- ပြဿနာအကြီးကြီး မွှေမိခြင်း
ဝမ်ကျင့်ဖျင်၏
ရည်ရွယ်ချက်မှာ ထိပ်ဆုံးသို့တက်ရန် ဖြစ်သောကြောင့် သူမ၏ သမိုင်းတွင် ဤကဲ့သို့ သေစေနိုင်လောက်သော
အစွန်းအထင်းမျိုးကို တည်ရှိခွင့်မပြုနိုင်ပေ။
“ကျွန်မကို
အဲ့လို ဆဲဆိုကြတာ ပြီးတော့ ရှင့်ကိုတင် မဟုတ်ဘဲ ရှင့်မိဘတွေကိုပါ ပြောဆိုနေကြတာပါ မြင်တော့
ကျွန်မ တကယ် စိတ်မကောင်းဖြစ်ရတယ်။ ဒီကိစ္စကြောင့် ရှင့်မိဘတွေ ကျွန်မကို အထင်သေးသွားမှာ
ကြောက်မိတယ်။”
“အဲ့လိုမဖြစ်ပါဘူး။”
ဟောက်ရှောက်ဖုန်းသည် ဆက်ပြောချင်သော်ငြားလည်း ထိုစကားပြောပြီးပြီးချင်းပင် သူ့အမေက
သူ့အား ဆေးရုံတွင် ဆူပူကြိမ်းမောင်းခဲ့သည်ကို ပြန်သတိရသွားပြီး သူ့အမူအရာမှာလည်း ပြောင်းလဲသွား၏။
ဝမ်ကျင့်ဖျင်မှာ
သူမစည်းရုံးတာ အနည်းငယ်အောင်မြင်လာသည်ကို မြင်သောအခါ ဆက်ပြောလိုက်၏။ “အဲ့လူတွေ ကျွန်မတို့ကို
ဒီလို ဆဲဆိုကြိမ်းမောင်းနေတာကို ခွင့်ပြုလို့ မဖြစ်ဘူး။ အမှားလေးတစ်ခုကလည်း ကုမ္ပဏီကို
ထိခိုက်နိုင်တယ်။ အန်ကယ့်မှာ တခြားအကြံဥာဏ်များရှိမလားလို့ သူ့ကို မေးကြည့်ချင်လား။”
ဘာပဲပြောပြော
ဟောက်ရှောက်ဖုန်းမှာ ငယ်လွန်းသည်။ ထို့အပြင် သူသည် ငယ်စဉ်ကတည်းက အလိုလိုက်ခံခဲ့ရသည့်အတွက်ကြောင့်
အတွေ့အကြုံများစွာ မရှိပေ။ သူသည် လမ်းတစ်ခုတည်းကို လျှောက်နေတာဆိုပေမယ့် ယာယီပြဿနာလေး
တစ်ခုကို ဖြေရှင်းဖို့တောင် သူ့မှာ ဦးတည်ရာမဲ့နေဆဲပင်။
ဝမ်ကျင့်ဖျင်သည်
ဟောက်ရှောက်ဖုန်း၏ဖခင်မှာ သူ့ထက် အရည်အချင်းရှိသောကြောင့် သူတို့အား ဒီကိစ္စကို ကူညီဖြေရှင်းပေးနိုင်လိမ့်မည်ဟု
မျှော်လင့်နေ၏။
ဟောက်ရှောက်ဖုန်းသည်
ဝမ်ကျင့်ဖျင်၏စကားများမှာ အဓိပ္ပါယ်ရှိသည်ဟု ခံစားရသောကြောင့် ဟောက်ချီဟန်ကို ချက်ချင်းဖုန်းဆက်လိုက်သည်။
သူတို့နှစ်ဦးလုံးသည်
ဟောက်ချီဟန်အပေါ် မျှော်လင့်ချက် အပြည့်အဝ ထားခဲ့ကြသော်လည်း ဟောက်ချီဟန်မှာ သူ့ကိုယ်သူ
ကာကွယ်နိုင်ရုံမျှသာဖြစ်ကြောင်း သူတို့လုံးဝမသိခဲ့ကြပေ။
လွန်ခဲ့သော
နာရီအနည်းငယ်က ဟောက်ကော်ပိုရေးရှင်းသည် ရင်းနှီးမြှုပ်နှံမှုဆိုက်တစ်ခုအားရရှိရန် အားထုတ်ကြိုးပမ်းခဲ့သော်လည်း
သူတို့သည် မျိုးသုဉ်းလုနီးပါး သက်ရှိအုပ်စုတစ်စု၏ ရုပ်ကြွင်းများကို ရုတ်တရက် တူးမိခဲ့၏။
ထိုအရာသည်
ရှေးခေတ်က ရှေးဟောင်း အင်ပါယာနန်းတော်ကို တူးဖော်မိခြင်းကဲ့သို့ပင်။ ထိုသတင်းကို ရရချင်း
ကမ္ဘာတစ်ဝှမ်းမှ ဘူမိဗေဒပညာရှင်များစွာသည် ထိုနေရာသို့ အပြေးအလွှား ရောက်ရှိလာကြ၏။
လူသားများ
နေထိုင်နိုင်သော ဤဂြိုဟ်ကို ရှာဖွေနိုင်ရန် လူများစွာ ကြိုးပမ်းအားထုတ်ခဲ့ရပြီး လူပေါင်းများစွာမှာ
သိချင်စိတ်ပြင်းပြခဲ့ကြသည်။ ဤကမ္ဘာမြေပေါ်တွင် ရှိနေသော အရင်းအမြစ်များမှာ များပြားလှသော်လည်း
လူသားတစ်ဦးတစ်ယောက်ကိုမျှ မမြင်ခဲ့ဖူးပေ။
ဤဂြိုဟ်သည်
ယခင်က လုံးဝမဖွံ့ဖြိုးသော ဂြိုဟ်တစ်လုံး ဖြစ်ခဲ့တာလား။ ဒါမှမဟုတ် ကမ္ဘာမြေလိုပဲ ပြောင်းလဲခြင်း
တစ်စုံတစ်ရာကို ကြုံတွေ့ခဲ့ရတာလား။
အဲဒီမတိုင်ခင်က
အစားအသောက်ကွင်းဆက်ရဲ့ ထိပ်ပိုင်းမှာ ဘာရှိလဲ။
ဇီဝဗေဒ
ပညာရှင် အများအပြားသည် ယင်းတို့ကို လေ့လာခြင်းဖြင့် လူသားတို့၏ အနာဂတ် လမ်းကြောင်းအား
ပိုမိုကောင်းမွန်စွာ ဆုံးဖြတ်နိုင်မည်ဟု ယုံကြည်သောကြောင့် ထိုအရာများအား လေ့လာခြင်းဖြင့်
ဤဂြိုလ်သည် ရှေးခေတ် ကမ္ဘာဂြိုဟ်နှင့် တူညီသော အဆုံးသတ်ကို မကြုံတွေ့ရတော့ဘူးဟု ယုံကြည်ကြ၏။
ထို့ကြောင့်
ဤကိစ္စကို ပြန့်သွားသည်နှင့် ချက်ချင်းပင် များစွာသော အာရုံစိုက်မှုများကို ရရှိခဲ့၏။
ဆောက်လုပ်ရေးအဖွဲ့မှာ အလုပ်ကို ခေတ္တရပ်နားထားရန်မှတပါး ရွေးချယ်စရာ မရှိတော့ဘဲ စုံစမ်းစစ်ဆေးမှုနှင့်
အတည်ပြုချက်များကိုသာ စောင့်ဆိုင်းနေရတော့သည်။
ဟောက်ချီဟန်သည်
ထိုအကြောင်းကို ကြားလိုက်သောအခါ သူ့မျက်နှာမှာ ဒယ်အိုးဖင်လို မည်းတူးသွားသည်။ ဟောက်ချီဟန်သည်
သူ့စားပွဲပေါ်ရှိ စာရွက်စာတမ်းများကို ချက်ချင်း လှန်ကြည့်လိုက်၏။
“ဒီမြေကွက်ကို ဘယ်သူ တာဝန်ယူတာလဲ။ စီမံကိန်းမဆွဲခင်
မြေကွက်ကို စစ်ဆေးဖို့ ဘယ်သူ့ကိုမှ မပြောခဲ့ကြဘူးလား။ ဒါတွေကို ဘာဖြစ်လို့ တူးဖော်မိကြတာလဲ။”
သူဌေး၏ဒေါသကို
သည်းခံနေရသော အတွင်းရေးမှူးမှာ မျက်နှာဖြူဖျော့ဖျော့နှင့် ဘေးနားတွင် ရပ်နေ၏။ ခဏအကြာတွင်
သူမသည် တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။ “ဒီမြေကွက်ကို တာဝန်ယူတာက ... အဖွဲ့ခေါင်းဆောင်ဟောက်
ဖြစ်ပုံရတယ်။”
ဟောက်ချီဟန်သည်
သူ၏မျက်လုံးတွေကို ကျဉ်းမြောင်းလိုက်သည်။ ဟောက်ရှောက်ဖုန်းတစ်ယောက် ကုမ္ပဏီသို့ ဝင်လာသောအခါ
ကုမ္ပဏီ၏ အထက်လူကြီးများသည် သူ့ရဲ့ လုပ်နိုင်စွမ်းကို သံသယဝင်ခဲ့ကြသည်ကို သတိရမိပါသည်။
ဟောက်ချီဟန်တွင်
သားတစ်ယောက်သာရှိသည်။ သူများတွေ သူ့သားကို အတင်းပြောနေတာကို မခံနိုင်တဲ့အတွက်ကြောင့်
ဟောက်ရှောက်ဖုန်းအား ကုမ္ပဏီ၏ အရေးကြီးသော ပရောဂျက်တစ်ခုကို ပေးခဲ့သည်။
မြေကွက်အချို့ကို
စစ်ဆေးပြီးလျှင် ရလဒ်များပေါ်အခြေခံ၍ အကဲဖြတ်အစီရင်ခံစာတစ်ခုထုတ်ရန် သူ့အား ပြောခဲ့သည်။
ထို့နောက် သူသည် ပရောဂျက်၏ အစပျိုးမြေအဖြစ် မြေကွက်တစ်ကွက်ကို ဆုံးဖြတ်ခဲ့၏။
ဒါတွေအားလုံးက
သူ့သားရဲ့ ကုမ္ပဏီထဲဝင်ပြီးနောက် ပထမဆုံးအလုပ် ဖြစ်သည်။ ဟောက်ချီဟန်သည် သူ့အား လမ်းပြကူညီပေးခဲ့ပေမယ့်
အပေါ်ယံတွင်တော့ အပေါ်ခံ၍မရပေ။
ဒီလိုသာမဟုတ်ဘဲ
သူ တကယ်ပဲ ဒီလိုလုပ်ခဲ့တာ ပေါ်သွားမယ်ဆိုရင် တခြားသူတွေရဲ့ အမြင်တွင် သူသည် သူ့သားအတွက်
လမ်းခင်းပေးနေသူဖြစ်ပြီး ဟောက်ရှောက်ဖုန်း၏ ကိုယ်ပိုင်အစွမ်းအစနှင့် လုပ်ခဲ့တာဟု မြင်ကြမှာ
မဟုတ်ပေ။