အခန်း (၃၅၃) - အိမ်တို့ ဦးတည်ခြင်း
ယဲ့ချီလျန့်သည် သိပ်မကြာခင်မှာပင်
စုယန်ယန်အား သူတို့ကို သင်ကြားပေးရန် စနေနေ့ မနက်နဲ့ တနင်္ဂနွေနေ့ နေ့လည်တွေမှာ စာသင်ပေးဖို့
ယာယီစီစဥ်ထားကြောင်း သတင်းအမြန်ပြန်ပို့ခဲ့ပါသည်။
အချိန်စာရင်းကို ဖြေရှင်းပြီးသည်နှင့်
အခကြေးငွေကိစ္စသာ ကျန်ရှိတော့သည်။
အစားထိုးဆရာများပင်လျှင် သူတို့၏
လစာနှင့် ကုန်ကျစရိတ်များ ရရှိသည်။ အထူးဖိတ်ကြားခံရသည့် စုယန်ယန်ကဲ့သို့သော လူမျိုးအတွက်မူ
သူမကို အစားထိုးဆရာမတစ်ဦးအဖြစ် မဆက်ဆံနိုင်ခဲ့သည်မှာ သိသာထင်ရှားပါသည်။
တကယ်တော့ ယဲ့ချီလျန့်က စုယန်ယန်ကို
သူ့ကိုယ်ပိုင်စံနှုန်းများအတိုင်း ပေးဆောင်ခဲ့လျှင်ပင် သူ့ကျောင်းသားတွေကို သင်ကြားပို့ချပေးမည့်
အသိပညာတန်ဖိုး၏ အစွန်အဖျားလောက်ရဲ့ တန်ဖိုးကိုပင် ရှိလိမ့်မည်မဟုတ်ဟု ခံစားခဲ့မိသည်။
စုယန်ယန်က ယဲ့ချီလျန့်တစ်ယောက်
ပြောရခက်နေတာကို သတိပြုမိသောကြောင့် သူမကပင် အရင်ဦးဆုံး စပြောပေးခဲ့သည်။ “အခကြေးငွေနဲ့
ပတ်သက်ပြီး အဖိုးတို့ကျောင်းက အစားထိုးဆရာမတွေကို ပေးတဲ့အတိုင်းပဲ ပေးပါ။”
“ဒါက ဘယ်လိုဖြစ်နိုင်ပါ့မလဲ။”
“အဲဒါနဲ့ ပတ်သက်ပြီး ဘာမှ မမှားပါဘူး။
ကျွန်မက တကယ့်ဆရာတစ်ယောက် မဟုတ်ဘူးလေ၊ ကျွန်မက ဆရာမအဖြစ် အချိန်အကြာကြီး လုပ်မယ်လို့
မစီစဥ်ထားပါဘူး။”
အဲဒီနေ့မှာ ယဲ့ချီလျန့်က သူ့လို
ဆရာတွေ ဆရာမတွေပါ တက်ခွင့်ရမလားလို့ မေးမြန်းခဲ့သောကြောင့် စုယန်ယန်က ထိုအကြောင်းကို
စဥ်းစားခဲ့သည်။ နောက်ဆုံးမှာတော့ သူမသည် တကယ့်ဆရာမတစ်ယောက် မဟုတ်သောကြောင့် ဒီဆရာအိုကြီးတွေလောက်
သင်ကြားပြသခြင်းဆိုင်ရာ အတွေ့အကြုံ မရှိသည်မှာ သေချာပါသည်။
သူမသည် ဤလူများကို သင်ကြားပို့ချပေးပြီးနောက်
သူတို့သည် အခြားသူများကို အခြေခံအသိပညာများ ကိုယ်တိုင်ကိုယ်ကျ ပြန်လည်သင်ကြားပေးနိုင်ကြမည်ဖြစ်သည်။
“ဒ့ါအပြင် အဖိုးတို့တွေက ကျွန်မကို
ဒီအထူးဆေးကုသခွင့်လိုင်စင်ရအောင် ကူညီပေးခဲ့တာကတင် ကျွန်မအတွက် အရမ်းကျေးဇူးတင်ဖို့
ကောင်းနေပါပြီ။”
စုယန်ယန်ရဲ့ ဆေးကုသနည်းက အခြား
ဆေးဘက်ဆိုင်ရာ ကုသနည်းတွေနဲ့ မတူပါဘူး။ သာမန်ဆေးကုသခွင့်လိုင်စင်ကို မရနိုင်သည့်အတွက်
ယဲ့ချီလျန့်ကပဲ အထူးဆေးကုသခွင့်လိုင်စင် ရရှိအောင် ကူညီပေးခဲ့သူဖြစ်သည်။
ယဲ့ချီလျန့်သည် သူမရဲ့ ပြောစကားများကို
ကြားသောအခါ အနည်းငယ် အပြစ်ရှိသလို ခံစားသွားခဲ့ရသည်။ စုယန်ယန်သည်လည်း ဒါကို သတိပြုမိကာ
ခပ်ဖျော့ဖျော့ ပြုံးပြီး စကားဆိုလိုက်သည်။ “အဖိုး စိတ်ထဲမှာ အရမ်း ဝန်ထုပ်ဝန်ပိုးဖြစ်နေဖို့
မလိုပါဘူး၊ ဒီအရာတွေက ကျွန်မလက်ဝယ်မှာရှိလို့ ကျွန်မ ပြန်သင်ပေးဖို့ကို သဘောတူခဲ့တာပါ။
ကျွန်မက တခြားသူတွေကို မသင်ကြားပေးခဲ့ဖူးဆိုရင် အရင်အရာတွေလိုပဲ နောင်အနှစ်တစ်ရာအတွင်းမှာ
ဒီအသိပညာတွေက ပြန်ဆုံးရှုံးသွားလိမ့်မယ်။ ဒီအရာတွေကို သင်ယူလိုစိတ်ရှိတာက ကောင်းပါတယ်၊
ဒါပေမယ့် အဆုံးမှာ သူတို့သင်ယူရရှိတဲ့အရာက သူတို့ကိုယ်သူတို့အပေါ်မှာပဲ မူတည်လိမ့်မယ်။”
“ဒါပေါ့။”
“ဒါနဲ့ စကားမစပ်၊ ဒီတစ်ပတ်မှာတော့
ကျွန်မ ခင်ပွန်းသည်နဲ့အတူ အိမ်ပြန်ရမယ်။ ဒီအတန်းကို နောက်အပတ်ကနေ စသင်ပေးမယ်ရှင့်။
ကျောင်းသားတွေကို စီစဥ်ပေးဖို့ အဖိုးတို့မှာ အချိန်ရတာပေါ့။”
“ကောင်းပြီ၊ ကောင်းပြီ။”
စုယန်ယန်သည် ဟောက်ချန်ဟွမ်းနှင့်
အတူတူ အိမ်ပြန်လာကြမယ်လို့ အစောပိုင်းမှာ အိမ်ကို လှမ်းအကြောင်းကြားခဲ့ဖူးပါသည်။ သူမတို့ကို
မိသားစုဝင်တွေ အကြာကြီး မစောင့်ဆိုင်းစေဖို့အတွက် မနက်အစောကြီး ထလာခဲ့ကြသည်။
ချိန်ရှုချင်သည် မနက်စောစော
မီးဖိုချောင်ထဲ လှည့်ပတ်ကြည့်ရှုနေသည်။ သူမသည် ချင်ရွယ်ရူနှင့်အတူ အန်တီလီ ချက်ပြုတ်နေသည်ကို
ကြည့်ရှုနေခဲ့ကြသည်။
မစ်စတာလုသည် မီးဖိုချောင်တံခါးဝမှာ
ရပ်နေရင်း ဟိုဟိုဒီဒီ ညွှန်ကြားနေတဲ့ သူ့ဇနီးသည်ကို ကြည့်ပြီး အနည်းငယ် မျက်မှောင်ကြုတ်နေခဲ့သည်။
“ယန်ယန် အိမ်ပြန်လာတာပဲ မဟုတ်လား။ ယန်ယန်က သူ့အိမ် သူပြန်လာတာပဲလေ။ ဒီလို မလိုအပ်ဘဲ
ရေးကြီးခွင်ကျယ်လုပ်နေဖို့ လိုလို့လား။ အပြင်လူတွေမြင်ရင် သူမ လက်ထပ်ပြီးတဲ့ အိမ်ကို
ပြန်မလာတော့ဘူးလို့ ထင်ကုန်ကြလိမ့်မယ်။”
စုယုရွှမ်က ချဥ်စူးနေသောအသံဖြင့်
“ဟုတ်ပါ့၊ ကျွန်တော်တို့ ဒီအကြောင်းကို ပြောကြရအောင်၊ ကျွန်တော်တို့ ခြံအပေါက်ဝကို
မပိတ်ရသေးဘူး၊ ကျွန်တော်တို့ ပိတ်ထားသင့်လား။ ကျွန်တော်တို့ ပြဿနာ နည်းနည်းလောက် ရှာလိုက်သင့်လား။”
ချိန်ရှုချင်က သူ့ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး
နှာခေါင်းတစ်ချက်ရှုံ့ကာ ဤသို့ ပြောလိုက်ပါသည်။ “နင့်စိတ်ထဲမှာ ဘာတွေ တွေးနေလဲဆိုတာ
ငါမသိဘူးလို့ မထင်နဲ့။ နင်က ငါ့ကို ပြဿနာရှာဖို့ ပြောနေတာလား။ မနေ့ညက ငါ အရမ်းစိတ်လှုပ်ရှားပြီး
အိပ်မပျော်ခဲ့ဘူးလေ။ ငါ သန့်စင်ခန်းသွားဖို့လုပ်တုန်း အောက်ထပ်ကို ထွက်ကျတော့မလိုတောင်
ဖြစ်သွားသေးတယ်။ ငါ ဘယ်သူ့ကြောင်းများ တုန်လှုပ်သွားခဲ့ရပါလိမ့်။”
“အဟွတ်၊ အဟွတ်၊ အဟွတ်…” စုယုရွှမ်က
အပြစ်ရှိသောမျက်နှာဖြင့် မျက်နှာလွှဲသွားကာ ချောင်းဆိုးခဲ့သည်။
မစ်စတာစုက သူ့ကို အထင်သေးတဲ့အကြည့်ဖြင့်
ကြည့်လိုက်သည်။ ဒီကောင်လေးက အရမ်းကို အတွေ့အကြုံနည်းပါးလွန်းတယ်။ အရေးကြီး အခိုက်အတန့်မှာ
သူက ဘောလုံးကို ဘယ်နေရာကို ပို့ပေးရမှန်းတောင်မသိဘူး။
ဒါကိုမြင်တော့ ချိန်ရှုချင်က
နှာခေါင်းရှုံ့လိုက်သည်။ “ရှင် ဘာကြည့်နေတာလဲ။ ရှင်လည်း အတူတူပဲ။ ရှင်က သတင်းစာကိုတောင်မှ
ဇောက်ထိုးတွေ ဖတ်နေတာလေ။ ရှင်က ကျွန်မ မျက်စိမှုန်ပြီး မတွေ့ဘူးလို့ ထင်နေတာလား။”
မစ်စတာစုတစ်ယောက် လုံးဝ တိတ်ဆိတ်ငြိမ်သက်သွားသည်။