အပိုင်း ၃၂၉
Viewers 1k

 

 

 

အခန်း (၃၂၉)

 

- ဆေးရုံတက်ရခြင်း

 

ထို့ကြောင့် နောက်ကွယ်ကနေ လမ်းညွှန်မှုအချို့မှလွဲ၍ ဟောက်ချီဟန်သည် ဟောက်ရှောက်ဖုန်းနှင့် ပတ်သက်သည့် စီးပွားရေးကိစ္စရပ်တိုင်းတွင် ဘယ်သောအခါမှ မျက်နှာမပြခဲ့ပေ။

 

ယခုကိစ္စတွင် ဟောက်ရှောက်ဖုန်းသည် ကွင်းဆင်းစစ်ဆေးရေးတာဝန်ခံဖြစ်သည်။

 

ဟောက်ချီဟန်မှာ သူ့သားလွှဲပေးခဲ့သော အကဲဖြတ်အစီရင်ခံစာကို ကြည့်ပြီးနောက်၊ ထိုလေလံတွင် ပါဝင်သည့် ပြိုင်ဘက်များကို လျှို့ဝှက်စုံစမ်းစစ်ဆေးရန် တစ်စုံတစ်ဦးကိုလည်း ခိုင်းစေခဲ့၏။

 

ကုမ္ပဏီကြီးများစွာသည် ဒီမြေကွက်အတွက် မျှော်လင့်ချက် ကြီးကြီးမားမား ရှိကြသည်ကို သူသိပြီးနောက် မြေကွက်ကိုရရှိရန် သူ အစွမ်းကုန် ကြိုးစားခဲ့သည်။ ထုံးစံအတိုင်းပင် ဤမြေကွက်သည် အလားအလာကောင်းသည်ဟု သူတို့ထင်ခဲ့ကြသည်။

 

ဟောက်ရှောက်ဖုန်းတစ်ယောက် ဤမြေကွက်အတွက် လေလံနိုင်သွားသည်ကို သူသိရသောအခါ အလွန်အမင်း ဝမ်းသာခဲ့သည်။ ထိုမြေခွေးအိုကြီးများအလယ်တွင် သူ့သား၏အောင်ပွဲက သူ့အား ဂုဏ်တက်စေသည်ဟု သူခံစားရသည်။

 

သို့သော် ယခုအချိန်တွင်တော့ ဟောက်ချီဟန်သည် အဲ့ဒီအချိန်ကို ပြန်သွားပြီး ဒီပြဿနာရှာတဲ့သားကို ဓားနဲ့ထိုးသတ်ပြီး သူ့ကိုယ်သူလည်း ဓားနဲ့ထိုးပြီးသာ သေလိုက်ချင်တော့သည်။

 

“ဟောက်ရှောက်ဖုန်း ဘယ်မှာလဲ။ သူ အခုဘယ်မှာလဲ။” ဟောက်ချီဟန်သည် စားပွဲကို ကျယ်လောင်စွာ ရိုက်လိုက်သည်။

 

 ‘သူ‌ဌေးတောင် သူ ဘယ်မှာရှိမှန်းမသိရင် ကျွန်မက ဘယ်လိုလုပ်ပြီး သိမှာလဲ။’

 

အတွင်းရေးမှုးသည် သူမစိတ်ထဲတွင် တိတ်တဆိတ် ညည်းညူနေသော်လည်း သူမ ပြောလိုက်သည်။ “အဖွဲ့ခေါင်းဆောင်ဟောက် လွန်ခဲ့တဲ့ နှစ်ရက်က နေမကောင်းဖြစ်တယ်ဆိုပြီး ခွင့်ယူသွားခဲ့တယ်။ သူ့ရဲ့ ခွင့်ရက်ကို ပယ်ဖျက်ဖို့ အခုထိ ပြန်မလာသေးပါဘူး။ သူ လောလောဆယ် ရုံးမှာ မရှိပါဘူး။”

 

ဟောက်ချီဟန်သည် ‘နာမကျန်းခွင့်’ ဟူသော စကားကိုကြားသည်နှင့် လွန်ခဲ့သော နှစ်ရက်က ဟောက်ရှောက်ဖုန်း လုပ်ခဲ့သည့် ကြောက်စရာကောင်းလှသော အရာများအား ချက်ခြင်း ပြန်သတိသွားရပြီး ဒေါသများ ပိုတိုးလာခဲ့သည်။

 

“သူ့ကို အခုချက်ချင်း ဆက်သွယ်ပြီး ရုံးကိုလာခိုင်းလိုက်။ သူ အခုချက်ချင်း မလာဘူးဆိုရင် တစ်သက်လုံး လာစရာ မလိုတော့ဘူး။”

 

“ဟုတ်ကဲ့၊ ကျွန်မ အခုချက်ချင်း ဆက်သွယ်လိုက်ပါ့မယ်။”

 

ထိုစကားကိုကြားပြီးနောက် အတွင်းရေးမှူးမှာ သူမ၏ လွတ်ငြိမ်းချမ်းသာခွင့်လေး ရရှိလိုက်သလို ခံစားလိုက်ရ၏။ သူမ လှည့်ထွက်သွားတော့မည့်အချိန်တွင် ဟောက်ချီဟန်၏ဖုန်းမြည်လာခဲ့သည်။

 

ဟောက်ချီဟန်သည် စခရင်ပေါ်ရှိ ဖုန်းခေါ်ဆိုသူအိုင်ဒီကို မြင်သောအခါ “ခဏလေး၊ မင်း သွားစရာ မလိုတော့ဘူး။” ဟု ပြောပြီး အနည်းငယ် မျက်မှောင်ကြုံ့ကာ ဆက်ပြောလိုက်သည်။ “သူ ငါ့ကို ဖုန်းခေါ်လာပြီ။”

 

ဟောက်ချီဟန်မှာ ဟောက်ရှောက်ဖုန်းသည် သတင်းကြားပြီး ကုမ္ပဏီတွင် ကြီးကြီးမားမား တစ်ခုခု ဖြစ်သွားပြီဆိုတာ သိတာကြောင့် သူ့ကို ဖုန်းခေါ်တာလို့ ထင်ခဲ့သည်။

 

မမျှော်လင့်ဘဲ ဖုန်းကိုင်လိုက်သည်နှင့် ဟောက်ရှောက်ဖုန်းမှ ဇာတ်လမ်းတစ်ခုလုံးကို အပြေးအလွှား ရှင်းပြကာ သူ့အရှုပ်အထွေးများကို ရှင်းပေးရန် သူ့အား တောင်းဆိုလာခဲ့သည်။

 

အကယ်၍ ဒီအချိန်သည် အခြားအချိန်ဆိုပါက ဟောက်ချီဟန်မှာ သူ့အရှုပ်ထုတ်တွေကို အမှန်တကယ် ဖြေရှင်းပေးလိမ့်မည်ဖြစ်သည်။

 

သို့သော် ယခုမူ အရာအားလုံးက မတူညီတော့ပေ။ သားဖြစ်သူ၏စကားကို ကြားပြီးနောက် ဟောက်ချီဟန်၏စိတ်မှာ ဗလာဖြစ်သွားရသည်။

 

“မင်း ဘာပြောလိုက်တယ်။ မင်းက အဲ့ဒီကောင်မလေးကို စုယန်ယန်ကို ရှာဖို့ ခေါ်သွားပြီးတော့ အဲ့ကောင်မလေးကြောင့် မင်းနဲ့ စုယန်ယန်တို့ စေ့စပ်ကြောင်းလမ်းတာ ပျက်သွားတဲ့အကြောင်းကိုတောင် လူတိုင်း သိသွားကြတယ် ဟုတ်လား။ အခု မင်းနဲ့ အဲ့ကလေးမကို လူတိုင်းက ဆဲဆိုနေတယ် ဟုတ်လား။”

 

ဟောက်ရှောက်ဖုန်းမှာ တစ်ခုခုမှားနေပြီဆိုတာ သဘောမပေါက်ချေ။ ဟောက်ချီဟန်သည် သူ့အတွက် ဒေါသဖြစ်နေသည်ဟု ထင်ကာ မီးထဲသို့ အမြန်လောင်စာထည့်လိုက်သည်။ “ဟုတ်တယ်၊ အဲ့ဒီခွေးမ စုယန်ယန် ဘယ်လောက် ရက်စက်လဲ အဖေမသိလို့။ သူမက လူတိုင်းရှေ့မှာ ဖျင်လေးကို စော်ကားပြောဆိုပြီး အဲ့ဒါတွေကို ရိုက်ယူထားပြီးတော့ အွန်လိုင်းပေါ်တင်ဖို့တောင် တစ်ယောက်ယောက်ကို ခိုင်းခဲ့တယ်။ သူက တစ်ခြားလူတွေကို ကျွန်တော်တို့အကြောင်း ဖော်ထုတ်ခိုင်းခဲ့တယ်။ လူတွေက ဖျင်လေး နဲ့ ကျွန်တော့်ကို ဆဲဆိုနေကြပြီး အခုဆို အဖေနဲ့အမေတို့ကိုပါ ကြိမ်းမောင်းနေကြပြီ။”

 

ဟောက်ချီဟန်သည် သူ့စကားကြောင့် ဒေါသကြီးကာ လဲကျလုနီးပါး ဖြစ်သွားသည်။ “မင်း ဦးနှောက်ပျက်သွားပြီလား။ စုမိသားစုက မင်းကို ဘယ်လောက်တောင် မုန်းတီးနေလို့ စေ့စပ်တာကို ဖျက်သိမ်းသွားဝာာလဲဆိုတာ မင်းမသိဘူးလား။ ဒါတောင်မှ မင်းက စုမိသားစုဆီ လူတွေ ခေါ်သွားသေးတယ်ပေါ့။ သူတို့က မင်းကို ရိုက်မထုတ်ဘဲ သူတို့က မင်းကို ကောင်းကောင်းဆက်ဆံဦးမယ် ထင်နေတာလား။”

 

ဟောက်ရှောက်ဖုန်းသည် ဟောက်ချီဟန်ထံမှ ထိုသို့သော တုံ့ပြန်မှုမျိုးကို မမျှော်လင့်ထားပေ။ သူသည် စက္ကန့်အနည်းငယ်လောက် ထိတ်လန့်သွားပြီးနောက် မပျော်မရွှင်ဘဲ ပြောလိုက်သည်။ “အဖေ ဘာဖြစ်လို့ အဲ့ကောင်မဘက်က ပြောပေးနေရတာလဲ။ အဲ့ခွေးမကသာ ကျွန်တော်တို့ကို အနိုင်ကျင့်တဲ့သူပဲ…”

 

ဟောက်ရှောက်ဖုန်းသည် ဆက်လက်ပြီး ဆဲဆိုကျိန်ဆဲနေစဉ်တွင် ဟောက်ချီဟန်သည် ဒေါသအထွက်လွန်ပြီး သူ့ရဲ့ခန္ဓာကိုယ်ဟာ တုန်ခါလာကာ နောက်ဆုံးတွင် လဲကျသွားတော့သည်။

 

 “စီအီးအို။ စီအီးအို။ ကူညီကြပါဦး၊ စီအီးအို မူးလဲသွားလို့။ လူနာတင်ကား မြန်မြန်ခေါ်ကြပါ။”