အခန်း (၃၅၅) - ချဥ်ရင် သား၊
စပ်ရင် သမီးပဲ
“နင် ဘာလုပ်နေတယ်ဆိုတာ နင်သိရင်ကောင်းတယ်။
အဖေနဲ့ အမေက အမေ့သမီးလေး အလုပ်တွေ အများကြီး လုပ်နိုင်ဖို့ ဒါမှမဟုတ် ပိုက်ဆံတွေ အများကြီး
ရှာနိုင်ဖို့ မမျှော်ဘူး။ အမေ့သမီးလေး ဘေးကင်းပြီး ကျန်းမာပျော်ရွှင်တဲ့ဘဝမျိုးမှာ
နေထိုင်နိုင်ဖို့ကိုပဲ မျှော်လင့်တယ်။ အမေတို့လိုချင်တာ ဒါအကုန်ပါပဲ။ ကိုယ့်ကိုယ်ကို
အပင်ပန်းမခံနဲ့။ ငါတို့မိသားစုနှစ်စုက မင်းကို... ပြုစုပျိုးထောင်ဖို့ မတတ်နိုင်ဘဲနေပါ့မလား။”
ချိန်ရှုချင်က ‘ငါတို့မိသားစု’
လို့ပြောချင်ပေမယ့် စုယန်ယန်က အိမ်ထောင်ကျပြီး အခုဆို ဟောက်မိသားစုရဲ့ မိသားစုတစ်စိတ်တစ်ပိုင်း
ဖြစ်နေပြီဆိုတာကို အမှတ်ရတော့ သူမက ‘ငါတို့မိသားစုနှစ်စု’ လို့ ပြောင်းပြောခဲ့သည်။
“သမီး သိပါတယ်” စုယန်ယန်က သူ့အမေ
စကားစ ခဏရပ်သွားတာကို သတိပြုမိလိုက်ပြီး ပြုံးပြုံးလေး ချွဲပြောလိုက်သည်။ “သူလည်း အရင်က
ဒီလိုပြောဖူးတယ်။ သမီး ဒီရက်ပိုင်းမှာ ဒီစကားတွေကိုပဲ မရေမတွက်နိုင်အောင် ကြားနေရတယ်။”
စုယန်ယန်သည် ဟောက်ချန်ဟွမ်းက
သူမရဲ့ ကျန်းမာရေးကို စိုးရိမ်ပူပန်ပြီး အရမ်းအပင်ပန်းမခံစေချင်ကြောင်း ပြောတာကို သူမ ကြားလိုက်ရတဲ့အခါ ချိန်ရှုချင်၏ မျက်နှာအမူအရာက
ပိုကောင်းလာခဲ့သည်။ သူမက နှာခေါင်းရှုံ့ပြီး “ငါတို့ နင့်ကို ဂရုစိုက်တာကို နင်က မပျော်ဘူးပေါ့လေ။
ငါတို့ နင့်ကို အရမ်းအလိုလိုက်ထားမိပြီ။”
“ကောင်းပြီ၊ ကောင်းပြီ။ ယန်ယန်က
ချန်ဟွမ်းကို အထူးတလည် ထမင်းစားဖို့ အိမ်ပြန်ခေါ်လာခဲ့တယ်ဆိုတော့ ငါတို့ နောက်မှ စကားဆက်ပြောကြရအောင်။
ထမင်း အရင်စားကြစို့။” ချင်ရွယ်ရူသည် သူတို့စကားပြောလုနီးပါးဖြစ်နေသည်ကို မြင်လိုက်ရသဖြင့်
ကိစ္စတွေကို မြန်မြန်ဆန်ဆန် ပြီးမြောက်စေဖို့ လျင်မြန်စွာ ရှေ့တိုးလာခဲ့သည်။
သူမ စကားပြောတာကိုမြင်တော့ စုယန်ယန်က
သူမဆီ အလျင်အမြန် ပြေးသွားလိုက်ပြီး ပြုံးရယ်ကာ စကားပြောဆိုခဲ့သည်။ “အန်တီလေး၊ အခုတလော
ဘယ်လိုနေလဲ။ အန်တီလေးဆီ အချိန်မှန် ပို့ပေးခိုင်းတဲ့ စားသောက်ဆိုင်က ဆေးဖက်ဝင်ဟင်းလျာတွေကို
အကုန်စားရဲ့လား။”
ချင်ရွယ်ရူရဲ့ ဗိုက်ထဲက ကလေးလေးဟာ
သုံးလကျော်ပဲရှိသေးတော့ ဗိုက်က သိပ်မသိသာသေးပေမယ့် မနက်ခင်းဝေဒနာတွေကို ခံစားရသည့်
လက္ခဏာက သိသိသာသာကို ပြသလာခဲ့သည်။
ချင်ရွယ်ရူသည် စုယန်ယန်ရဲ့ လက်လေးကို
ဆုပ်ကိုင်ရင်း ပြုံးလိုက်သည်။ “အင်း အင်း၊ အန်တီလေး စားပါတယ်၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်ခန့်က
အန်တီလေး မနက်ခင်းဝေဒနာတွေ ခံစားရပြီး မသက်မသာဖြစ်နေတာလေ။ သမီးရဲ့ ဆေးဖက်ဝင်ဟင်းလျာဆိုင်က
ပို့ပေးတဲ့ ဆေးဖက်ဝင်ဟင်းလျာတွေရဲ့ ကျေးဇူးကြောင့် အန်တီလေး အခုဆို ပိုကောင်းလာတယ်လို့
ခံစားရတယ်။”
ချင်ရွယ်ရူသည် စုယန်ယန်ကို လက်ဆွဲရင်း
ထမင်းစားစားပွဲမှာ ထိုင်ခိုင်းလိုက်သည်။ မစ်စတာစုနှင့် ကျန်သူများသည်လည်း ထိုင်ခုံ
အသီးသီးမှာ ဝင်ထိုင်ခဲ့ကြသည်။ ချိန်ရှုချင်သည် သူတို့ ပြင်ဆင်ထားတဲ့ ဟင်းပွဲတွေကို
ချခိုင်းဖို့ မီးဖိုချောင်လေးထဲ ဝင်သွားခဲ့သည်။
ဟောက်ချန်ဟွမ်းသည် စုယန်ယန်တစ်ယောက်
သူမရဲ့ မိသားစုဝင်တွေနှင့် စကားကောင်းနေသည့် စုယန်ယန်ကို ကြည့်ပြီး ပြုံးလိုက်မိသည်။
သူက သူ့ရဲ့ ဘီးတပ်ကုလားထိုင်ကို တွန်းပြီး သူမရဲ့ ဘေးထိုင်နားမှာ ဝင်ထိုင်လိုက်သည်။
စုယန်ယန်က အိမ်မပြန်ဖြစ်ပေမယ့်
ရှားပါးတဲ့ ပါဝင်ပစ္စည်းတွေ အများကြီးကို တစ်ခုပြီးတစ်ခု အိမ်ကို ပြန်ပို့ပေးခဲ့ပါသည်။
အန်တီလီသည် စုယန်ယန်ထံမှ အချိန်အနည်းငယ်ခန့် သင်ယူခဲ့ပြီး နောက်ပိုင်းမှာ စုယန်ယန်၏
တိုက်ရိုက်ထုတ်လွှင့်မှုတွေကို အကြိမ်အနည်းငယ်ခန့်ပင် ကြည့်ရှုခဲ့ပါသည်။
ထို့ကြောင့် သူမ၏ လက်ရာဟာ စုယန်ယန်၏
ဟင်းချက်လက်ရာလောက် စားမကောင်းပေမယ့် အရင်ကထက်စာရင် အများကြီး ပိုကောင်းလာခဲ့ပါသည်။
အရမ်းကြီး အရေးတကြီးကိစ္စမရှိရင်၊
အချိန်ပိုအလုပ်လုပ်စရာမရှိရင် စုမိသားစုဟာ ညစာစားဖို့ အချိန်မှန် အိမ်ပြန်ကြပါသည်။
ဒီနေ့ မိသားစုဝင်တွေ အများကြီးရှိနေတာကြောင့် အန်တီလီသည် ဟင်းပွဲတွေ
အများကြီး ချက်ပြုတ်ပေးခဲ့ရုံသာမက အရသာမျိုးစုံလည်း ကြွယ်ဝပါသည်။ သို့သော် ဟင်းပွဲအများစုမှာ
ဟင်းသီးဟင်းရွက်ချဥ်များနှင့် အစပ်ဟင်းလျာများ ဖြစ်ပါသည်။
စုယန်ယန်သည် ချင်ရွယ်ရူရဲ့ ဘေးနားမှာ
ထိုင်ကာ ဟင်းသီးဟင်းရွက်ချဥ်များကို မကြာခဏ လမ်းလှမ်းယူနေသည့် ချင်ရွယ်ရူရဲ့ ထမင်းစားတူများကို
ကြည့်နေခဲ့သည်။ ကြာတော့ စုယန်ယန်တစ်ယောက် ရယ်ချင်စိတ်ကို မထိန်းထားနိုင်တော့ပေ။ “ကိုယ်ဝန်ဆောင်တဲ့အချိန်
အချဥ်ကြိုက်တဲ့
အမျိုးသမီးတွေက
သားယောကျာ်းလေး ကိုယ်ဝန်ဆောင်ထားရပြီး အစပ်ကြိုက်တဲ့ အမျိုးသမီးတွေက သမီးမိန်းကလေး
ကိုယ်ဝန်ဆောင်ထားရတယ်လို့ လူတိုင်းပြောကြတယ်။ အန်တီလေးရဲ့ ကလေးကတော့ သေချာပေါက် ဖက်တီးကောင်လေး
ဖြစ်နိုင်တယ်။”
ချိန်ရှုချင်သည် စုယန်ယန်ပြောတာကို ကြားသောအခါ သူမသည်လည်း ရယ်မောမိသည်။
“ငါလည်း အဲ့လိုပဲထင်တယ်။ ရွယ်ရူက မကြာသေးမီကမှ အချဥ်တွေ စားရတာ ကြိုက်လာတယ်။ သူမ ဖက်တီးကောင်လေးကို
လွယ်ထားရတာ ဖြစ်လိမ့်မယ်။”
ချင်ရွယ်ရူသည် အနည်းငယ် ရှက်သွားပြီး
ဘာမှ ပြန်မပြောဘဲ ပြုံးလိုက်မိသည်။
“အန်တီလေးနဲ့ ဦးငယ်လေးတို့ သားလိုချင်လား
သမီးလိုချင်လားလို့ ဆွေးနွေးဖြစ်လား။”
ချင်ရွယ်ရူသည် အနည်းငယ် ရှက်ရွံ့စွာ
ပြုံးလိုက်ပြီး ပြောခဲ့ပါသည်၊ “နင့်ဦးငယ်လေးကတော့ သားရရ သမီးရရ ကောင်းတယ်လို့ ပြောတယ်။”
“အန်တီလေးကရော ဘာလိုချင်လဲ။
သားလိုချင်လား သမီးလိုချင်လား။”
ချင်ရွယ်ရူသည် တိုးသဲ့ညင်သာစွာ
ပြန်မဖြေခင် တစ်ခဏတာမျှ တိတ်ဆိတ်သွားခဲ့သည်၊ “ငါလည်း သားဖြစ်ဖြစ် သမီးဖြစ်ဖြစ် အရေးမကြီးဘူးလို့ထင်တယ်။
နှစ်ခုစလုံး ကောင်းပါတယ်။”
သူ့ကိုယ်သူ ဘယ်တော့မှ ကလေးမရနိုင်ဘူးလို့
ထင်တဲ့သူတစ်ယောက်အတွက် ကလေးရလားခြင်းဟာ ကောင်းချီးတစ်ခုလို ဖြစ်နေပါပြီ။ သားယောကျာ်းလေးလား
သမီးမိန်းကလေးလား ဘာဖြစ်လို့ ဂရုစိုက်ဖို့ လိုနေဦးမှာလဲ။
ဒါကိုတွေးပြီး ချင်ရွယ်ရူသည်
စုယန်ယန်ကို တစ်ချက်ကြည့်ပြီး ဖျတ်ခနဲ ပြုံးလိုက်မိသည်။ “ဒါပေမယ့် ငါတကယ်ပြောရမယ်ဆိုရင်
ငါ ယန်ယန့်လို နာခံမှုရှိပြီး ဉာဏ်ကောင်းတဲ့ သမီးလေးမျိုးကို ပိုလိုချင်မိတယ်။”