အပိုင်း ၂၆၃-၂၆၄
Viewers 20k

Chapter 263


ချန်းဟွမ် သည် ကလေးကျောင်းတက်ရမည့်ကိစ္စအား အာရုံနေစဉ် ကျန်းမင်ယွမ် လည်း အခြားကိစ္စတစ်ခုကို အာရာံစိုက်နေရလေ၏။ သူခိုင်းထားသည့် သူ့လူများဆီက အကြောင်းပြန်မကြားရသေးသော်လည်း နိုင်ငံ M မှ တခြားထူးဆန်းသည့် ကိစ္စတစ်ခုကို သူသိလိုက်ရလေသည်။


"သူမက မကြာသေးခင်က မိန်းကလေးတစ်ယောက်နဲ့ ရင်းနှီးနေခဲ့တယ် …ဟုတ်လား…"


ကျန်းမင်ယွမ်က အံ့ဩတကြီး ပြောလိုက်သည်။


 "ဟုတ်ပါတယ်… အဲ့ဒီမိန်းကလေးကို စုံစမ်းကြည့်လိုက်တော့ သူမက မစ္စ ချန်းဟွမ် ရဲ့ အမေတူ အဖေကွဲ ညီမလေးမှန်း သိလိုက်ရပါတယ်…” 


ကျန်းမင်ယွမ် စိတ်ဝင်စားသွားရကာ  မတ်မတ်ထိုင်ပြီး ပြောလိုက်သည်။


 "ချန်းဟွမ် ရဲ့ညီမ ဟုတ်လား… အဲ့ဒါ သေချာလား…" 


"ဟုတ်ပါတယ်…"


 "နေဦး… မင်း မလှုပ်ရှားသေးနဲ့ဦး…သူမတို့ဘာတွေလုပ်မလဲ ဆိုတာ ကြည့်ရအောင်…"


ကျန်းမင်ယွမ်က မသိမသာ မျက်မှောင်ကြုတ်လိုက်ပြီး တစ်ဖက်လူကို တာဝန်ပေးလိုက်ပြန်သည်။ 


 "အဲဒီ့မိသားစုကို တစ်ချက် စုံစမ်းပေး…"


ဖုန်းပြောနေသူသည် ဖုန်းချပြီး မကြာမီပင် ကျန်းမင်ယွမ် ထံသို့ အချက်အလက်များ ပေးပို့ခဲ့လေသည်။ 


ထိုအချက်အလက်များအရ ချန်းဟွမ် ၏ မိခင်သည် ခင်ပွန်းသည် ဆုံးပါးသွားပြီးနောက် နောက်အိမ်ထောင်ထပ်ပြုခဲ့ပြီး သူမတို့လက်ထပ်ပြီးသည့်နှစ်တွင်ပင် ထိုယောက်ျားနှင့် နောက်ထပ်သမီးတစ်ဦးထွန်းကားခဲ့လေသည်။ ချန်းဟွမ်၏ ပထွေးဖြစ်သူသည် တောင်ပိုင်းသို့ ပြောင်းရွှေ့သွားကာ အတွင်းခံများ လက္ကားဖြန့်ချီသည့် လုပ်ငန်းကို လုပ်ကိုင်ခဲ့လေသည်။ယခုဆိုလျှင် သူ့မှာ ကိုယ်ပိုင် Brand ရှိနေပြီး အတော်လေး အောင်မြင်နေပြီ ဖြစ်သည်။


မကြာသေးမီက ကုမင်လီ နှင့် ရင်းနှီးကာ တွဲတွဲ ဖြစ်နေသော မိန်းကလေး၏ အမည်မှာ ရှန်းရှီ ဖြစ်သည်။ သူမအသက် 19 နှစ်ရှိပြီးကောလိပ်ကျောင်းသူ တစ်ယောက်ပင်။မိဘများကလည်း သူမကို ဖူးဖူးမှုတ် ချစ်ကြပြီး အလွန်တော်သည့် မိန်းကလေးလည်း ဖြစ်လေ၏။ သူမသည် အဆင့်ကောင်းကောင်းရထားပြီး ဖက်ရှင်ဒီဇိုင်းနယ်ပယ်တွင် ထူးချွန်သူလည်း ဖြစ်သည်။ ထို့အပြင် သူမသည် မိသားစု၏အလိုလိုက်ခံ မိန်းကလေးတစ်ဦးဖြစ်သည်။ 


သူမအကြောင်းကို ဖတ်နေရသည်မှာ အောင်မြင်သူတစ်ယောက်၏ အတ္ထုပ္ပတ္တိ ကဲ့သို့ပင်။ ကျန်းမင်ယွမ် သည် ဤစာတမ်းကို စတင်ဖတ်ကတည်းက မျက်မှောင်ကြုတ်နေခဲ့သည်။ သူမနှင့် ချန်းဟွမ်တို့သည် အမေတူအဖေကွဲညီအစ်မများဖြစ်ကြသော်လည်း သူမတို့ ဘဝသည် အလွန်ကွာခြားနေခြင်းကြောင့်ပင်။


ကျန်းမင်ယွမ်သည် ထိုကောင်မလေး ယခင်က ရရှိခဲ့သော ဆုများအားလုံးကို စိတ်မဝင်စားသဖြင့် သေချာမဖတ်လိုက်ပေ။ သူက စာရွက်စာတမ်း အဆုံးအထိ ဖတ်ကြည့်ပြီး စာတမ်းကို မပိတ်ခင် တစ်စုံတစ်ခုက ချက်ချင်းပင် သူ့အာရုံကို ဖမ်းစားသွားရသည်။


 နောက်ဆုံး သူက စောစောက လူကို ပြန်ခေါ်လိုက်သည်။တစ်ဖက်လူကလည်း သူ့ဖုန်းကို မျှော်နေပုံရသည်။


"ဖတ်ပြီးပြီလား သူဌေး…"


 "စာတမ်းမှာ ကိုယ်ရည်ကိုယ်သွေး လုံးဝ ပြောင်းလဲသွားတယ်လို့ ပြထားတယ်…အဲဒါ ဘာကိုဆိုလိုတာလဲ…"


"ဟုတ်ပါတယ်… ပြီးခဲ့တဲ့နှစ် သြဂုတ်လကတည်းက မစ္စ ရှန်းက လုံးဝ တခြား လူတစ်ယောက်လို ဖြစ်နေခဲ့ပါတယ်… သူမက အရင်လိုမဟုတ်‌တော့ဘဲ အရမ်းဒေါသထွက်လာတတ်ပြီး  ပေါက်ကွဲတတ်လာတယ်…သူမ အရင်ကလို ဒီဇိုင်းတွေ ဘာတွေတောင် မဆွဲတတ်တော့ပါဘူး… မစ္စ ချန်းရဲ့ မိဘတွေကလည်း သူမကို ဆေးစစ်ကြည့်ဖို့ဆိုပြီး  ဆေးရုံကို ခေါ်သွားခဲ့ပါသေးတယ်… သူမက က ဆေးစစ်ဖို့ ငြင်းခဲ့ပါတယ်…" 


"ပြီးတော့…"


 ထိုလူက အနည်းငယ် ခေတ္တရပ်ကာ လည်ချောင်းကို တစ်ချက်ရှင်းလိုက်ကာ ဆက်လက်၍ ပြောပြန်သည်။


 "မစ္စရှန်းက အရင်တုန်းက သိမ်မွေ့တဲ့  မိန်းကလေးပါ…သူမက အရမ်း ဆန့်ကျင်ဘက်လိင်နဲ့ စကားပြောတဲ့အခါ ရှက်တတ်တယ်…အခုဆို သူမ အရမ်းပွင့်လင်းနေပြီ… ကောလဟာလတွေအရ သူမရဲ့ သူငယ်ချင်းရဲ့ ချစ်သူနဲ့တောင် ဖြစ်နေကြတယ်လို့ သိရပါတယ်…"


သူက တစ်ချက်ရယ်မောလိုက်သော်လည်း သူဌေးဖြစ်ပြီး လုပ်ဖော်ကိုင်ဖက် မဟုတ်သည့်အတွက် သူက ပြန်တည်ငြိမ်သွားရသည်။


 "အဲ့တော့ သူမရဲ့ ရုပ်ရည်ကလွဲလို့ သူမဟာ လုံးဝကို တခြားလူတစ်ယောက် ဖြစ်သွားတာပါ… သူမကြည့်ရတာ နည်းနည်းကြောင်နေတယ်လို့တောင် ကျွန်တော် ထင်မိပါတယ်.​... အဟမ်း သူဌေး ဒါပါပဲ ခင်ဗျာ…"


ကျန်းမင်ယွမ်က ဘာမှပြန်မပြောဘဲ ချန်းဟွမ် အကြောင်းကို ပြန်သတိရမိသည်။ယခင်က သူမတွင် တည်ငြိမ်သည့် အလုပ်မရှိသဖြင့် သြဂုတ်လကတည်းက သူမနှင့် ရင်းနှီးသူတစ်ချို့ကို အဆက်အသွယ် ဖြတ်တောက်ခဲ့ပြီး တခြားနေရာပြောင်းသွားကာ သူမ၏ အသားကင်ဆိုင်ကို စတင်ဖွင့်ခဲ့သည်ဟု ဆိုထားလေသည်။


ပုံမှန်ဆိုလျှင် ကျန်းမင်ယွမ် ဤမျှအတွေးများနေမည်မဟုတ်ပေ။သို့သော် ထိုမိန်းကလေးမှာ ချန်းဟွမ်နှင့် ဆက်စပ်နေပြီး ယခုလည်း ပြောင်းလဲသွားရသည်ဆို၍ သူ အတွေးလွန်နေမိခြင်းပင်။


ကျန်းမင်ယွမ် မျက်လုံးမှိတ်ထားပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။


 ဒါတွေကို စဉ်းစားနေစရာ မလိုပါဘူးလေ… လျှောက်တွေးနေလို့လည်း သူ အလုပ် ကောင်းကောင်း လုပ်နိုင်မှာမဟုတ်… လူကိုယ်တိုင် သွားမေးတာပဲကောင်းတယ်…


ထို့နောက် ကျန်းမင်ယွမ်က စာရွက်စာတမ်းများကို ပိတ်ပစ်လိုက်ပြီး အလုပ် mailbox ကိုဖွင့်လိုက်၍ အလုပ်ကိုသာ အာရုံစိုက် လုပ်နေလိုက်သည်။


Xxxxxx


Chapter 264


ကျန်းမင်ယွမ် တစ်ယောက် အလုပ်များနေသဖြင့် သူ အိမ်ပြန်ရောက်သောအခါ ည ၁၀ နာရီကျော်နေပြီဖြစ်သည်။ ဧည့်ခန်းထဲတွင် မီး‌ဖွင့်ထားသဖြင့် သူပြန်လာလျှင် မြင်ရအောင်ဖြစ်နိုင်သည်။ဧည့်ခန်းရှိ ကော်ဖီစားပွဲပေါ်တွင် ရေနွေးတစ်ခွက်ရှိနေလေသည်။


သူက အောက်ထက်သို့ပြန်ဆင်းလာသောအခါ အဝတ်အစားအပို တစ်စုံ၊နှစ်စုံခန့် ယူလာခဲ့သည်။ သူက အဝတ်အစားများကို ပွေ့ထားလိုက်ရင်း ရှင်းရှင်း အခန်းကို အရင်ဆုံး သွားလိုက်တယ်။ ကလေးလေးသည် နှစ်ခြိုက်စွာ ‌အိပ်မောကျနေလေသည်။ 


ထို့နာက် ကျန်းမင်ယွမ်က ဘေးအခန်းကို တံခါးခေါက်လိုက်သည်။


ချန်းဟွမ်သည် ဤအချိန်ကြီး အခန်းတံခါးကို လာခေါက်သူ ဘယ်သူဘယ်ဝါမှန်း သိပြီးသားဖြစ်သည်။ သူမ ထထိုင်လိုက်ပြီး နှစ်စက္ကန့်လောက် တုံ့ဆိုင်းသွားသော်လည်း နောက်ဆုံးတွင် တံခါးကိုဖွင့်ပေးလိုက်သည်။ တံခါးဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ချန်းဟွမ်ကို လူတစ်ယောက်က ရင်ခွင်ထဲ ‌ဆွဲပွေ့လိုက်လေ၏။ ထိုလူက သူမ၏ မေးစေ့ကို လက်တစ်ဖက်ဖြင့် ဆွဲမော့လိုက်ကာ အကြာကြီး နမ်းလိုက်သည်။ နောက်ဆုံး သူမကို လွှတ်ပေးလိုက်ပြီး မေးလိုက်သည်။


"ကိုယ့်ကို စောင့်နေတာလား…"


"ရှင် မရှက်ဘူးလား…" 


ချန်းဟွမ် က ထိုသို့ပြောလိုက်ပြီး သူ့လက်ထဲမှ အဝတ်အစားများကို မြင်လိုက်ရသောအခါ သူမ မျက်မှောင်ကြုတ်လိုက်သည်။ နောက်ဆုံး သူမက ဗီရိုဆီ လျှောက်သွားကာ အကန့်ခွဲပေးလိုက်သည်။ 


" ဒီမှာထားလို့ရတယ်…"


ကျန်းမင်ယွမ်က ကျေနပ်သော အပြုံးဖြင့် လျှောက်လာကာ သူ့အဝတ်အစားများကို သပ်ရပ်စွာ ထည့်ထားလိုက်သည်။ သူက ဗီရိုထဲကို ကြည့်လိုက်ရာ နောက်ထပ်အကန့်များ ကျန်သေးသည်ကို မြင်လိုက်ရသဖြင့် ပြောလိုက်သည်။


"မနက်ဖြန်ကျရင် ကိုယ့်အဝတ်အစားတွေ ယူလာဦးမယ်…" 


ချန်းဟွမ်က သူ့ကို ဂရုမစိုက်ဘဲ မျက်နှာသုတ်ပုဝါတစ်ထည် ရှာပြီး သူ့ကို ပစ်ပေးလိုက်သည်။ 


"ရှင့်ဆံပင်တွေ စိုရွှဲနေတာပဲ…အရမ်းပေါ့ဆတယ်…"


ကျန်းမင်ယွမ်က သူမလက်ထဲမှ မျက်နှာသုတ်ပဝါကိုယူကာ သူ့ဆံပင်ကို ပြီးစလွယ် သုတ်လိုက်၍ သူမကို ဖက်ပြီး နမ်းလိုက်ပြန်သည်။


ရူးသွပ်စရာကောင်းသည့် ညတစ်ည ဖြစ်ခဲ့ရ၏………


သူမတို့နှစ်ယောက် အတူကုန်ဆုံးပြီးနောက် ကျန်းမင်ယွမ်သည် ကျန်းမင်ယွမ် ကို ရေချိုးရန် ပွေ့ခေါ်သွားကာ အိပ်ယာခင်းများကို သူကိူယ်တိုင် လဲလိုက်သည်။ ထို့နောက် နှစ်ယောက်သား အိပ်ယာပေါ်လှဲကာ စကားစမြည်ပြောကြလေသည်။ ချန်းဟွမ် သည် အနည်းငယ် ပင်ပန်းနေသဖြင့် သိပ်မလှုပ်ဘဲ ကျန်းမင်ယွမ် ကသာ သူမ၏ မိဘများအကြောင်း မေးနေလေသည်။


"ကျွန်မမိဘတွေ ဟုတ်လား…" 


သူ့ရင်ဘတ်ကို မှီကာ မျက်လုံးများကိုမှိတ်ထားရင်း သူမ၏ ရှုပ်ထွေးနေသော ဦးနှောက်ကို ပြန်အမှတ်ရရန် ကြိုးစားလိုက်သည်။


"သူတို့အကြောင်း ပြောစရာ သိပ်မရှိပါဘူး…" 


ကျန်းမင်ယွမ် က သူမဆံပင်ကို လက်ဖြင့် သပ်ပေးနေလေသည်။ မနေ့က ဆံပင်ကို ဒရိုင်ယာဖြင့် ကောင်လေးတစ်ယောက်မှ ပရိုဆန်ဆန် မှုတ်ပေးခဲ့သဖြင့် သူမဆံပင်များမှာ ယခင်ကထက်အရောင် မွဲခြောက်နေရသည်။


"မင်း သူတို့နဲ့ မရင်းနှီးဘူးလား…"


"ဟင့်အင်း…"


သူမသည် အိမ်မှာ လူပိုတစ်ယောက်ဖြစ်နေရလေသည်။မိဘများက သူမကို ဂရုမစိုက်ကြသည့်အတွက် သူမ လုံးဝအနှောင့်အယှက် မဖြစ်ဘူးဟု ပြောလျှင်လိမ်ပြောနေခြင်းပင်။


ညဥ့်နက်နေပြီ ဖြစ်ကာ စောစောကလည်း ပင်ပန်းထားရသဖြင့် ချန်းဟွမ်က သူမချစ်သူကို တိုင်ပြောနေတော့သည်။


"သူတို့က ယောက်ျားလေးလိုချင်တာလေ…ကျွန်မကိုမွေးလာတော့ အဘိုးဆီမှာပဲ ထားပစ်ခဲ့တာ…အဖေနဲ့အမေ့ကို တစ်နှစ်မှာ သုံးလေးခါပဲ တွေ့ရတယ်… သူတို့က ကျွန်မ ပညာသင်စရိတ်တောင် မပေးသလို အဘိုးဖျားနေတဲ့အချိန်ကျရင်လည်း သတင်းတောင် လာ‌မေးဖော်မရဘူး…"


ချန်းဟွမ်က သက်ပြင်းချလိုက်၍ ဆက်ပြောပြန်သည်။


"အဘိုးရဲ့ သားသမီးတွေ အကုန်လုံးကလည်းလေ အဘိုး အသက်ကြီးလာတော့ ပြုစုစောင့်ရှောက်ချင်ကြတာ မဟုတ်ဘူး…"


သူမ ဆံပင်ကို ပွတ်သပ်နေသည့် သူ့လက်မှာ ရပ်တန့်သွားရပြီး သူ က မေးလိုက်သည်။


"မင်းမိဘတွေရော အခု ရှိသေးလား…" 


"ဒါပေါ့…သူတို့လည်း ရုန်းကန်နေရတာပါပဲ…"


ချန်းဟွမ် ခန္ဓာကိုယ်မှာ ရုတ်တရက် တောင့်သွားရပြီး သူ့မျက်လုံးများကို မော့ကြည့်လိုက်မိသည်။


"ရှင်…"


"မကြောက်ပါနဲ့…" 


ကျန်းမင်ယွမ်က သူမ နဖူးကို ငုံ့နမ်းလိုက်သည်။


"ကိုယ်က သိပ်လည်း လောမနေပါဘူး…" 


ချန်းဟွမ် ထိတ်လန့်သွားရသည်။ 


"ရှင်ဘာကို ဒီလောက်တောင် သိချင်နေရတာလဲ…"


Xxxxxx