Chapter 261
သူ့လေသံက တိုးညှင်းလှပြီး နူးညံ့နေသဖြင့် ချန်းဟွမ်လည်း စိတ်လှုပ်ရှားသွားရသည်။သူက သူတို့အိမ်မှာမွေးမည့် အိမ်မွေးတိရစ္ဆာန်အရေအတွက်ကို ပါ ပြောပြနေလေ၏။ ချန်းဟွမ် သူ့ရင်ဘတ်ကို မှီထားကာ သူ့စကားကို နားထောင်ရင်း အိပ်ချင်လာရသည်။ သူမက ဝါးကနဲ တစ်ချက်သမ်းလိုက်ကာ ပြန်အိပ်တော့မည်ပြုစဉ် မနေ့က ကျန်းမင်ယွမ် မေးခဲ့သည့် စိတ်အနှောင့်အယှက် ဖြစ်စေသော မေးခွန်းကို ရုတ်တရက် သတိရလိုက်သောအခါ သူမ လန့်သွားရသည်။
သူမက ကျန်းမင်ယွမ် ဘက်လှည့်လိုက်ပြီး လေးနက်စွာ ကြည့်လိုက်သည်။ ကျန်းမင်ယွမ်မှာ သူမ မျက်နှာအမူအရာကိုမြင်ပြီးနောက် သူလည်း ရုပ်တည်သွားရသည်။
"ဘာဖြစ်တာလဲ…"
"ရှင်…ဟင်းချက်နည်းကို ကျွန်မ ဘယ်သူ့ဆီက သင်ခဲ့တာလဲ လို့ မေးခဲ့တယ်မဟုတ်လား…"
"ဟုတ်တယ်လေ… မင်းအဘိုးက မင်းကို သင်ပေးခဲ့တာလို့ ပြောတယ်လေ…"
ကျန်းမင်ယွမ် စိတ်ထဲ ထိုကိစ္စကို စွဲနေသည်မှာ သေချာသည်။
"မင်းအဘိုးက ဒီမှာရှိလား…"
ချန်းဟွမ်က ခေါင်းခါသည်။
"ဒါဆိုလည်း ခဏလောက် သူ့ဆီ သွားကြရအောင်လေ..."
ချန်းဟွမ်သည် နှစ်သစ်ကူးကာလတွင် သူမ၏ မွေးရပ်မြေသို့ အလည်မသွားရကြောင်း သူ သတိရမိလိုက်သည်။
"မင်းရဲ့ မွေးရပ်မြေမှာလေ လိုက်နာရမယ့် ဓလေ့တွေ ထုံးစံတွေ ရှိလား…"
" ထွေထွေထူးထူးတော့ မရှိပါဘူး…"
"အင်း ပြီးရောလေ…ဒါဆို အလုပ်လေးတွေ လက်စသတ်ပြီးရင် သွားကြတာပေါ့…"
ချန်းဟွမ်က သူမပြောချင်သည့် အဓိပ္ပါယ်ကို ချော်ထွက်သွားရသည်ဟု ထင်မြင်မိသည်။
"ဒါပေမယ့်…"
"ဒါပေမယ့် တွေ ဘာတွေ လုပ်မနေနဲ့တော့…အိပ်ရအောင်…"
သူက သူမကို ထွေးဖက်ထားလိုက်ကာ စောင်ခြုံပေးလိုက်ပြီး သူမကို ကလေးလေးတစ်ယောက် ကျော ပုတ်၍ သိပ်လိုက်သည်။သူမကို ဖက်ထားသည်မှာ မတင်းလွန်းမလျော့လွန်း အနေတော်ဖြစ်၍ အိပ်ငိုက်နေပြီဖြစ်သော ချန်းဟွမ် သည် ခဏအကြာတွင် အိပ်ပျော်သွားခဲ့လေသည်။
ချန်းဟွမ် နိုးလာသောအခါတွင် နေရောင်က လှပပြီး တောက်ပနေကာ အိပ်ရာ ပေါ်တွင် သူမတစ်ယောက်တည်းသာ ရှိတော့သည်။
သူမက ခဏလောက် မှိန်းနေပြီးမှ အဝတ်အစားလဲလိုက်သည်။တစ်ညတာ ကုန်လွန်သွားပြီးနောက် သူမ ခန္ဓာကိုယ်ပေါ်ရှိ အမှတ်အသားများသည် ပို၍ ထင်ရှားလာရသည်။ သူမက အမှတ်များကို ကြည့်လိုက်သည်နှင့် မနေ့ညက အကြောင်း ပြန်သတိရသွားမိသည်။
ချန်းဟွမ်က ကိုယ့်ကိုယ်ကို ထိန်းထားလိုက်ပြီး ပြန်မတွေးမိစေရန် သတိထားလိုက်သည်။ထို့နောက် ရေချိုးလိုက်ကာ အခန်းထဲမှ ထွက်လာခဲ့လေသည်။
ချန်းဟွမ် ထွက်လာသည်နှင့် တစ်အိမ်လုံး ဟင်းနံ့များ မွှေးကြိုင်နေသည်ကို သတိထားလိုက်မိသည်။ ကျန်းမင်ယွမ် နှင့် စကားပြောနေသည့် ရှင်းရှင်း အသံသည် သူမနှင့် မဝေးလှသောနေရာမှ ထွက်ပေါ်လာသည်။ကလေးလေးက မနက်စာ ဘယ်အချိန်စားရမလဲဟု မေးနေခြင်းဖြစ်သည်။
"မေမေ နိုးလာရင် စားရမှာပေါ့…သားရဲ့…"
"ဒါဆို သား မေမေ့ကို နှိုးလိုက်မယ်…"
ချန်းဟွမ် အံ့သြသွားရကာ ဧည့်ခန်းဆီသို့ အမြန်လျှောက်လာလိုက်သည်။
"ရပြီ မေမေနိုးပြီ…"
ကျန်းမင်ယွမ် နှင့် ရှင်းရှင်း နှစ်ယောက်စလုံးက သူမကို ကြည့်နေကြသည်။ချန်းဟွမ်က ကျန်းမင်ယွမ်ကို တစ်ချက်ကြည့်လိုက်ပြီး အကြည့်လွှဲလိုက်ကာ ထမင်းစား စားပွဲဆီသို့ လျှောက်သွားပြီး ရှင်းရှင်း ခေါင်းကို ပွတ်သပ်လိုက်သည်။
" မေမေ့ကို မျှော်တာလား…မနက်စာကို မျှော်တာလား…"
ကလေးလေးက တခစ်ခစ်ရယ်လိုက်သည်။
"မေမေကလည်း ဟင်းချက်ပြီးရင် ပြန်အိပ်လို့ရသားပဲ…ဟင်းဆိုတာ အေးရင်စားလို့မကောင်းတော့ဘူးလေ…မြန်မြန်စားမှ ကောင်းတာ…"
"အမလေး တတ်နေလိုက်တာ…"
"သားပြောတာ အမှန်တွေပဲနော်…"
ကလေးလေးက သူ့ကိုယ်သူ ဂုဏ်ယူစွာ ပြောလိုက်ပြီး ရင်ကော့ထားကာ အမေဖြစ်သူ၏ လက်ကို ဆွဲ၍လိုက်သည်။
"မြန်မြန်လုပ်ပါ မေမေရဲ့…"
ချန်းဟွမ်က ရှင်းရှင်းကို ထမင်းစားစားပွဲဆီ ခေါ်သွားလိုက်ကာ ကျန်းမင်ယွမ် ညာဘက်တွင် သူမလည်းဝင်ထိုင်လိုက်သည်။ သူမထိုင်ပြီးသည်နှင့် သူက သူမလက်ကို ကိုင်ထားပြီး ပြောလေသည်။
"စားရအောင်လေ…"
ချန်းဟွမ်က လက်ကို ရုန်းကြည့်သော်လည်း မအောင်မြင်ခဲ့ပေ။ သူမ သူ့ကို စိုက်ကြည့်သော်လည်း သူက မသိချင်ယောင် ဆောင်နေသည်။ သူက ဖက်ထုပ်ကို သူမ ထမင်းပန်းကန်ထဲ ထည့်ပေးလိုက်သည်။
“အင့်…စားလေ…"
သူမ အနည်းငယ် ရှက်သွားသလို ခံစားလိုက်ရသည်။
ထို့နောက် ချန်းဟွမ်က သူ့ကို ဂရုစိုက်မနေတော့ဘဲ အစားကိုသာ အာရုံစိုက်၍ စားနေလိုက်သည်။စားပွဲပေါ်တွင် ဟင်းအမယ်များစွာ ရှိနေပြီး အနံ့များကလည်း မွှေးကြိုင်နေကာ အရသာကလည်း ကောင်းမွန်ကြလေ၏။ဟင်းငွေ့များကလည်း တထောင်းထောင်းထနေသဖြင့် ယခုမှ ချက်ထားသလိုပင်။
"ဒါတွေ အကုန်ဝယ်ထားတာလား…"
ချန်းဟွမ်က ကျန်းမင်ယွမ်ကို မေးလိုက်သည်။
"တစ်ယောက်ယောက် ချက်ထားတာလေ…"
Xxxxxxx
Chapter 262
ကုမင်လီ ပြောင်းသွားကတည်းက ဆင်ခြေဖုံးရပ်ကွက်ရှိ သူတို့အိမ်သည် နေသူမရှိ ဖြစ်နေခဲ့သည်။ ကျန်းမင်ယွမ် ကလည်း ထိုနေရာသို့ ပြောင်းရွှေ့လာရန် ရည်ရွယ်ချက်မရှိသဖြင့် အလုပ်ပြုတ်မည်ကို စိုးရိမ်ကြသည့် အိမ်အကူများသည် ကျန်းမင်ယွမ် ထံ ဆက်သွယ်လာခဲ့သည်။ သူက အိမ်မှာ တွေ့ကရာလူများကို မထားချင်သည့်အတွက် အားလုံး အလုပ်ထုတ်ပစ်လိုက်သည်။သို့သော် လက်ရာကောင်းသော စားဖိုမှူးတစ်ဦးကို အလုပ်မဖြုတ်ဘဲ သူ့ကို ဤဟင်းများချက်ခိုင်းခဲ့ခြင်း ဖြစ်လေသည်။
သူက ချန်းဟွမ် အား အတိုချုန်း ရှင်းပြလိုက်သည်။
"သူက အစားအသောက်တွေကို ကောင်းကောင်းချက်နိုင်တယ်လေ…နောက်ဆို မင်းသူ့ကို ချက်ခိုင်းလို့ရတယ်…"
"ကျွန်မက ဒီလောက်လည်း အလုပ်မရှုပ်ပါဘူး…နောက်ပြီး ဟင်းချက်ရတာလည်း စာလေ့လာသလိုပါပဲ…အကြံတွေ ထုတ်မသုံးရင် တုံးသွားလိမ့်မယ်…"
ကျန်းမင်ယွမ်က သူစကားကို ငြင်းဆန်ခြင်း မရှိပေ။
"ဒါဆို မင်း ချက်ချင်ရင် ချက်…မချက်ချင်တဲ့အခါကျရင် အဲ့ဒီစားဖိုမှူးကို ခေါ်လိုက်…"
သူက ချန်းဟွမ် ပန်းကန်ထဲကို ဖက်ထုပ် ထပ်ထည့်ပေးလိုက်ပြီး အမှုမဲ့အမှတ်မဲ့ဟန်ဖြင့် ပြောလိုက်သည်။
"ကိုယ်က မင်း ဟင်းချက်တာကို ပိုကြိုက်ပါတယ်…"
ချန်းဟွမ် လည်း ဘာပြောရမှန်းမသိသဖြင့် လစ်လျူရှုပစ်လ်ိုက်သည်။ထို့နောက် သူမက မီးဖိုခန်းကို လှည့်ကြည့်လိုက်ရာ အထဲမှာ ဘယ်သူမှ မတွေ့ရသဖြင့် မေးလိုက်သည်။
"ရှင်ပြောတဲ့ စားဖိုမှူးက ဘယ်မှာလဲ…"
"သူက အောက်ထပ်မှာ…"
ချန်းဟွမ် "……"
သူ့အတွက် လူတစ်ယောက်၏ စရိတ်စကမှာ ဘာမှ မဟုတ်ပေ။
***
မနက်စာစားပြီးနောက် ကျန်းမင်ယွမ်မှ အလုပ်သွားလိုက်ပြီး ချန်းဟွမ် ကမူ ရှင်းရှင်း ကိုဆရာမ အသစ်ဆီ ခေါ်သွားခဲ့သည်။ ဆရာမအသစ်သည်လည်း ချန်းဟွမ် ယခင်က နေထိုင်ခဲ့သည့်နေရာနှင့် အလွန်နီးကာ ရှင်းစစ် လမ်းတွင် နေထိုင်လေသည်။ သူမတို့ချိန်းထားသည်မှာ မနက် 10 နာရီဖြစ်ပြီး ဆရာမအသစ်ကလညး သူမတို့ကို စောင့်နေပြီ ဖြစ်သည်။ ဆရာမသည် ကလေးဆန်ပြီး ချစ်စရာကောင်းသော မျက်နှာရှိကာ အသက် 20 အရွယ် မိန်းကလေးတစ်ဦးဖြစ်သည်။ သူမ 1.6 မီတာထက် အရပ်ပုပုံရပြီး သူမ ပြုံးလိုက်သောအခါ ပါးချိုင့်များ ပေါ်လာရသည်။ ထို့ပြင် သူမသည် အလွန်ပင် ဖော်ရွေသူ ဖြစ်သည်။
ချန်းဟွမ် သည် သူမနှင့် ၂ နာရီကြာ စကားပြောပြီးနောက် အားလုံး အဆင်ပြေသွားရသည်။ ရှင်းရှင်း မှာမူ အနည်းငယ် စိုးရိမ်နေပုံ ရလေသည်။
သူမတို့ သားအမိ ထွက်လာပြီးနောက် ချန်းဟွမ် ပေါင်ကို ရှင်းရှင်းက သိုင်းဖက်ကာ ပြောလိုက်သည်။
"မေမေ…သား ကျောင်းပြန်တက်ရမှာလား…"
"ဟုတ်တယ်လေ…မေမေတို့ သားကို ပြောပြထားတယ်မဟုတ်လား…"
"ဒါပေမယ့် သား ကျောင်းပြန် မတက်ချင်ဘူး…သား အိမ်မှာပဲနေပြီး ဂိမ်းဆော့ချင်တယ်…"
ချန်းဟွမ် "……"
သူမက သားဖြစ်သူ စိတ်ကူးယဉ်နေသည်ကို လစ်လျူရှုကာ အောက်ထပ်သို့ ဆင်းလာခဲ့သည်။ ကားမောင်းသမားမှာ အပြင်တွင် စောင့်နေပြီး သူမတို့ သားအမိ ကားထဲကိုဝင်လာပြီးနောက် အိမ်ပြန်ပို့ပေးလေသည်။သူမတို့ကားကလေးသည် ရှင်းစစ်လမ်းပေါ်ရှိ လမ်းပြုပြင်ရေး ပရောဂျက်ကို ဖြတ်ကျော်သွားခဲ့ကြသည်။ လအနည်းငယ်သာရှိသေးသော်လည်း လမ်းတစ်ဝက်နီးပါးမှာ ဖြိုချပြီးဖြစ်သည်။ အပျက်အစီးအပုံကြီးကို ကြည့်ကာ ကားမောင်းသမားကို ချန်းဟွမ်က ကားရပ်ခိုင်းလိုက်သည်။ထို့နောက် သူမက ရှင်းရှင်းကို ပုတ်လိုက်ပြီး ပြတင်းပေါက်အပြင်ဘက်ကို လက်ညှိုးထိုးပြလိုက်သည်။
"ဟိုးက အဒေါ်တွေနဲ့ ဦးလေးတွေကို တွေ့လား…"
ရှင်းရှင်း ကလည်း ကားမှန်မှတစ်ဆင့် အပြင်ကို လှမ်းကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။
"သား ကျောင်းမသွားရင် အဲဒီ အဒေါ်တွေနဲ့ ဦးလေးတွေလို ဆောက်လုပ်ရေး လုပ်ငန်းတွေ လုပ်ရလိမ့်မယ်…"
ကလေးလေးမှာ တစ်ချက်တွန့်သွားရသည်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိ စက်ယန္တရားများ၏ စက်မောင်းတံကြီးများသည် မရပ်မနား အလုပ်လုပ်နေကြသည်။ အိမ်တစ်အိမ်ကို တစ်ဝက်ခန့် ဖြိုပစ်လိုက်သည်မှာ ခဏလေးပင် ဖြစ်သည်။ ဆောက်လုပ်ရေး ပစ္စည်းကြီးများသည် မြေပြင်ပေါ်သို့ ပြုတ်ကျလာရသဖြင့် ပတ်ဝန်းကျင်တွင် ဖုန်မှုန့်များ လွင့်စင်သွားရလေသည်။ထို့နောက် မြေတူးစက်က ချက်ချင်းရောက်လာပြီး အပျက်အစီးများကို ဖယ်ရှားလိုက်လေသည်။
"ခဏလေး… သား ကျောင်းမတက်ဘူးဆိုရင်တောင် ဒီလိုလုပ်လို့ မရဘူး…"
ထို့နောက် သူမက ရှင်းရှင်း ကိုကြည့်ကာ ဝမ်းနည်းစွာပြောလိုက်သည်။
" ဘာလို့လဲ ဆိုတော့ သားက မြေကြီးကိုတောင် ဘယ်လိုတူးရမှန်း မသိဘူးလေ…"
ရှင်းရှင်း မှာ ငိုမဲ့မဲ့ဖြစ်လာရသည်။
အပြင်မှာ ဖုန်တွေကလည်း အလွန် ထူနေသဖြင့် သူက နှာခေါင်းကို လက်ဖြင့် အုပ်ထားလိုက်ပြီး ချန်းဟွမ် အင်္ကျီကို ဆွဲကိုင်လိုက်ပြီး ပြောလိုက်သည်။
"မေမေ…အိမ်ပြန်ကြရအောင်…"
ချန်းဟွမ် က သူ့ကို လန့်သွားအောင် ပြောလိုက်ခြင်းဖြစ်ပြီး သူ့ကြည့်ရသည်မှာလည်း လန့်သွားပုံပေါ်သဖြင့် သူမက ကားကို ဆက်မောင်းခိုင်းလိုက်သည်။
ရှင်းရှင်းက ထိုင်ခုံမှာ မတ်မတ်ထိုင်ပြီး စဉ်းစားနေလိုက်ပြီး ခဏအကြာတွင် သူက အမေဖြစ်သူကို ပြောလိုက်သည်။
"မေမေ...သားကို ကျောပိုးအိတ် ဝယ်ပေး..."
"ဝယ်ပေးမယ်..."
"လှလှလေးပဲ လိုချင်တယ်.…"
"ဟုတ်ပါပြီရှင်..."
" စူပါမန်းရုပ် ပါတာပဲ သား လိုချင်တယ်..."
ချန်းဟွမ်က ပြုံးပြီး ရှင်းရှင်း နှာခေါင်းကို အသာ ညှစ်လိုက်ပြီး ပြောလေသည်။
“ဟုတ်ပါပြီ...သားကို စူပါမန်း ပါတဲ့ ကျောပိုးအိတ်လှလှလေး ဝယ်ပေးမယ်နော်…"
ရှင်းရှင်းက "ယေး"ဟု အော်လိုက်ပြီး ထိုင်ခုံပေါ်တွင် အနည်းငယ် ခုန်ဆွခုန်ဆွ လုပ်လိုက်သေးသည်။
"မေမေ...သား ကျောင်းတက်ရတာ ကြိုက်သွားပြီ..."
Xxxxxx