အပိုင်း ၃၅၁
Viewers 1k

အခန်း (၃၅၁) - ညံ့ဖျင်းပြီး အယုံလွယ်သည့် လူမိုက်

 

လောဝေပင်းသည် အခွင့်ကောင်းယူခံလိုက်ရသည့် အမျိုးသားတစ်ယောက် ဖြစ်သည်။ အတိအကျပြောရလျှင် မူရင်းစာအုပ်တွင် အမျိုးသမီးဇာတ်လိုက် ဝမ်ကျင့်ဖျင်ကို လုံးဝ ဖက်တွယ်ထားနိုင်သည့် ဟောက်ရှောက်ဖုန်းမှလွဲ၍ ကျန်သည့် ဤတာယာအပိုလို အမျိုးသားများသည် အခြေခံအားဖြင့် အခွင့်ကောင်းယူခြင်း ခံခဲ့ရသည်။

 

ထိုလူများထဲတွင် သူ့ပြန်လမ်းကို ပြန်ရှာလာနိုင်ပြီး ဒုက္ခပင်လယ်ထဲမှ လွတ်မြောက်လာခဲ့သည့် နျဥ်ချီလွေ့လည်း ပါဝင်သည်။

 

ညံ့ဖျင်းပြီး အယုံလွယ်တဲ့ လူမိုက်လေးနျဥ်သည် နှာချေမိပြန်သည်၊ “ဟတ်ချိုး” ဘယ်သူကများ ငါ့အကြောင်း ထပ်ပြောနေပြန်တာလဲ။

 

သို့ရာတွင် လောဝေပင်းသည် အခြားသော အမျိုးသားဇာတ်ပို့များထက် သနားဖို့ ပိုကောင်းသည်။ သူသည် သာမန် အလုပ်သမား မိသားစုတွင် မွေးဖွားလာသူ ဖြစ်သည်။ သူ့ဖခင်သည် အလုပ်ချိန်တွင် ကံမကောင်းစွာ ကွယ်လွန်ခဲ့ပြီး သူ့မိခင်မှာ အမျိုးသား ဆုံးပါးသွားသဖြင့် အလွန်ဝမ်းနည်းကာ နာမကျန်း ဖြစ်ခဲ့သည်။

 

ထိုစဥ်က သူသည် သူ့ညီမလေးနှင့်သာ နေထိုင်ခဲ့ရသည်။ အဲဒီအချိန်တုန်းက သူက အသက်မပြည့်သေးသည့်အပြင် သူ့ညီမလေးကလည်း အရမ်းငယ်သေးသည်။ ထို့ကြောင့် သနားစရာကောင်းသော ကလေးနှစ်ဦးအတွက် ယာယီအုပ်ထိန်းသူတစ်ဦးကို ရှာဖွေရန် ဆုံးဖြတ်ခဲ့သည်။

 

သူတို့မိသားစုနဲ့ အဆွေခင်ပွန်းကောင်းတွေ ဖြစ်ခဲ့ဖူးတဲ့ ဆွေမျိုးသားချင်းတွေက သူ့မိဘတွေ ဆုံးပါးသွားတာကို မြင်တဲ့အခါ မျက်နှာတွေပြောင်းကုန်သည်။ သူတို့သည် သူတို့နှစ်ယောက်ကို ဝန်ထုပ်ဝန်ပိုးအဖြစ် ဆက်ဆံကာ ကန်ထုတ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ဘူး။

 

လောဝေပင်းသည် သူ့ညီမလေးကို အကာအကွယ်ပေးခဲ့ပြီး ငယ်ရွယ်စဥ်ကပင် လူမှုဆက်ဆံရေး၏ သဘောသဘာဝကို မြည်းစမ်းခဲ့ဖူးသည်။ သူ့ညီမလေးကို ထောက်ပံ့ရန်အတွက် အထက်တန်း ဆက်မတက်တော့ဘဲ ကျောင်းနားခဲ့သည်။ နောက်ပိုင်းတွင် ဘားတစ်ခုမှာ ကြယ်ပွင့်ရှာဖွေတစ်ဦးနှင့် တွေ့ဆုံခဲ့ပြီးနောက် ဖျော်ဖြေရေးနယ်ပယ်ထဲသို့ ခြေချနိုင်ခဲ့သည်။

 

သူ့မှာ နောက်ခံလည်း မရှိသလို အတတ်ပညာလည်း မရှိပေမယ့် သူ့ရဲ့ ဇွဲရှိရှိကြိုးစားမှုကြောင့် နှစ်အနည်းငယ်အတွင်း ဖျော်ဖြေရေးနယ်ပယ်တွင် ထိပ်တန်းသို့ ရောက်ရှိလာခဲ့ပြီး အကောင်းဆုံးသရုပ်ဆောင်ဆုကို ရရှိခဲ့သည်။ သူသည် နာမည်ကြီး နှစ်ထပ်ကွမ်း မင်းသားတစ်ဦးဖြစ်သည်။ သူ အရမ်းကြိုးစားအားထုတ်ခဲ့တာ သိသာထင်ရှားပါသည်။

 

သို့ရာတွင် မောင်နှမနှစ်ယောက်၏ ဘဝသည် ပိုမိုကောင်းမွန်လာပြီး အနာဂတ်အတွက် မျှော်လင့်ချက်များ ရှိလာချိန်တွင် လောဝေပင်း၏ ညီမသည် ရုတ်တရတ် နှလုံးရောဂါရှိနေကြောင်း တွေ့ရှိခဲ့ရသည်။

 

ကုသမှုအတွက် ငွေအမြောက်အများသုံးစွဲပြီးသည့်တိုင် အခြေအနေက ဆက်လက်ဆိုးရွားလာခဲ့သည်။

 

မူရင်းစာအုပ်တွင် ဝမ်ကျင့်ဖျင်သည် ပုဇွန်နှင့် ဓာတ်မတည့်မှုကြောင့် ဟောက်ရှောက်ဖုန်းနှင့် ဆေးရုံသို့ သွားစဥ် လောဝေပင်း၏ ညီမနှင့် တွေ့ဆုံခဲ့သည်။

 

ဝမ်ကျင့်ဖျင်သည် လောဝေပင်း၏ ညီမလက်တွင် ပတ်ထားသော နာရီက စျေးကြီးတာကို ချက်ချင်း သတိပြုမိခဲ့သည်။ ဒီကလေးမက ချမ်းသာတဲ့ မိသားစုကနေ လာတယ်လို့ ထင်တဲ့အတွက် သူမသည် ဒီကလေးမလေးနှင့် မိတ်ဆွေဖွဲ့ချင်ခဲ့သည်။

 

လောဝေပင်း၏ ညီမလေးသည် ထိုအချိန်က ဆယ့်တစ်နှစ် သို့မဟုတ် ဆယ့်နှစ်နှစ်သာရှိသေးပြီး သူမ ကြီးပြင်းလာသည့်တစ်လျှောက်လုံး လောဝေပင်း၏ အမြဲကာကွယ်ပေးခြင်းကို ခံခဲ့ရသည့်အတွက် သူမသည် အလွန်အပြစ်ကင်းစင်သည်။

 

ဝမ်ကျင့်ဖျင်သည် သူမ၏ ယုံကြည်မှုကို လျင်မြန်စွာရရှိခဲ့ပြီး လောဝေပင်းနှင့် မိတ်ဆွေဖွဲ့ရန် သူမအား အားကိုးခဲ့သည်။

 

လောဝေပင်းသည် သူ့ညီမက ဒီမိန်းကလေးကို အလွန်သဘောကျသည်ကို မြင်လိုက်ရသောကြောင့် ဝမ်ကျင့်ဖျင်ကို ထုတ်လုပ်ရေးအဖွဲ့များစွာနှင့် မိတ်ဆက်ပေးခဲ့ကာ သူမကို အောင်မြင်စွာ လူကြိုက်များစေခဲ့သည်။

 

လောဝေပင်းသည် ဝမ်ကျင့်ဖျင်၏ ဖျော်ဖြေရေးနယ်ပယ်တွင် လျင်မြန်စွာ အောင်မြင်မှုရရှိစေရန် များစွာ အထောက်အကူပြုခဲ့သည်ဟု ဆိုနိုင်သည်။

 

လောဝေပင်းသည် သူ၏ ကြင်နာမှုက သူနှင့် သူ့ညီမလေးအတွက် သေဒဏ်ချမှတ်ခံရလိမ့်မည်ဟု မမျှော်လင့်ထားမိသည်မှာ သနားစရာပင်။

 

ဝမ်ကျင့်ဖျင်သည် လျင်မြန်စွာ လူကြိုက်များလာပြီးနောက် လောဝေပင်းက သူမကို ကျောထောက်နောက်ခံပြုပေးခဲ့ခြင်းကြောင့် ဝမ်ကျင့်ဖျင်၏ ကုမ္ပဏီသည် ဝမ်ကျင့်ဖျင်ကို လူသိများလာစေရန် ကူညီပေးဖို့အတွက် လော့ဝေပင်းကို အကူအညီ‌တောင်းရန် တောင်းဆိုခဲ့သည်။

 

ဟုတ်တာပေါ့၊ ဟောက်ရှောက်ဖုန်းကို ဒီကိစ္စ ဖုံးကွယ်ထားလို့ မရပါဘူး။ သူ့ရည်းစားကောင်မလေးက တခြားအမျိုးသားတစ်ယောက်နဲ့ တီဗီမျက်နှာပြင်ပေါ်မှာ ပရောပရည်လုပ်နေတာကို သူ့လို သံမဏိလို အဖြောင့်တစ်ယောက်အတွက် ဖောက်ပြန်နေသည့် အပြုအမူမျိုးကို ဘယ်လိုကြည့်နေနိုင်မှာလဲ။

 

မူရင်းစာအုပ်တွင် ဟောက်‌ရှောက်ဖုန်းသည် ဟောက်မိသားစုမှ ထုတ်ပယ်ခံရခြင်းလိုမျိုး ရှက်ဖွယ်ကောင်းသော အခြေအနေမျိုးကို တစ်ခါမျှ မကြုံဖူးပါ။ သူသည် ဟောက်မိသားစု၏ တရားဝင် အမွေဆက်ခံသူဖြစ်သည်။ တစ်စုံတစ်ဦးကို ထောက်ပံ့ပေးရန် မလွယ်ကူသော်လည်း တစ်စုံတစ်ဦးကို ဖျက်ဆီးရန် ခက်ခဲနိုင်မည်လား။

 

ဟောက်ရှောက်ဖုန်းသည် မနာလိုဖြစ်သောကြောင့် လောဝေပင်း၏ ဆွေမျိုးများကို ရှာဖွေတွေ့ရှိခဲ့ပြီး လောဝေပင်းနှင့် ယခင်က လက်တွဲလုပ်ဆောင်ခဲ့သည့် သရုပ်ဆောင်များစွာကို လာဘ်ထိုးကာ လုပ်ကြံဇာတ် ဖန်တီးပြီး မီဒီယာများဖြင့် ပွဲဆူအောင် လုပ်ခဲ့သည်။

 

ရက်အနည်းငယ်အတွင်း လောဝေပင်းသည် နာမည်ဆိုးဖြင့် ကျော်ကြားလာခဲ့သည်။ သူသည် ကျေးဇူးကန်းတတ်သော၊ မင်းသမီးတွေနဲ့ အတူအိပ်စက်ခြင်း အစရှိသော အရှုပ်တော်ပုံများစွာကြောင့် နာမည်ကြီး အကောင်းဆုံးမင်းသားတစ်ဦးအဖြစ်မှ လျင်မြန်စွာ ကျဆင်းသွားခဲ့ပြီး လမ်းပေါ်မှ ကြွက်တစ်ကောင်လို ဖြစ်လာခဲ့သည်။

 

သို့ရာတွင် ဝမ်ကျင့်ဖျင်က သူ့ကို ဖုန်းခေါ်ပြီး ညင်သာသော အသံလေးဖြင့် နှစ်သိမ့်ပေးခဲ့သည်။ သူမသည် သူနှင့် ပတ်သက်သည့် ထင်မြင်ချက်များကို လူသိရှင်ကြားထုတ်ဖော်ပြောဖို့ ငြင်းဆိုခဲ့ပြီး လောဝေပင်းအကြောင်း မီဒီယာက မေးတဲ့အခါ မျက်ရည်ပဲ ကျနေခဲ့သည်။