက်တစ်ကောင်ပမာ ခံစားလိုက်ရသဖြင့် ခေါင်းယမ်းပြလိုက်သည်။
"ဟင့်အင်း…ဘာမှမဟုတ်တော့ပါဘူး…ထမင်းချက်လိုက်မယ်နော်…"
ကျန်းမင်ယွမ်သည် သူမ စိတ်ထဲမှာ တစ်ခုခုရှိနေသလိုမျိုး ခံစားနေရသည်။သို့သော် ရှင်းရှင်း အနားတွင် ရှိနေသဖြင့် သေသေချာချာလည်း မေးလို့မဖြစ်ပေ။ သူက သူမနှင့်အတူ မတ်တပ်ထရပ်လိုက်ကာ သူမကို တားလိုက်သည်။
"ထားလိုက်တော့…အပြင်သွားစားရအောင်လေ…"
ချန်းဟွမ်က သူ့ကို လှည့်ကြည့်လိုက်ရာ သူကလည်း သူမကို ပြန်ကြည့်နေသည်။
"သေဘေးကနေတောင် လွတ်လာခဲ့ပြီလေ…ပွဲလေးဘာလေး လုပ်ဖို့မကောင်းဘူးလား…"
သူက ချန်းဟွမ် လက်ကို ဆုပ်ကိုင်လိုက်ပြီး ဆွဲခေါ်လိုက်သည်။
"သွားကြရအောင်…ကိုယ် ဘိုကင်လုပ်ထားပြီးသား…"
သူတို့ ညစာသွားစားသည့် ဆိုင်မှာ သပ်သပ်ရပ်ရပ် ရှိကာ အစားအသောက်များကလည်း အလွန်ပင် ကောင်းမွန်ပေသည်။ မည်သို့ပင်ဆိုစေ သူမစိတ်ထဲမှာ တစ်ခုခုရှိနေသဖြင့် ကောင်းကောင်းမစားနိုင်ပေ။ ကျန်းမင်ယွမ် က သူမ ကောင်းကောင်းမစားသည်ကို သတိထားလိုက်မိသော်လည်း ဘာမှ မပြောပေ။
***
ရှင်းရှင်းကို သိပ်ပြီးနောက် ကျန်းမင်ယွမ်က ချန်းဟွမ် အိပ်ခန်းတံခါးကို ခေါက်လိုက်သည်။ ကျန်းမင်ယွမ် ခေါက်လိုက်ချိန်တွင် ချန်းဟွမ် ရေချိုးပြီးစ ဖြစ်သည်။ သူမ ဆံပင်များမှာလည်း ရေစက်လက်နှင့်။ သူမက တံခါးခေါက်သံကြားသဖြင့် တံခါးမဖွင့်ပေးသေးဘဲ မေးလိုက်သည်။
"ဘာလဲ…"
"ဖွင့်လိုက်ပါ…ကိုယ် မင်းကို ပြောစရာရှိတယ်…"
သူမအကြောင်းများ ပြောချင်လို့လား…
ချန်းဟွမ် ရင်ဘတ်ထဲ တင်းကျပ်သွားသလို ခံစားလိုက်ရသော်လည်း အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ သူမက ညအိပ်ဝတ်စုံကို ကြယ်သီးတပ်လိုက်ပြီး တံခါးဖွင့်ပေးလေသည်။
"ဒီထဲ လာပြီး ပြောမလို့လား…"
ကျန်းမင်ယွမ်က ခေါင်းညိတ်ပြပြီး သူမကို အခန်းထဲ တွန်းပို့လိုက်သည်။ သူက ချက်ချင်း မပြောသေးဘဲ အခန်းထဲ လှည့်ပတ်၍ တစ်ခုခုကို ရှာနေလေသည်။
"ရှင် ဘာရှာနေတာလဲ…"
ကျန်းမင်ယွမ်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
“မင်းဆံပင်ကို အရင်ခြောက်သွားအောင် ဒရိုင်ယာနဲ့ မှုတ်ရအောင်… ပြီးမှ ပြောမယ်…"
ပုံမှန်အားဖြင့် ကျန်းမင်ယွမ်မှာ ဤကဲ့သို့ စကားတစ်ခွန်းပြောရန် အချိန်မဆွဲတတ်ပေ။
ထို့နောက် သူက ချန်းဟွမ်ကို ဆွဲခေါ်လာပြီး မှန်တင်ခုံရှေ့မှာ ထိုင်ခိုင်းကာ ဒရိုင်ယာကိုဖွင့်လိုက်သည်။
ဒရိုင်ယာ၏ အပူချိန်မှာ အနည်းငယ်မြင့် နေသဖြင့် ကျန်းမင်ယွမ်မှာ မည်သူ့ကိုမျှ လုပ်ပေးဖူးဟန်မတူ။တစ်ခါတစ်ခါ သူက တစ်နေရာတည်းကိုသာ အချိန်အကြာကြီး မှုတ်နေသဖြင့် သူမ ဦးရေပြားမှာ အနည်းငယ် နာကျင်လာရသည်။ သို့သော် ချန်းဟွမ် အလွန်အမင်း စိတ်မသက်မသာ မဖြစ်ရပေ။ သူမက ခုံပေါ်တွင် ငြိမ်သက်စွာထိုင်ကာ ကျန်းမင်ယွမ် ကို ကြည့်လိုက်ရာ သူ့ပုံစံမှာ အာရုံစူးစိုက်၍ တတ်နိုင်သမျှ သတိထားလုပ်ပေးနေလေသည်။
ချန်းဟွမ်၏ ဆံပင်သည် ရှည်လျားပြီး လုံးဝခြောက်သွားရန် အချိန်အနည်းငယ်ယူရပေသည်။
ခဏကြာလျှင် ကျန်းမင်ယွမ်က ဒရိုင်ယာကို ပိတ်လိုက်ပြီး သူမ ဆံပင်ကို ဖြီးပေးလိုက်သည်။သူသည် အမေဖြစ်သူနှင့်လည်း လက်ပွန်းတတီးမနေခဲ့သလို မိန်းကလေးသူငယ်ချင်းများလည်း မရှိသဖြင့် မိန်းကလေးများ၏ ဆံပင်အကြောင်း သိပ်မသိပေ။
ချန်းဟွမ် ဆံပင်မှာ ကောက်နေသဖြင့် ဒရိုင်ယာနှင့်မှုတ်လိုက်ရာ နေကြာပန်းကဲ့သို့ တစ်ခေါင်းလုံး ပွယောင်းယောင်းဖြစ်လာရသည်။
ကျန်းမင်ယွမ်က ဆံပင်ကို သတိမထားမိသေးဘဲ ဆံရင်းမှ အဖျားအထိ သေချာစွာ ဖြီးပေးလိုက်သည်။ ခေါင်းဘီးကို ဖယ်လိုက်သည်နှင့် သူ့ ရှေ့တွင် လွင့်နေသော ဆံပင်များကို မြင်လိုက်ရသဖြင့် သူအံ့ဩသွားရသည်။
ချန်းဟွမ်က ရယ်မောလိုက်ပြီး သူမ ရယ်သံကြောင့် ကျန်းမင်ယွမ် သူ့ကိုယ်သူ ပိုရှက်သွားရသည်။ သူကဖွာလန်ကြဲနေသည့် သူမ ခေါင်းကို ကြည့်ပြီး မဝံ့မရဲမေးလိုက်သည်။
"ရေထပ်ပြိီး စွတ်လိုက်ရဦးမလား…"
"ရပါတယ်…ထားလိုက်ပါတော့…"
ချန်းဟွမ်က ပြုံးရင်း မှန်ထဲမှတစ်ဆင့် ကျန်းမင်ယွမ်ကို လှမ်းကြည့်လိုက်ရင်း သူ့လက်ထဲက ခေါင်းဘီးကို ယူကာ ခုံပေါ် ချထားလိုက်သည်။ထို့နောက် သူမက ပွယောင်းနေသော ဆံပင်ကို လစ်လျူရှုလိုက်ကာ မေးလိုက်သည်။
"ရှင်က ဘာပြောချင်လို့လဲ…"
Xxxxxx