Chapter 265
"ကိုယ် ဒီရက်ပိုင်းအတွင်းလေ သိထားတာ တစ်ခုရှိတယ်…"
ကျန်းမင်ယွမ်က သူမကို သူသိထားသည့် ကိစ္စအကြောင်း ပြောပြလိုက်သည်။
"သူမက မင်းနဲ့ အရမ်းကွာခြားနေတယ်လို့ မထင်ဘူးလား…"
"ဟုတ်မယ် ထင်တယ်…"
"သူမကြည့်ရတာ ပလပ်စတစ်ဆာဂျရီ လုပ်ထားတာများလား…ဒါမှမဟုတ်…"
သူမ နှလုံးသားသည် ခုန်ပေါက်ပြီး ထွက်လာမတတ် ချန်းဟွမ် ခံစားလိုက်ရသည်။သူမကိုယ်ကလေးမှာ မသိမသာ တောင့်တင်းသွားရပြီး ကျန်းမင်ယွမ်၏ ပုခုံးကိုလည်း အမှတ်တမဲ့ လှမ်းကိုင်မိကာ သူ့ကြွက်သားများကို ဆုပ်ကိုင်မိသလို ဖြစ်သွားရချေ၏။
ကျန်းမင်ယွမ်က သူမလက်ကို လိုက်ကြည့်နေပြီး တားဆီးဟန်မပြုချေ။သူက သူမကို တိုးဖက်လိုက်ပြီး ပြောလေသည်။
"ဘာဖြစ်လို့လဲ…"
ချန်းဟွမ် ရှက်သွားရသည်။
"အမ်…. အဲ့ဒါကလေ….ကျွန်မသိတယ်…"
ကျန်းမင်ယွမ်က သူမနဖူးကို နူးညံ့စွာ နမ်းလိုက်သည်။
"ရပါတယ်…ကိုယ်က သိချင်ရုံပါပဲ… မင်းမပြောချင်ရင် မပြောနဲ့လေ…"
"ရပါတယ်…ရှင့်မှာ အကြံ ရှိနေပြီးသားလား…"
ချန်းဟွမ်က အောက်နှုတ်ခမ်းကို ကိုက်ထားလိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။
"သူမရဲ့ စိတ်နေစိတ်ထား ပြောင်းလဲသွားတာ ဘာလို့လဲဆိုတော့ သူမ ခန္ဓာကိုယ်ထဲက လူက အရင်ကနဲ့မတူတော့တာကြောင့်လေ…"
သူမကို ပွတ်သပ်နေသည့် သူ့လက်က ရပ်သွားရပြီး စက္ကန့်အနည်းငယ်ကြာသောအခါ သူက ဘာမှမဖြစ်သလို ဆက်ပြောလိုက်သည်။
"ပလပ်စတစ်ဆာဂျရီ မဟုတ်ဘူးလား…"
အခု တစ်ဝက်လောက်ကို သူ့အားပြောပြပြီး ဖြစ်၍ ကျန်တစ်ဝက်ကို မဖြစ်မနေပြောမှ ရတော့မည်။
"အင်း…တခြားလူတစ်ယောက်ဖြစ်လာရတာကလေ… ဘာကြောင့်လဲဆိုတာတော့ ကျွန်မလည်း မပြောတတ်ဘူး…အဲ့ဒီလို မဖြစ်ခင်က ဘာလက္ခဏာမှလည်း မတွေ့ခဲ့ရဘူး…"
ကျန်းမင်ယွမ် သည် လွန်ခဲ့သော အနှစ် ၃၀ လောက်ကတည်းက သူနားလည်ထားသည့် ကမ္ဘာကြီးမှာ ပျက်ဆီးသလို ဖြစ်သွားရသော်လည်း ချန်းဟွမ်ကို နှစ်သိမ့်လိုက်သည်။
"ရပါတယ်…အဲ့လောက်လည်း မထူးဆန်းပါဘူး…တကယ်ပြောတာပါ…"
သူ့အသံက စိတ်အေးလက်အေးဖြစ်နေသဖြင့် ခန္ဓာကိုယ်အတွင်းပိုင်းက စိတ်ဝိညာဉ် ပြောင်းသွားချင်းမှာ ကြီးကြီးမားမားကိစ္စမဟုတ်သလို ချန်းဟွမ်လည်း ခံစားလိုက်ရသည်။ ကျန်းမင်ယွမ်၏ နှစ်သိမ့်ပေးသော စကားများအောက်တွင် သူမလည်း စိတ်လျှော့လိုက်မိသည်။
"ကျွန်မလည်း ဒီလိုတွေ ဖြစ်လာပါစေတော့လို့ မတောင်းဆိုခဲ့ပါဘူး…"
တစ်ချိန်လုံး ဆုံးဖြတ်ချက် များစွာ ချခဲ့သူတစ်ယောက်အနေနှင့် ကျန်းမင်ယွမ် မှာ အယူအဆသစ်တစ်ခုကို လက်ခံဖို့ အချိန်မကြာလိုက်ပေ။ သူက ဇနီးဖြစ်သူသည် ခန္ဓာကိုယ် လဲထားကြောင်း ယုံကြည်လိုက်လေသည်။သူက သူမပြောလိုက်သော စကားကြောင့် မကျေမနပ်ဖြစ်ကာ ဒဏ်ခတ်သည့် အနေဖြင့် သူမ ခါးကို အနည်းငယ် ဖျစ်ညှစ်လိုက်သည်။
"မင်းက ဒီကို မလာချင်ဘူး ဟုတ်လား…ဒါဆို ကိုယ်တို့ ဘယ်လိုလုပ် ဆုံလို့ရမှာလဲ…"
ချန်းဟွမ် "……"
ကျန်းမင်ယွမ်က ထိုသို့ပြီးစလွယ် ပြောလိုက်ပြီးနောက် သူမခါးကို လွှတ်ပေးလိုက်ပြီး မေးလိုက်ပြန်သည်။
"မင်းရဲ့ နာမည်အရင်းကဘာလဲ…"
"ဒီနာမည်ပဲ…"
"တိုက်ဆိုင်လိုက်တာ…မင်းအိမ်က ဘယ်မှာလဲ…"
သူ့အသံထဲတွင် သူမ နားမလည်နိုင်သော ရွှင်လန်းမှုတစ်ခုရှိနေသည်။
ချန်းဟွမ်က သူ့ကို သူမ လိပ်စာအား ပြောပြလိုက်သည်။
ကျန်းမင်ယွမ် အနည်းငယ် စဉ်းစားကြ ည့်လိုက်သော်လည်း သူမ ပြောသည့် နေရာကို လုံးဝမသိပေ။
"ဒီနေရာက တစ်ကယ်ရှိလား…"
"ရှိတယ်… ဒါပေမယ့် ဒီစကြဝဠာထဲမှာတော့ မဟုတ်ဘူး…"
ချန်းဟွမ်က မဝံ့မရဲပြောလိုက်လေသည်။
"တခြားစကြာဝဠာတစ်ခု ဟုတ်လား…"
ကျန်းမင်ယွမ် အံ့သြသွားရသည်။
"အဲ့ဒါဘာလဲ…အပြိုင် စကြာဝဠာ...ဒါမှမဟုတ် ဂြိုလ်သားတွေ နေတာလား…"
ချန်းဟွမ် စိတ်ဆိုးသွားပြီး သူ့ကို ဆွဲလိမ်လိုက်သည်။
"အောင်မာ…ရှင်ကမှ ဂြိုလ်သားလေ…"
“ဟုတ်ပါပြီ…ဟုတ်ပါပြီ…မနောက်တော့ဘူးနော်…"
ကျန်းမင်ယွမ် က သူမကို နမ်းတစ်ချက် လိုက်သည်။
ချန်းဟွမ်သည် အနည်းငယ်စဉ်းစားလိုက်ပြီး နောက်ဆုံးတွင် ဤစကြာဝဠာသည် ဝတ္ထုတစ်ခုသာဖြစ်ကြောင်း သူ့ကိုပြောပြလိုက်ရာ ကျန်းမင်ယွမ် အချိန်အတော်ကြာအောင် တိတ်ဆိတ်နေတော့သည်။
"ကိုယ်က စာအုပ်တစ်အုပ်ထဲက ဇာတ်ကောင်တစ်ယောက်… ကိုယ်က ဒီစာအုပ်ရဲ့ ဇာတ်ဆောင် ဟုတ်လား…"
"အင်း…"
"ပြီးတော့ ကိုယ့်အတွက် သတ်မှတ်ထားတဲ့ အမျိုးသမီး ဇာတ်ဆောင်တစ်ယောက်ရှိနေတယ်ပေါ့…"
သူက ထို ဇာတ်ဆောင်အမျိုးသမီး အကြောင်းတစ်ခွန်းတစ်ပါဒမှ မပြောဘဲ ရယ်မောလိုက်ပြီး သူမပါးကို ဖွဖွ ဆွဲလိမ်လိုက်သည်။
"အရူးလေး…"
ချန်းဟွမ် က အနည်းငယ် နာကျင်သွားသော ပါးပြင်ကို ပွတ်သပ်လိုက်သည်။
"တကယ်လို့ မင်းပြောခဲ့တာတွေက မှန်တယ်ဆိုရင် ကိုယ်က စာအုပ်ထဲက ဇာတ်ကောင်တစ်ယောက်ဖြစ်နေတော့ ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်လောက်ဘူးလေ…စက်ရုပ်တွေလို တစ်ခုခုက တုပ်နှောင်ထားသလို ဖြစ်နေမှာပေါ့…ဒါပေမယ့် ကိုယ်က အဲဒီလိုမဟုတ်ဘူးလေ… ကိုယ့်စိတ်ကို ကိုယ်ပိုင်တယ်… ကိုယ်ဘာလုပ်ချင်တာလဲ…ဘာလုပ်ရမယ်ဆိုတာ ကိုယ်သိတယ်…ကိုယ်က အဲ့ဒီ သောက် အမျိုးသမီးဇာတ်ဆောင်နဲ့ မဟုတ်ပဲ မင်းနဲ့ အတူရှိချင်တာ…"
ကျန်းမင်ယွမ် ယနေ့ကြားလိုက်ရသည့် ကိစ္စများမှာ သူလက်မခံနိုင်လောက်အောင် ဆန်းကြယ်သည့်အတွက် အနည်းငယ် ဆဲရေးလိုက်သည်။
"တစ်ကယ်ဆို ကိုယ်တို့က အပြိုင်စကြာဝဠာတွေနဲ့ ကူးလူးဆက်ဆံနေရတယ်ဆိုရင်တောင် ကိုယ်ယုံမိမှာပဲ… တခြားကမ္ဘာက 'ကိုယ့်' ကိုလေ တစ်ယောက်ယောက် တွေ့သွားပြီး ကိုယ့်အကြောင်းတွေကို မင်းတို့ကမ္ဘာက ဇာတ်လမ်းတစ်ပုဒ်ထဲ ထည့်ရေးပစ်လိုက်တာ ဖြစ်နိုင်တယ်…"
ချန်းဟွမ် " ……"
သူပြောလိုက်သည့် အဓိပ္ပါယ်ကိုချန်းဟွမ် နားလည်သော်လည်း သူ့အယူအဆတို့က သူမ အယူနှင့် ကွာခြားနေသဖြင့် ကြောင်ပြီး ကြည့်နေရသည်။
"မင်းက ဘာလို့ ဒီလောက်တောင် ငြိမ်နေတာလဲ…"
Xxxxxxx
Chapter 266
ကျန်းမင်ယွမ်က အေးဆေးစွာပင် ပြောလိုက်သည်။
"ကိုယ်က မင်းနဲ့ အတူနေရတာ ကြိုက်တယ်လေ…ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် မင်းနဲ့ ရှိနေချင်တာ…ဒါဆို ရပြိီမလား…ပြီးတော့ အခု ဖြစ်လာတာတွေကလည်း မင်းဖြစ်ချင်လို့ ဖြစ်လာတာမှ မဟုတ်တာ…"
ချန်းဟွမ် သူ့စကားကို ယုံကြည်သွားရသည်။
"ရှင်ပြောတာလည်း ဟုတ်တာပဲ…"
"ဒါပဲလေ...ကိုယ် အဲ့ဒါတွေ စိတ်မ၀င်စားဘူး… မင်းရဲ့အရင်က အကြောင်းတွေ ကိုယ့်ကိုပြောပြပါဦး…ကိုယ် သိချင်လို့…"
ယခုအခါ သူမ အကြောင်းအားလုံး ပြောထားပြီးဖြစ်၍ မည်သည့်အရာမှ ဖုံးကွယ်စရာ မလိုတော့ပေ။ထို့ကြောင့် သူမငယ်စဉ်က မုန်လာဥနီကို အတုံးသေးသးလေးများရအောင် မည်သို့ ကြိုးစား၍ လှီးခဲ့ရဟည်မှ စကာ သူမအကြောင်း ခရေစေ့တွင်းကျ ပြောပြလိုက်လေသည်။တွေးကြည့်လိုက်လျှင် သူမမှာ အမှတ်တရများများစားစား မရှိဘဲ အသေးအဖွဲများသာ ဖြစ်လေ၏။ သူမက ပျင်းရိစွာ ခြောက်ကပ်ကပ် ပြောနေသော်လည်း ကျန်းမင်ယွမ်မှာ သူမစကားကို စိတ်ရှည်စွာ နားထောင်နေပြီး မရှင်းတာရှိလျှင် မေးလိုက်သေးသည်။ အားလုံးသိကြသည့်အတိုင်း တစ်ညတည်းနှင့် သူမ တစ်ဘဝလုံးကို ပြောပြရန် မဖြစ်နိုင်ပေ။ ချန်းဟွမ် သည် သူမ အလယ်တန်းကျောင်းသူဘဝ အကြောင်း ရောက်သောအခါ သူ့ရင်ဘတ်ကို မှီထားရင်း မျက်ခွံများ လေးလံလာရသည်။ထို့နောက် တဖြည်းဖြည်း သူမစကားများ ဗလုံးဗထွးဖြစ်လာပြီး နောက်ဆုံး ငြိမ်သက်ကာ အိပ်ပျော်သွားရသည်။
သူမပုခုံးပေါ်က ဝန်ထုပ်ဝန်ပိုးကို ဖြုတ်ချလိုက်သောကြောင့် ချန်းဟွမ် တစ်ညလုံး ကောင်းကောင်းအိပ်ပျော်သွားခဲ့ပြီး နိုးလာသော် မနက် ၁၁ နာရီကျော်နေပြီ ဖြစ်သည်။ ကျန်းမင်ယွမ်က ရှင်းရှင်းကို ရုံးသို့ ခေါ်သွားကြောင်း မက်ဆေ့ခ်ျ တစ်စောင် ပို့ထားသည်ကို သူမဖုန်းထဲတွင် တွေ့ရလေ၏။
သူမလည်း စိတ်အေးသွားရကာ စားဖိုမှူးကို သူမကြိုက်သည့် ဟင်းချက်ခိုင်းလိုက်ပြီး သူမ စားသောက်ဆိုင်သို့ သွားလိုက်သည်။ သူမတို့ အသစ်ထွက်ရှိမည့် ဟင်းပွဲ အသစ်များက အဆင်သင့် ဖြစ်နေပြီ ဖြစ်၍ အလုပ်များနေရသည်။
ချန်းဟွမ် သည် စားသောက်ဆိုင်တွင် စီမံကွပ်ကဲလိုက်ပြီး ကျန်းမင်ယွမ် အလုပ်မှပြန်လာချိန်နီးနေသောအခါ အိမ်ပြန်လာခဲ့သည်။ထို့နောက် သူမက လမ်းတွင် အစေ့အဆန် တစ်ချို့နှင့် စားသုံးဆီများ ဝယ်ခြမ်းလိုက်သည်။ နောက်တစ်နေ့တွင် မီးပုံးပွဲတော်ဖြစ်၍ မနက်ဖြန် ထန်းယွမ်လုပ်ရန် ဆန်မှုန့်ပါဝယ်လိုက်သည်။ စားဖိုမှူးမှာ သူမ အိမ်ပြန်ရောက်သည်နှင့် ညစာပြင်ဆင်ပြီး ဖြစ်လေသည်။ စားဖိုမှူး၏ထူးခြားချက်မှာ ရှန်းသုန်း ဟင်းလျာများဖြစ်သည့် ပင်လယ်ခရု သို့မဟုတ် ပင်လယ်သခွားသီးများကို နေ့စဉ် ဟင်းအမယ်အဖြစ်သုံးနေ၍ သူမ၏ ရိုးရှင်းလှသော ဟင်းပွဲများနှင့် ယှဉ်လိုက်လျှင် ရှက်စရာကောင်းနေသေးတော့သည်။
ညစာစားပြီးသောအခါ ကျန်းမင်ယွမ် သည် ရှင်းရှင်းနှင့် ကစားလိုက်သေးသည်။ ကလေးလေးမှာရေချိုးပြီးသည်နှင့် အိပ်ယာပေါ် ပစ်လှဲလိုက်ပြီး အမေဖြစ်သူကို ဂျီကျတော့သည်။
"မေမေပဲ ပုံပြင်ဖတ်ပြပါလား…"
ကျန်းမင်ယွမ် ရှက်သွားရပြီး ကြိတ်ရယ်နေသော ချန်းဟွမ်ကို တစ်ချက်ကြည့်ကာ အခန်းပြင်ထွက်လာခဲ့သည်။ ပုံပြင်စာအုပ်ကို လက်ထဲတွင်ကိုင်ထားပြီး ချန်းဟွမ် သည် ရှင်းရှင်း ကို ဖတ်ပြလိုက်လေသည်။ လွန်ခဲ့သည့် ၆ လခန့်က အတွေ့အကြုံ တို့ကြောင့် သူမ ပုံပြင်အလွန်ဖတ်တတ်နေပြီ ဖြစ်သည်။ ရှင်းရှင်း သည် သူမ ပုံပြင်ဖတ်လိုက်သည်နှင့် ဆယ်မိနစ်ခန့်တွင် အိပ်ပျော်သွားတတ်သည်။သို့သော် ယခုတစ်ခေါက်မူ ကလေးလေးသည် မျက်လုံးအပြူးသားနှင့် ငြိမ်လျက်ရှိနေသေးသဖြင့် အချိန်ပိုကြာသွားရသည်။
ရှင်းရှင်း အိပ်ပျော်သွားသောအခါ ချန်းဟွမ်သည် ပုံပြင်စာအုပ်ကို ချထားကာ စောင်ကို သေချာခြုံပေးလိုက်ပြီး အခန်းထဲမှ ညင်သာစွာ ထွက်လာခဲ့သည်။ သူမက တံခါးကို နောက်ပြန်ပိတ်လိုက်ပြီး အခန်းပြင်ထွက်လိုက်ရာ ကျန်းမင်ယွမ် ရင်ခွင်ထဲ တည့်တည့် ရောက်သွားရသည်။
ချန်းဟွမ် လန့်သွားပြီး သူ့ရင်ဘတ်ကို တွန်းလိုက်ရင်း ပြောလိုက်သည်။
"ရှင် ဒီမှာ ဘာလုပ်နေတာလဲ…"
"မင်းကို စောင့်နေတာလေ…"
ကျန်းမင်ယွမ်က သူမကို ကောက်ပွေ့လိုက်ပြီး သူတို့အိပ်ခန်းထဲကို လှမ်းဝင်ကာ တံခါးကို ခြေဖြင့်ပိတ်လိုက်၍ ရေချိုးခန်းဆီ ခေါ်သွားလိုက်သည်။
"နောက်ကျနေပြီ… ရေချိုးပြီး အိပ်ရအောင်…"
ချန်းဟွမ်က ကျန်းမင်ယွမ် ရင်ဘတ်ကို လက်သီးဖြင့် တစ်ချက်ထိုးလိုက်ပြီးနောက် သူ့လည်ပင်းကိုကိုက်လိုက်သည်။ သူမက သူ့လည်ပင်းကို ကန့်ကွက်သည့်အနေဖြင့် ကိုက်လိုက်ခြင်းသာ ဖြစ်သော်လည်း သူကမူ တစ်ခုခု ထင်သွားရလေသည်။
နှစ်ယောက်သား ရေချိုးခန်းထဲက ထွက်လာချိန်မှာ နာရီလက်တံက နှစ်ကွက်ရွေ့(၁၀မိနစ်)သွားပြီ ဖြစ်သည်။
ရေချိုးခန်းထဲတွင် နေရာကျဉ်းကျပ်သဖြင့် သူမတစ်ကိုယ်လုံး နာကျင်နေသလို ချန်းဟွမ် ခံစားနေရသည်။သူမက ကုလားထိုင်ပေါ်ကို လှဲချလိုက်ရင်း ကျန်းမင်ယွမ် အား သူမ ဆံပင်ကို ခြောက်အောင် ဒရိုင်ယာမှုတ်ခိုင်းလိုက်သည်။
Xxxxxxx