Chapter 267
ကျန်းမင်ယွမ်မှာ ယခင်တစ်ခါကတည်းက မှတ်သွားပြီဖြစ်၍ ချန်းဟွမ် ဆံပင်ကို ဂရုတစိုက် လုပ်ပေးနေလေသည်။အပူရှိန် နည်းနည်းဖြင့် ဖြေးညှင်းစွာ မှုတ်ပေးနေ၍ သူမဆံပင်မှာ များစွာ မပျက်စီးသွားပေ။
ချန်းဟွမ်မှာ အလွန် ပင်ပန်းနေသဖြင့် ကုလားထိုင်ပေါ်တွင် အိပ်ပျော်သွားမတတ် ဖြစ်နေရလေသည်။ ကျန်းမင်ယွမ်သည် သူမ ဆံပင်ကို ခြောက်အောင်မှုတ်ပြီးသည်နှင့် သူမကို အိပ်ရာပေါ် ပွေ့ခေါ်သွားလိုက်ကာ ကုတင်စွန်းတွင် ထိုင်၍ သူမနောက်ကျောကို နှိပ်နယ်ပေးလေသည်။
ချန်းဟွမ် ခါးမှာ သူက အားစိုက်နှိပ်နေသောကြောင့် နာကျင်လာရကာ လက်ကို နောက်ပြန်ဝေ့ယမ်း၍ ပြောလိုက်သည်။
"တော်ပြီ…မနှိပ်နဲ့တော့…"
ကျန်းမင်ယွမ်က သူမ၏ လက်ကောက်ဝတ်နှစ်ဖက်ကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထားလိုက်ပြီး အခြားလက်တစ်ဖက်နှင့် ဆက်လက် နှိပ်နယ်ပေးနေလေသည်။
"မနက်ဖြန်ကျရင် ကောင်းသွားမှာပါ…"
ချန်းဟွမ်မှာ သူဆက်နှိပ်နေသဖြင့် ဦးရေပြားထဲထိပါ ယားယံလာရသည်။
"ခဏလောက် အိပ်ချင်တယ်…"
"အိပ်တော့လေ…"
"ရှင်က နှိပ်နေတော့ ကျွန်မ ဘယ်လိုလုပ် အိပ်ပျော်မှာလဲ…"
"ဒါဆို ကိုယ့်နဲ့ စကားပြောရ အောင်…"
ကျန်းမင်ယွမ်က သူမ လက်ကို လွှတ်ပေးလိုက်ပြီး စကားစလိုက်လေသ ည်။
"ရှန်းရှီအပေါ် မင်းဘယ်လိုမြင်လဲ…"
ချန်းဟွမ် အံ့သြတကြီး ရေရွတ်လိုက်မိသည်။
"သူမက တစ်ကယ်ရှိနေတာလား…"
တစ်ချိန်တည်းမှာပင် ကျန်းမင်ယွမ် က သူမထံမှ သတင်းနှိုက်နေသည်ဟု ထင်မိသွားရသည်။
"ဒါပေါ့… သူက ဒီခန္ဓာကိုယ်ရဲ့ ညီမလေ…"
ချန်းဟွမ်က နှုတ်ခမ်းတစ်ချက် သပ်လိုက်ပြီး တွေးတောကြည့်လိုက်သည်။
"သူမကလည်း ကျွန်မလို ကူးပြောင်းလာတာ ဖြစ်နိုင်တယ်…"
"ကိုယ်လည်း အဲ့ဒီလိုပဲ တွေးထားတာ…သူမက ဘယ်သူလို့ ထင်လဲ…"
ချန်းဟွမ် က ခဏ စဉ်းစားလိုက်ပြီး သူ့ကို လှည့်ကြည့်လိုက်သည်။
"ရှင်ကရော ဘယ်သူလို့ ထင်လဲ…"
ကျန်းမင်ယွမ်၏ လက်ချောင်းများက သူမကျောရိုးတစ်လျှောက် စီပြီး နှိပ်သွားလေသည်။
"သူမက ဒီခန္ဓာကိုယ် ပိုင်ရှင်လို့ ကိုယ်ထင်တယ်…"
သည်းထိတ်ရင်ဖို ဝတ္ထုကြီး ဖတ်နေရသလိုပင် ချန်းဟွမ် တစ်ကိုယ်လုံး ကြက်သီးထသွားရသည်။
"ရှင် တစ်ကယ် ပြောနေတာလား…"
"ဖြစ်နိုင်ချေ များတယ်…ကိုယ် သူ့အကြောင်း ရေးထားတဲ့ အချက်အလက်တွေကို ဖတ်ဖူးတယ်… မူလပိုင်ရှင်နဲ့ တော်တော်တူတယ်…”
ကျန်းမင်ယွမ်မှာ မူလချန်းဟွမ်ဟု မသုံးနှုံးဘဲ မူလပိုင်ရှင်ဟုသာ သုံးလိုက်လေသည်။သူ့စိတ်ထဲတွင် ချန်းဟွမ် မှာ တစ်ယောက်တည်းသာရှိပြီး သူ့ရှေ့က မိန်းကလေးပင်။
"ပြီးတော့ သူမ အမေကိုလည်း ရန်လုပ်နေတယ်…တစ်ခါကလည်း မအေကို သူမတို့က သိပ်ဆင်းရဲနေရတယ်လို့ လူကြားထဲမှာ အော်ပြောခဲ့ဖူးတယ်လေ…"
"အင်း…သူမက ကျွန်မကိုလိုက်ရှာရင် ဘယ်လိုလုပ်မလဲ…"
ကျန်းမင်ယွမ် က သူမကို ငုံ့နမ်းလိုက်သည်။
"မပူပါနဲ့…သူမ မင်းကို အနှောင့်အယှက် မပေးနိုင်အောင် ကိုယ်ကာကွယ်မှာပေါ့…"
သူမနှုတ်ခမ်းကို သူက လျှာဖျားလေးဖြင့် ထိလိုက်ပြီး သူ့လက်မှာလည်း သူမခန္ဓာကိုယ်အောက်ပိုင်းကို ဆက်လက်ရွေ့လျားလိုက်သည်။
"ကိုယ်တို့ နောက်ထပ် ကလေးယူရင် ကောင်းမလား…"
"ဟင့်အင်း…"
ချန်းဟွမ်က သူ့လက်ကို ကိုင်ထားလိုက်သည်။
"ကလေးမွေးရတာ အရမ်းနာတယ်… ဝိတ်ကလည်း တက်လာဦးမယ်…အကြောပြတ်ရာတွေလည်း ဖြစ်လာဦးမယ်…ကျွန်မ မလှတော့မှာ ကြောက်တယ်…"
သူမက ကျန်းမင်ယွမ် ကို ဖက်ထားကာ ပြောလိုက်သည်။
"ကျွန်မ ရုပ်မဆိုးချင်ဘူးလေ...ပြီးတော့ ရှင်းရှင်း ရှိနေပြီလေ…မရသေးဘူးလား…"
***
ကျန်းမင်ယွမ်သည် သူ့စိတ်ထဲ ပေါ်လာသောကြောင့်သာ မေးလိုက်ခြင်း ဖြစ်ပြီး ချန်းဟွမ် က ငြင်းလိုက်သဖြင့် သူလည်း အတင်းအကျပ် တောင်းဆိုမနေတော့။ ထို့နောက် နောက်ထပ် ကလေးယူသည့်ကိစ္စမှတစ်ဆင့် သူတို့ စကားလမ်းကြောင်းလွှဲလိုက်ကြသည်။
သူတို့ မူလချန်းဟွမ်အကြောင်း ပြောကြသည့်ခါ ကျန်းမင်ယွမ်က သူမကို ချစ်နေပြီး ကာကွယ်ပေးနေသော်လည်း ချန်းဟွမ် စိုးရိမ်သွားရကာ အပြစ်ရှိသလို ခံစားနေရသည်။ ယခု သူမသည် အခြားသူ၏ ခန္ဓာကိုယ်ကို လုယူထားသော ကျူးကျော်သူသာ ဖြစ်လေသည်။
"ရှင်လေ…"
သူမက နှုတ်ခမ်းကို တစ်ချက်သပ်လိုက်ကာ ပြောလေသည်။
"ရှန်းရှီ ကို ကျွန်မနဲ့ တွေ့ခွင့်ရအောင် ရှင် ကူညီပေးနိုင်မလား...
"သူမနဲ့ တွေ့ချင်တယ် ဟုတ်လား…"
ကျန်းမင်ယွမ် က မေးလိုက်သည်။တစ်လောက သူ ရှန်းရှိီအကြောင်း ပြောလိုက်ဟောအခါ ချန်းဟွမ်မှာ ကြောက်ရွံ့နေပုံရသော်လည်း ယခုမူ တွေ့ချင်သည်ဟု ဆိုနေပြန်သည်။
"ကျွန်မ စစကြားချင်း ကြောက်မိသလို ဖြစ်သွားပေမယ့် စဉ်းစားကြည့်လိုက်တော့… ဘာမှကြောက်စရာမရှိပါဘူးလေ…"
သူမ ခံစားချက်တို့မှာ ရှုပ်ထွေးနေကြပြီး ဘာပြောလို့ ပြောရမှန်းပင် မသိတော့။ သူမ ကြောက်နေမိသော်လည်း သိချင်စိတ်လည်း ဖြစ်နေရကာ သူမနှင့်လည်း နီးစပ်ချင်မိသည်။
ရှန်းရှီ သည် သူမလို ဖြစ်နေသူတစ်ယောက်ဖြစ်ကာ ဤခန္ဓာကိုယ်၏ မူလပိုင်ရှင်ဖြစ်ကြောင်း ပြောဖို့တောင် လိုမည်မထင်ပေ။အမှန်ဖြစ်နေပါကလည်း သူမနှင့် လိုက်လျောညီထွေ ဖြစ်အောင် နေချင်မိသည်။
ကျန်းမင်ယွမ်သည် ချန်းရှီမှာ မိတ်ဆွေလား၊ရန်သူလား မသဲကွဲသဖြင့် ချန်းဟွမ်နှင့် မတွေ့စေလိုပေ။သို့သော် ချန်းဟွမ်က အကျပ်ကိုင်လာသဖြင့် သူလည်း ကြိုးစားကြည့်ပါ့မည်ဟု ကတိပေးလိုက်ရတော့သည်။
Xxxxxxx
Chapter 268
ချန်းဟွမ်နှင့် ရှန်းရှီတို့ တွေ့မည့်ကိစ္စကို အလျင်စလို လုပ်ရန် မလိုအပ်သေးပေ။
ရှင်းရှင်းကို မူကြိုကျောင်းအသစ် အပ်နှံပေးပြီးနောက် ချန်းဟွမ် သည် သူမ ကိုယ်ပိုင် ကားတစ်စီးဝယ်ဖို့ စိတ်ကူးမိသည်။ယခု သူမ၏ စားသောက်ဆိုင်မှာ ကောင်းစွာ လည်ပတ်နေသဖြင့် သူမတွင် ငွေပိုငွေလျှံတစ်ချို့ ရှိနေလေသည်။ သို့ရာတွင် သူမက ဈေးကြီးသည့်ကားများကို မမှန်းထားသလို သူမ၏ ဘတ်ဂျက်မှာလည်း ယွမ် ၁၀၀၀၀ ဝန်းကျင်သာ ရှိလေ၏။ သူမကျန်းမင်ယွမ်နှင့် တိုင်ပင်ကြည့်သော်လည်း သူက ဘာမှပြန်မပြောဘဲ နောက်တစ်နေ့ရောက်မှ ပြိုင်ကားတစ်စီးဖြင့် အိမ်ပြန်လာခဲ့သည်။ သူမရှေ့က မိုးပြာရောင် ပြိုင်ကားတစ်စီးကို ကြည့်လိုက်ပြီး ချန်းဟွမ် အံ့ဩနေမိသည်။
ကျန်းမင်ယွမ်မှာ ချမ်းသာပြီး ပြိုင်ကားတစ်စီးသည် သူ့အတွက် ဘာမှမဟုတ်ကြောင်း သိသော်လည်း သူမတို့နှစ်ယောက်မှာ ချစ်သူရည်းစား အဆင့်ဟုသာ ချန်းဟွမ် ယူဆထားသည်။ထို့ကြောင့် ချစ်သူထံမှ ဤမျှစျေးကြီးသော လက်ဆောင်ကို သူမ လက်မခံလိုပေ။
"အင်း… ဟိုဟို ဒီဒီသွားဖို့ ကားတစ်စီးပဲ လိုတာပါ… ဒီလောက်ကောင်းတဲ့ ကားကြီး မလိုပါဘူး…"
"ဒီကားက အခုပဲ ဝယ်လာတာနော်… တခြား ကြိုက်တာ ရှိသေးရင် ကိုယ့်ကို ပြောပြလို့ရတယ်…"
ကျန်းမင်ယွမ်သည် သူမ ကန့်ကွက်သည်ကို လျစ်လျူရှုလိုက်သည်။ သူက ကားရှေ့ခန်း တံခါးကိုဖွင့်ကာ ချန်းဟွမ်ကို အထဲဝင်ခိုင်းလိုက်ပြီး ယာဉ်မောင်းထိုင်ခုံတွင် သူဝင်ထိုင်လိုက်၍ ကားကို စက်နှိုးလိုက်သည်။
ညနေစောင်းပြီ ဖြစ်၍ ရှင်းရှင်း ကျောင်းဆင်းချိန် ရောက်နေလေပြီ။ မူကြိုကျောင်းအပြင်ဘက်တွင် ကားအနည်းငယ် ရပ်ထားပြီးဖြစ်ကာ ထိုကားများအားလုံး ဈေးကြီးပေးရသော ကားများပင်။ထို့ကြောင့် သူတို့ စီးလာသည့် ပြိုင်ကားမှာ လွန်စွာ မျက်နှာပန်းပွင့်နေရလေသည်။ထိုအပြင် ယွမ်တစ်သောင်း မှ နှစ်သောင်း အထိ တန် ကြေးရှိသော ကားတစ်စီးမှာ အခြားသူတို့အတွက် ထူးဆန်းနေရပေမည်။
"ဒီကလေးတွေ အားလုံးက ချမ်းသာတဲ့ မိသားစုက သားသမီးတွေလေ…အဲ့တော့ ဈေးကြီးတဲ့ ပစ္စည်းတွေက သူတို့အတွက် အရေးကြီးသလို ဖြစ်နေတယ်…ရှင်းရှင်းကို လာကြိုတဲ့ ကားက မလှရင် သူလည်း ရှက်သွားလိမ့်မယ်…မင်းက ရှင်းရှင်းကို တခြားကလေးတွေ အနိုင်ကျင့်တာ ခံစေချင်လို့လား…"
ကျန်းမင်ယွမ်က ချန်းဟွမ်ကို လှည့်ကြည့်လိုက်ရင်း မေးလိုက်ရာ ချန်းဟွမ် ခေါင်းခါပြလိုက်သည်။
"ဒါဆို မင်း ဒီလက်ဆောင်ကို လိုချင်လား…"
"ကျွန်မ…"
"မင်း မလိုချင်ဘူးလို့ ပြောရင် ကိုယ် ဒီကားကို တစ်စစီ ဖြုတ်ပစ်ခိုင်းလိုက်မယ်…"
ကျန်းမင်ယွမ်မှာ CEO ပါဝါများ ပြနေပြီး အတင်းအကျပ် ပေးနေတော့သည်။
ချန်းဟွမ် သည် ကားတစ်စီးရသွားပြီ ဖြစ်၍ ယာဉ်မောင်းလိုင်စင်ပြန်လျှောက်ရန် ကားမောင်းသင်တန်း ပုန်တင်လ်ုကသေးသည်။သူမ မကူးပြောင်းလာခင်ကတည်းက ကားမောင်းတတ်နေသဖြင့် အရာအားလုံး လွယ်ကူချောမွေ့သွားရသည်။
သူမ ယာဉ်မောင်းလိုင်စင်ရရန် ကြိုးစားနေချိန်တွင် ကျန်းမင်ယွမ် မှာလည်း ရှန်းရှီ နှင့် အမေကျန်းတို့၏ ဆက်ဆံရေးကို သဘောပေါက်သွားပြီ ဖြစ်သည်။ရှန်းရှိီသည် ဒုက္ခပေးမည့်သူ မဟုတ်ကြောင်း သူ သိသွားပြီးနောက် ချန်းဟွမ် နှင့် တွေ့ဆုံပေးရန် စီစဉ်လိုက်ရာ တစ်ဖက်ကလည်း လက်ခံလေသည်။
ရှန်းရှီသည် အားလပ်ရက်များ ပြီးဆုံးချိန်တွင် တရုတ်နိုင်ငံသို့ ပြန်လာခဲ့သည်။ သူမသည် အရည်အချင်းမပြည့်မီသော်လည်း လက်မလျှော့ဘဲ ကောလိပ်အတန်းများကို ဆက်လက်တက်ရောက်ခဲ့သည်။
သူမတို့ နှစ်ယောက် တွေ့ရန် တက္ကသိုလ်အပြင်ဘက် ကော်ဖီဆိုင်မှာ ချိန်းဆိုထားခြင်း ဖြစ်သည်။ ချန်းဟွမ် သည် သာမန် အနက်ရောင် ကုတ်အင်္ကျီကိုဝတ်ဆင်လိုက်ပြီး ဆံပင်ကို မစည်းဘဲ ဖြန့်ချထားကာ ကော်ဖီဆိုင်သို့ ထွက်လာလိုက်သည်။ အတန်းချိန်ဖြစ်၍ ကော်ဖီဆိုင်ထဲမှာ လူသိပ်မရှိပေ။
ချန်းဟွမ် ရောက်လာသောအခါ ရှန်းရှီ မှာ ရောက်နှင့်နေပြီဖြစ်သည်။ သူမသည် ခေတ်မီစွာ ၀တ်စားဆင်ယင်ထားပြီး မိတ်ကပ်ကိုလည်း အမြင်မရိုင်းအောင် ခြယ်သထားလေသည်။ သူမသည် မိန်းမပျိုတစ်ယောက်၏ နုပျိုမှုနှင့် ရင့်ကျက်သော မိန်းမတစ်ယောက်၏ ကျက်သရေကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ မနေ့ညက အိပ်ရေးမဝသောကြောင့်လားမသိ၊သူမက ပါးစပ်ကို လက်နှင့်အုပ်ပြီး သမ်းဝေနေသည်။ထိုအခါ သူမ လက်ချောင်းများကြားမှ မီးမညှိရသေးသော စီးကရက်တစ်လိပ်ကြောင့်ပင် လက်သည်းများမှာ ပို၍ ဆွဲဆောင်မှုရှိသွားရသည်။
သူမ တံခါးကို လှည့်ကြည့်လိုက်ရာ ချန်းဟွမ်ကို မြင်လိုက်သည်နှင့် သူမတစ်ကိုယ်လုံး အထက်အောက် စုန်ချီဆန်ချီ ကြည့်နေကာ ဗြောင်ကျကျပင် အကဲခတ်နေသည်။
ချန်းဟွမ် အနည်းငယ် ရှိန်သွားရပြီး သူမဆီ လျှောက်လာကာ ပြုံး၍ လက်ကမ်းပေးလိုက်သည်။
"မင်္ဂလာပါ... နောက်ကျသွားတဲ့ အတွက် တောင်းပန်…."
"မင်းနာမည်အရင်းက ဘာလဲ…"
ရှန်းရှီ က သူမလက်ကမ်းပေးနေသည်ကို ဂရုမစိုက်စွာဖြင့် စကားကိုလည်း ဖြတ်ပြောလိုက်သည်။
ရှန်းရှီ စကားကြောင့် သူမလည်း သံသယဖြစ်နေသည်ဟု သဘောပေါက်သွားကာ ချန်းဟွမ် စိတ်သက်သာရာရသွားမိသည်။ထို့နောက် ချန်းဟွမ်က သူမလက်ကို ထပ်မံ ကမ်းပေးလိုက်ပြီး ပြောပြန်သည်။
"ငါ့ရဲ့ နာမည်အရင်းက ချန်းဟွမ်ပါ…"
"တိုက်ဆိုင်လိုက်တာ…"
သူမက နှုတ်ခမ်းထောင့်တစ်ဖက်ကိုသာ ညွတ်၍ မထီပြုံးပြုံးလိုက်ပြီး ချန်းဟွမ်ကို တစ်ချက်သာ လက်ဆွဲနှုတ်ဆက်လိုက်သည်။
"ငါ့အရင်နာမည်ကလည်း ချန်းဟွမ်ပဲ…ဒါပေမယ့် အခု ငါ့နာမည်က ရှန်းရှီ…"
Xxxxxxx