အပိုင်း ၂၆၉-၂၇၀
Viewers 20k

Chapter 269


ချန်းဟွမ် က သူမနှင့် မျက်နှာချင်းဆိုင် ထိုင်လိုက်ပြီး ပြုံးပြလိုက်သည်။ 


"မင်္ဂလာပါ ရှန်းရှီ…"


"အင်း…"


သူမက ခပ်တိုးတိုး ပြောလိုက်ပြီး ငြီးငွေ့သွားသလို ပြတင်းပေါက်အပြင်ကို လှမ်းကြည့်နေရင်း ပြောလေသည်။


"အမှန်က မင်းက ငါ့ကို ဘာလို့ တွေ့ချင်တာလဲ ဆိုတာ ငါသိပြီးသားပါ…ဒါပေမယ့် စိတ်မပူပါနဲ့...တို့တွေ ဘာလို့ ခန္ဓာကိုယ်‌တွေ ပြောင်းသွားမှန်း မသိပေမယ့် ငါ့ခန္ဓာကိုယ်ဆီ ပြန်သွားဖို့ ရည်ရွယ်ချက်လည်း မရှိပါဘူး…"


ထို့နောက် သည်ဖက်ပြန်လှည့်လာပြီး ချန်းဟွမ်ကို တည့်တည့်ကြည့်ကာ ပြောလိုက်သည်။


"မင်းနဲ့ မင်းလူကိုလည်း ဒုက္ခပေးဖို့ ငါ စိတ်မဝင်စားဘူး... ငါ့အစ်မတို့ မိသားစုက ချမ်းသာတယ်လေ... ငါ့မှာ ရွေးချယ်စရာ ယောက်ျားတွေ အများကြီးရှိပြီးသားပါ…"


ချန်းဟွမ်လည်း အံ့ဩသွားရကာ မေးကြည့်လိုက်သည်။


"ဒါဆို မင်းမှာ ဘယ်လို အစီအစဉ်တွေများ ရှိနေတာလဲ…"


ရှန်းရှီ၏ ကိုယ်ကျင့်စရိုက်ပြောင်းလဲလာသည့် အတွက် သူမ၏ မိဘများမှာ စိတ်မချမ်းသာ ဖြစ်နေရသလို ဖန်ပြွန်သန္ဓေသားနှင့် နောက်ထပ်ကလေးတစ်ယောက် ထပ်မွေးဖို့ စီစဉ်နေကြောင်း ကျန်းမင်ယွမ်က ချန်းဟွမ်ကို ပြောပြဖူးလေသည်။


ရှန်းရှီ က တည်ငြိမ်စွာပြောနေရာမှ ရုတ်တရက် အမူအရာ ပြောင်းသွားရသည်။


"ဘာပဲဖြစ်ဖြစ်လေ...တစ်ခါလှမ်းရင် ခြေတစ်လှမ်း လှမ်းတာက အကောင်းဆုံးပဲ မဟုတ်လား…"


ယခု သူမတွင်ရှိသော အရာများသည် သူမမျှော်လင့်ထားသည်ထက် ပိုနေပြီဖြစ်သည်။ မည်သို့ပင်ဆိုစေ သူမ ယခင်ကထက် ပိုမိုအဆင်ပြေနေသည်။ 


ရှန်းရှီ၏ ပေါ့ပျက်ပျက်နိုင်သော စကားကြောင့် ချန်းဟွမ် ခေါင်းကိုက်သွားရသည်။ထို့အပြင် သူမကိုယ်သူမလည်း ရှန်းရှီ အပေါ် အကြွေးတင်နေသလို အမြဲခံစားနေခဲ့ရသည်။ ယခုတော့ သူမ၏ ကလေးဆန်သော အပြုအမူတို့ကြောင့် ချန်းဟွမ် သူမအတွက် စိတ်ပူလာရသည်။


"မင်းဒီလိုမျိုး အချိန်တွေကို ဖြုန်းတီးမနေသင့်ဘူး… ငယ်တုန်းရွယ်တုန်းမှာ အတတ်ပညာ တစ်ခုခုကို သင်ယူထားသင့်တယ်… ဒါမှ တခြားသူကို အားကိုးစရာမလိုဘဲ ကိုယ့်ခြေထောက်ပေါ် ရပ်တည်နိုင်မှာ…"


"ငါ သင်ချင်လည်း သင်ဖြစ်မှာပါ…" 


အမှန်ဆိုလျှင် ရှန်းရှီ စိတ်ထဲ၌ ချန်းဟွမ်စကားကို တစ်စက်မှပင် အလေးမထားပေ။သူမက ချန်းဟွမ်ကို စိတ်မပါလက်မပါ ဖြေလိုက်ပြီးနောက် စကား‌လမ်းကြောင်းလွှဲလိုက်သည်။


"အင်း…ဒါနဲ့ ငါ့သားရော ဘယ်လိုနေလဲ…"


ချန်းဟွမ် "……"


ရှင်းရှင်း အကြောင်း ရှန်းရှီ နှုတ်မှ ပြောထွက်လာသဖြင့် ချန်းဟွမ် စိတ်အနှောင့်အယှက် ဖြစ်သွားမိ၏။


မိခင်အရင်း မဟုတ်သူ ချန်းဟွမ်အတွက် စိတ်မကွက်သင့်သော်လည်း ရှင်းရှင်းမှာ ​​သူမ ကူးပြောင်းလာချိန်မှစ၍ သူမနှင့် တပူးတွဲတွဲ ရှိနေသူပင်။ထို့ကြာင့် ရှင်းရှင်း သည် သူမအတွက် တစ်ကယ့်မိသားစုဝင် တစ်ယောက်အဖြစ် ခံစားရသည်။


သို့သော် သူမရှေ့မှ မိန်းမငယ်သည် ရှင်းရှင်း ကိုမွေးဖွားပေးခဲ့သော တစ်ကယ့် မိခင်အရင်းဖြစ်၍ ချန်းဟွမ် နိမ့်ကျသွားသလို ခံစားရသည်။


တစ်ဖက်တွင်မူ ယခင်က ရှန်းရှီ သည် ရှင်းရှင်းကို ဆိုးရွားစွာဆက်ဆံခဲ့သည့်အတွက် သူမ အလွန်စိတ်မကောင်းဖြစ်နေမိသည်။ ခံစားချက်နှစ်ခုသည် တစ်ခုနှင့်တစ်ခု ရန်စောင်နေကြပြီး သူမလည်း စိတ်ရှုပ်လာရသည်။


သို့သော် ချန်းဟွမ်က အပြုံးမပျက်ဘဲ ဝတ်ကျေတန်းကျေသာ ပြောလိုက်သည်။


"သူ အရမ်းလိမ္မာပါတယ်…အခု သူ မူကြို တက်နေတယ်လေ…"


ရှန်းရှီ က အသိအမှတ်ပြုဟန်ဖြင့် ခေါင်းညိတ်ပြလိုက်ပြီး တစ်ဖန် တိတ်ဆိတ်သွားပြန်သည်။ခဏကြာမှ သူမ စကားစလိုက်သည်။


"အရင်တုန်းက ငါက သူ့ကို ဆိုးဆိူရွားရွားဆက်ဆံခဲ့တယ်လေ…"


ချန်းဟွမ် ဘာမှပြန်မပြောမိ။ 


"မင်းမှာ သူ့ဓာတ်ပုံရှိလား…"


ချန်းဟွမ်က ရှိကြောင်း ပြန်ဖြေလိုက်ပြီး သူမ ဖုန်းကို ထုတ်လိုက်ကာ ရှင်းရှင်း၏ သီသန့်ဓာတ်ပုံအယ်လ်ဘမ်ကို ဖွင့်လိုက်သည်။ ပြီးခဲ့သော 6 လအတွင်း သူမသည် ထိုအယ်လ်ဘမ်ထဲမှ ဓာတ်ပုံ ၁၀၀ ကို ဖျက်ပစ်ဖူးလေသည်။ ရှန်းရှီ သည် ဓာတ်ပုံများကို တစ်ပုံပြီး တစ်ပုံကြည့်နေသော်လည်း သူမမျက်နှာမှာ ကြည်နူးရိပ်တို့ ရှိမနေကြပေ။


သူမ ဓာတ်ပုံများ ကြည့်ပြီးသည်နှင့် ဖုန်းကို ချန်းဟွမ် ဆီ ပြန်ပေးလိုက်သည်။


"သူက ချစ်ဖို့ကောင်းပေမယ့် ငါမချစ်ဘူး…"


ချန်းဟွမ် သူမကို ဒေါသတကြီးကြည့်‌နေလိုက်သည်။ 


"ဘာလို့ လူကို စိုက်ကြည့်နေတာလဲ…သူ့ကိုကြည့်ရတာ ငါ ငယ်ငယ်တုန်းကလို သိပ်ရူးအ,တာပဲ…သူ့ကို မြင်လိုက်တိုင်း အဲ့အကြောင်း ပြန်တွေးမိပြီး စိတ်ဆင်းရဲရတယ်…အဲ့တော့ သူ့ကို ဘယ်လိုလုပ် ချစ်နိုင်မှာ‌လဲ…"


ရှန်းရှီ မတ်တပ်ထိရပ်ပြီး ချန်းဟွမ်အား ပြောလိုက်သည်။


"မင်းကြည့်ရတာ ကလေးချစ်တတ်မယ့်ပုံပဲ… ကောင်းပါတယ်… ဒီတော့ ငါလည်း အပြစ်ရှိတယ်လို့ မခံစားရတော့ဘူးပေါ့…ငါ သွားတော့မယ်… နေ့ခင်းကျရင် အတန်းတက်ရဦးမယ်…ကော်ဖီဖိုးကိုတော့ မင်းပဲ ရှင်းလိုက်တော့…"


ရှန်းရှီက ပိုက်ဆံအိတ်ကို ကောက်ကိုင်လိုက်ပြီး ထွက်သွားပြီးခါမှ ချန်းဟွမ်နား ပြန်လျှောက်လာပြန်သည်။


"အိုး ဟုတ်သားပဲ…မင်းရဲ့ ယောက္ခမက မင်းကို သိပ်သဘောတွေ့ပုံမရဘူးနော်…"


ချန်းဟွမ် က သူမကိုကြည့်ကာ ဘာမှမပြော။ရှန်းရှီ က ခေါင်းခါလိုက်ပြီး သူမ ပုခုံးကို ပုတ်လိုက်သည်။


"ကျွတ် ကျွတ် …ဩဇာကြီးမားတဲ့ မိသားစုကြီးမှာ ချွေးမဖြစ်ရတာလည်း မလွယ်ပါ့လားနော်…"


ဤတစ်ခေါက်တွင်တော့ ထိုသို့ပြောပြီးသည့်နောက် တစ်ကယ် ထွက်သွားလေသည်။


Xxxxxxx


Chapter 270


ရှန်းရှီ နှင့် ချန်းဟွမ် တို့ စကားများစွာ မပြောခဲ့ကြသော်လည်း ချန်းဟွမ် သူမထံမှ ကိစ္စတချို့ကို သိခွင့်ရခဲ့လေသည်။ အရေးကြီးဆုံးအချက်ဖြစ်သည့် ရှန်းရှီက ရှင်းရှင်းကို သူမဆီမှ လုမယူတော့သည်မှာ သေချာနေပြီ ဖြစ်သည်။ ယခု သူမသည် မူလချန်းဟွမ် ပြုလုပ်ခဲ့သော အမှားတို့ကို ရှက်ရွံ့မိပြီး ရှင်းရှင်းကိုလည်း သနားရသဖြင့် ကျောင်းကြိုသွားရာလမ်းတွင် အရုပ်များ ဝယ်ခဲ့လိုက်သည်။


ရှင်းရှင်း သည် ကားထဲရောက်သည်နှင့် အရုပ်များမှာ သူ့ဘေးတွင် ပြည့်သိပ်နေကြသဖြင့် အလွန်ဝမ်းသာသွားရလေသည်။သူက ချန်းဟွမ် ပါးကို ထပ်ခါထပ်ခါ နမ်းလိုက်ပြီး ပြောနေတော့သည်။


 "မေမေ့ကို အရမ်းချစ်တယ်…"


ချန်ဟွမ်ကလည်း သူ့ခေါင်းကလေးကို ပွတ်သပ်လိုက်သည်။


"မေမေကလည်း သားကို ချစ်တယ်နော်…"


သူမ စကားကိုခဏရပ်လိုက်ပြီး 


"သားကို အချစ်ဆုံးပဲ…"


 "ဖေဖေ့ထက် သားကို ပိုချစ်တာလား…" 


 "အဲ့ဒီလိုပါပဲ…"


" 'အဲ့ဒီလိုပါပဲ' ဆိုတာ ဘာကိုပြောတာလဲ…"


ရှင်းရှင်းမှာ ခါးပတ်ပတ်ထား၍ လှုပ်မရဖြစ်နေသော်လည်း နှုတ်ကမူ တရစပ်‌ပြောနေတော့သည်။


"သားတို့ ဆရာမက အချစ်ဆုံးတို့၊အကြိုက်ဆုံး တို့ဆိုတာ တစ်ယောက်ပဲ ရှိတယ် လို့ ပြောတယ်…"


"ဆရာမကလည်း ဘာလို့ဒီလိုမျိုးသင်ပေးရတာပါလိမ့်…"


ချန်းဟွမ် သည် မူကြိုအရွယ်ကလေးများကို လျှော့တွက်မရကြောင်း သိသွားရပြီး စကားလမ်းကြောင်း အမြန်လွှဲလိုက်သည်။


"ဖေဖေက သားအတွက် ဆရာမ ငှားပေးထားတယ်...သား ဆရာမကိုတွေ့ရင်  ယဉ်ယဥ် ကျေးကျေး ပြောလိုက်နော်…"


ချန်းဟွမ်သည် ကျန်းမင်ယွမ်၏ ရုံးခန်းသို့ ခဏခဏ လာဖူးသဖြင့် အများစုကလည်း သူမကို တရားဝင်ဇနီးသည်အဖြစ် သတ်မှတ်နေကြပြီ ဖြစ်သည်။ထို့ကြောင့် နီးစပ်သူ မိန်းမ အချို့ကလည်း သူမကို အိမ်လည်လာရန် ‌ဖိတ်နေကြသည်။


ချန်းဟွမ် က အစပိုင်းတွင် ငြင်းခဲ့သော်လည်း နောက်ပိုင်းတွင် သူမလည်း အားနာလာရသဖြင့် သူတို့အိမ်များသို့ နှစ်ခေါက်ခန့် လိုက်လည်ခဲ့လေသည်။ထိုမိန်းမများမှာ သူမတို့ သားသမီးများအကြောင်း ဝမ်းပန်းတသာ ပြောဆိုနေကြပြီး မိခင်တစ်ယောက်က သားဖြစ်သူသည် ဘာသာစကား နှစ်မျိုးသင်ယူနေကြောင်း ပြောလေသည်။ ကျန်တစ်ယောက်ကလည်း သမီးဖြစ်သူမှာ စန္ဒယား သင်တန်း အဆင့် ၁၀ စာမေးပွဲကို အောင်သွားပြီဟု ပြောလေသည်။


ချန်းဟွမ် လည်း သူတို့စကားကို ကြားပြီးနောက် ရှင်းရှင်း မှာ ကျောင်းစာပြင်ပ သင်တန်းများ မတက်နေသည်ကို ရုတ်တရက် သတိပြုမိသွားရသည်။ 


ရှင်းရှင်းသည် အထက်တန်းစား အဆင့်မြင့်မူကြိုကျောင်းတစ်ကျောင်းတွင် တက်နေပြီး ထိုကျောင်းရှိ ကလေးများအားလုံးသည် ငယ်စဉ်ကတည်းက နယ်ပယ်ပေါင်းစုံမှ သင်တန်းများကိုတက်ရောက်ကြသူများပင်။


 အကယ်၍ ရှင်းရှင်းမှာ ကျောင်းစာကိုသာ အာရုံစိုက်နေပြီး ကျောင်းပြင်ပ သင်တန်းများ မတက်ပါက သူငယ်ချင်းများကြားတွင် မျက်နှာငယ်သွားရနိုင်သည်။


ထို့ကြောင့် ချန်းဟွမ် နှင့် ကျန်းမင်ယွမ် တို့ ထိုအကြောင်းကို ဆွေးနွေးခဲ့ကြပြီး ရှင်းရှင်းအတွက် ဂီတဆရာတစ်ဦး ငှားရမ်းရန် ဆုံးဖြတ်ခဲ့သည်။


ဆရာမအသစ်သည် တရုတ်နိုင်ငံတွင် အတန်ငယ်ကျော်ကြားသော တယောဆရာမဖြစ်သည်။သူမ အမည်မှာ လုလော ဖြစ်ပြီး အသက် ၂၅ နှစ်သာ ရှိသေးသည်။ 


ကျန်းမင်ယွမ် ထိုဆရာမကို မည်သို့ ငှားရမ်းလာမှန်း ချန်းဟွမ်မသိထားပေ။


ကျန်းမင်ယွမ်သည် တစ်ညက ပွဲတစ်ခုကျင်းပခဲ့ပြီး တယောအဖွဲ့ကို ချီရှန်း ငှားရမ်းပေးခဲ့ခြင်း ဖြစ်သည်။ထို့ကြောင့် ရှင်းရှင်းကိုလည်း ထိုတယောဆရာမနှင့်ပင် သင်ကြားရန် ဆုံးဖြတ်လိုက်လေသည်။


ဆရာမက သူမကိုယ်သူမ မိတ်ဆက်လိုက်ပြီး ရှင်းရှင်း ကို အသစ်လုပ်ထားသော ဂီတခန်းထဲ ခေါ်သွားလေသည်။


ချန်းဟွမ် သည် ရှင်းရှင်း၏ ပထမဆုံးသင်ခန်းစာဖြစ်သောကြောင့် အနည်းငယ်စိုးရိမ်သွားမိသည်။သူမက သစ်သီးတစ်ပန်းကန်ကို ပြင်ဆင်လိုက်ပြီး အခန်းထဲမဝင်ခင် ၅ မိနစ်ခန့် အခန်းပြင်တွင် ရပ်နေမိလေသည်။ထို့နောက်  သူမ အခန်းထဲဝင်လာကာ ခုံတစ်ခုတွင် ဝင်ထိုင်နေပြီး အကဲခတ်နေလိုက်သည်။ ဆရာမသည် စေတနာပါပါ သင်ကြားနေပြီး ရှင်းရှင်း လည်း အာရုံစိုက်၍ သင်ယူနေလေ၏။ တယောဆရာမသည် ၂နာရီကြာ သင်ကြားပြီးနောက် ထရပ်လိုက်လေသည်။


ချန်းဟွမ် လည်းမတ်တပ်ရပ်လိုက်ပြီး မေးလိုက်သည်။


 "ဒီမှာ ညစာစားသွားပါလားဟင်…"


လုလော က သူမကို ယဉ်ကျေးစွာ ငြင်းဆိုလိုက်သဖြင့် ချန်းဟွမ် လည်း ထပ်မပြောတော့ဘဲ တံခါးဖွင့်ပေးလိုက်သည်။ တံခါးပိတ်ပြီးသည်နှင့် ချန်းဟွမ် က ရှင်းရှင်း ကို အခြေအနေဘယ်လိုရှိလဲ ဟု မေးလိုက်သည်။


"မေမေ အကုန်လုံး မမြင်လိုက်ဘူးလား…"


ရှင်းရှင်းက နှုတ်ခမ်းစူရင်း ရေအနည်းငယ်သောက်လိုက်ကာ ကားပေါ်မှ ကိစ္စကို စိတ်ဆိုးနေပုံရသည်။


 "မေမေက သား တယောတီးရတာကြိုက်ရဲ့လား လို့ မေးတာ…" 


ကလေးအတွက် အရည်အချင်း အနည်းငယ်ရှိရန် အရေးကြီးသော်လည်း ချန်းဟွမ် သည် ရှင်းရှင်း ၏ အတွေးအမြင်များကို အတတ်နိုင်ဆုံး တိုင်ပင်ချင်သေးသည်။ 


"ကြိုက်တယ် ထင်တာပဲ…"


ရှင်းရှင်း သည် နှစ်နာရီကြာ စာသင်ချိန်အတွင်း တယောနှင့် ထိရုံသာ ထိလိုက်ရသော်လည်း တယောထိုးခြင်းကို အနည်းငယ် စိတ်ဝင်စားရလေသည်။ 


ကလေးလေးက ဘောင်းဘီပေါ် လက်ကိုပွတ်သုတ်လိုက်ပြီး ပန်းကန်ထဲမှ စတော်ဘယ်ရီသီးကြီးကို ကောက်ကိုင်လိုက်ပြီး တစ်ဝက် ကိုက်စားလိုက်သည်။ သူက ဝါးစားနေရင်း နောက်ထပ် တစ်လုံးကို ယူပြီး ချန်းဟွမ်ကို ပေးလိုက်သည်။


 


"စားလို့ကောင်းလိုက်တာ…"


ချန်းဟွမ် စတော်ဘယ်ရီကို လှမ်းမယူလိုက်ပေ။


"အများကြီးမစားနဲ့နော်…ညစာစားချိန်နီးနေပြီ…" 


"အိုး…ဟုတ်သားပဲ…" 


ရှင်းရှင်း က ကျန်စတော်ဘယ်ရီသီးကို ကိုက်စားလိုက်ရင်း ပြောလိုက်သည်။


ကျန်းမင်ယွမ် အိမ်မှာမရှိသောကြောင့် သားအမိနှစ်ယောက်တည်း ညစာအတူစားရမည် ဖြစ်သည်။ရှင်းရှင်းက ‌ညစာမစားခင် သူ့ဘာသာသူ ရေချိုးလိုက်သည်။


က​လေး​လေးမှာ နှစ်​သစ်​‌ရောက်မှ ​တတ်သိနားလည်လာပြီး ယောက်ျားလေးများနှင့် မိန်းကလေးများမှာ မတူကြောင်း သိလာကာ အမေဖြစ်သူကို ရေချိုးမခိုင်းပေ။


သားဖြစ်သူ ရှက်နေသဖြင့် ချန်းဟွမ် လည်း ရေချိုးခန်းအပြင်ဘက်မှာ စောင့်နေပြီး ချော်လဲမည်ကို စိတ်ပူနေရသည်။


ကံကောင်းစွာနှင့် ရှင်းရှင်းမှာ သူ့ကိုယ်သူ ကောင်းကောင်း ရေချိုးနိုင်ခဲ့လေသည်။ ဆန့်ကျင်ဘက် လိင်ရှေ့တွင် သူရေမချိုးချင်သော်လည်း ‌ပုံပြင်ကိုမူ အတင်း ဖတ်ပြခိုင်းနေတော့သည်။


ချန်းဟွမ်လည်း ကုတင်ဘေးတွင်ထိုင်ကာ ပုံပြင်စာအုပ်ကို လက်ထဲတွင်ကိုင်ရင်း မနေ့ညက ဇာတ်လမ်းကို ဆက်ဖတ်ပြနေသည်။ ရှင်းရှင်း သည် ယနေ့မှ တက်ကြွနေပြီး တော်တော်နှင့် အိပ်မပျော်နိုင်သေး။ ချန်းဟွမ်က ဆင်နှင့်ကျီးကန်းမင်္ဂလာဆောင်သည့်အကြောင်း ဖတ်ပြလိုက်ရာ ရှင်းရှင်းက မေးလိုက်လေတော့သည်။


"မေမေ… ဖေဖေနဲ့ ဘယ်တော့ မင်္ဂလာဆောင်မှာလဲ…"


Xxxxxxx