အခန်း (၃၅၆) – ထမင်းစားပွဲ၌ ချစ်ခင်မှုကို ယှဥ်ပြိုင်ခြင်း
ချင်ရွယ်ရူ၏ စကားလုံးများကြောင့်
နေရာရှိလူတိုင်း ကြက်သေ သေကုန်ကြသည်။
မထင်မှတ်ပဲ တိတ်ဆိတ်မှုကို ပထမဆုံး
ဖြိုခွင်းခဲ့တဲ့သူက မစ်စတာစုပါ။
သူက သူ့သားကို မော့ကြည့်လိုက်ပြီးနောက်
သူ့ရဲ့ အဖိုးတန်သမီးလေးကို ပြန်ကြည့်လိုက်သည်။ ထို့နောက် သူက လေးနက်စွာ ခေါင်းညိတ်ပြပြီး
“ဟုတ်တယ်၊ သမီးမိန်းကလေးက အကောင်းဆုံးပဲ။”
လဲလျောင်းနေချိန်မှာတောင် စက်ကွင်းမလွတ်တဲ့
စုယုရွှမ်၊ “...” မဟုတ်သေးဘူးလေ၊ အဖေ သမီးမိန်းကလေးအကြောင်း ပြောရင်လည်း ဒီအတိုင်းပဲ
ပြောလိုက်ပါလား။ ဘာဖြစ်လို့ ကျွန်တော့်ကို လှမ်းကြည့်ဖို့လိုနေရတာလဲ။ အဖေ့မျက်လုံးထဲက
ရွံရှာနေတဲ့ အရိပ်အယောင်တွေကို ကျွန်တော် မမြင်ဖူးလို့များ ထင်နေတာလား။
ချိန်ရှုချင်သည် မစ်စတာစုရဲ့
ပြောစကားကို ကြားတဲ့အခါ ခေါင်းညိတ်ထောက်ခံခဲ့သည်။ “မိန်းကလေးတွေက အကောင်းဆုံးပဲ။ နင်
သူမကို ဂါဝန်လှလှလေးတွေ ဝတ်ဆင်ပေးနိုင်သလို ဆံပင်ပုံစံ လှလှလေးတွေလည်း လုပ်ပေးလို့ရတယ်။
ဒါ့အပြင်၊ နင် သူမနဲ့အတူ ရှော့ပင်းထွက်ချင်လို့လည်းရတယ်။”
ထိုအချိန်တွင် ချိန်ရှုချင်သည်
သက်ပြင်းချပြီး စကားခေါင်းစဥ်ကို ပြောင်းလဲလိုက်သည်။ “ယန်ယန်က ငယ်စဥ်ကတည်းက ဂရုစိုက်ပေးတတ်တဲ့
ချည်သားအင်္ကျီလေးလို ဖြစ်ခဲ့တာလေ။ ယန်ယန်က အကျင့်စာရိတ္တကောင်းမွန်ပြီး ဥာဏ်ကောင်းတယ်၊
သူမလေးက ငါနဲ့ သူ့အဖေတို့ကို ဘယ်တော့မှ စိတ်မပူစေဘူး။ သူမလေးက မွေးကတည်းက မျောက်တစ်ကောင်လို
တနေကုန် ငိုနေတတ်တဲ့ တချို့သော ကောင်စုတ်လေးတွေနဲ့ မတူပါဘူး။ သူ့တုန်းက ငါးနှစ် ခြောက်နှစ်အရွယ်မှာတင်
ခုန်ပေါက်ပြေးလွှားပြီး နေရာတကာ ငါ့ကို အရှုပ်တွေပေးခဲ့တာလေ။ သူ့အဖေနဲ့ ငါ့ကို အရမ်းဒေါသထွက်စေပြီး
ငါတို့ သူ့ကို ခဏခဏ အိမ်ပေါ်ကနေ နှင်ချချင်စိတ်ပေါက်အောင် စွမ်းဆောင်နိုင်ခဲ့တယ်လေ။
ငါတို့က သူ့အစား တုတ်ချောင်းတစ်ချောင်းကို မွေးမိတာကမှ ပိုကောင်းဦးမယ်လို့တောင် တွေးမိကြသေးတယ်။”
စုယုရွှမ်တစ်ယောက် သူ့ထမင်းစားတူများဖြင့်
လုံ့လဝီရိယစိုက်ထုတ်ထားသော ကြက်ခြေထောက်သည် ပန်းကန်လုံးထဲသို့ ဘုတ်ခနဲ ပြုတ်ကျသွားခဲ့သည်။
သူ့မျက်နှာပေါ်တွင် စိတ်ပျက်အားငယ်နေသည့် အမူအရာများ ပြည့်နှက်နေခဲ့သည်။
သူ့ကို ငယ်ငယ်တုန်းက လမ်းပေါ်က
ကောက်ရခဲ့တာ ဖြစ်မယ်။ ငယ်ငယ်တုန်းက အရမ်းကဲခဲ့တဲ့ ကလေးဖြစ်ခဲ့ပေမယ့် ဒါက ငယ်ငယ်တုန်းက
မသိနားမလည်လို့ ဖြစ်ခဲ့တာ မဟုတ်ဘူးလား။
သူတို့ ကြီးပြင်းလာစဥ် ငယ်ငယ်တုန်းက
ဘယ်သူကများ မကမြင်းခဲ့တဲ့ ကလေးတွေ ဖြစ်ခဲ့လို့လဲ။ ဒါက အရမ်းလွန်တာပဲ။
စုယန်ယန်သည် သူ့အစ်ကို၏ မျှော်လင့်ချက်ကင်းမဲ့နေသော
မျက်နှာအမူအရာကို မြင်လိုက်ရသောအခါ ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ဘူး။ သူမရဲ့ လက်တွေ
ရုတ်တရတ် ဆုပ်ကိုင်ခြင်းကို ခံလိုက်ရသည်။
လန့်ဖျပ်သွားပြီး သူမ ခေါင်းလှည့်ကြည့်လိုက်တော့
ဟောက်ချန်ဟွမ်း၏ ပြုံးရယ်နေသော အကြည့်တွေနှင့် ဆုံတွေ့သွားခဲ့သည်။
စုယန်ယန်၏ နှုတ်ခမ်းထောင့်စွန်းများက
ကွေးညွှတ်သွားခဲ့သည်။ သူ့အစ်ကို၏ သူ့ကိုယ်သူ အရူးလုပ်နေတာ သူမ ဆက်မကြည့်တော့ဘဲ ထမင်းစားတူများကို
ကောက်ကိုင်ကာ သူမသည် ဟောက်ချန်ဟွမ်း၏ ပန်းကန်လုံးထဲသို့ ဟင်းအနည်းငယ် ထည့်ပေးလိုက်သည်။
“အန်တီလီရဲ့ ဟင်းချက်လက်ရာက
တော်တော်ကောင်းတယ်။ အန်တီလီ ဒီနေ့ ရှင့်အကြိုက် အစပ်ဟင်းလျာတွေ တော်တော်များများ ချက်ထားတယ်။
ရှင် များများစားနော်။”
“ကောင်းပါပြီ။”
စုယန်ယန်၏ စကာလုံးများသည် စုယုရွှမ်နှင့်
အခြားသူများကို နာကျင်သွားစေပုံရသည်။ သူတို့ရဲ့ မျက်နှာအမူအရာတွေဟာ ပြောင်းလဲသွားပြီး
ကိုးရိုးကားရားနိုင်စွာ ပြောလိုက်ကြသည်။ “ဒါက သူ့အတွက်ချည်းပဲ အထူးချက်ပြုတ်ထားတာ မဟုတ်ဘူး။
ငါတို့လည်း ကြိုက်ပါတယ်။”
ဒီစကားလုံးတွေက ပိုပြီး သိသာထင်ရှားသွားစေတယ်။
ဟောက်ချန်ဟွမ်းသည် စုယန်ယန်၏
စကားလုံးမျးကို သူ့ကိုယ် နှစ်သိမ့်ပေးဖို့ အကြောင်းပြချက်တစ်ခုလို့သာ မှတ်ယူထားခဲ့သည်။
အခု သူ စုယုရွှမ်၏ စကားလုံးများကို ကြားလိုက်ရတော့ သူ အနည်းငယ် မသေချာ မရေရာ ဖြစ်သွားခဲ့သည်။
ဒီဟင်းလျာတွေကို သူ့အတွက် အထူးချက်ပြုတ်ထားတာ
ဖြစ်နိုင်လောက်လား။
ထမင်းစားပွဲ၏ အငွေ့အသက်က ရုတ်တရတ်ဆိုသလို
ကိုးရိုးကားရားနိုင်သွားသည်။ ချိန်ရှုချင်က ထိုသားအဖလောက်တော့ သိပ်ပြီး ကိုးရိုးကားရား
ဖြစ်မနေဘူး။ သူမက ချောင်းခပ်ဖွဖွဆိုးလိုက်ပြီး ဟောက်ချန်ဟွမ်းအတွက် ကျောက်ပုစွန်ဟင်းလျာကို
လှမ်းထည့်ပေးဖို့ အစပြုခဲ့သည်။
“မင်း ငါတို့ယန်ယန်နဲ့ လက်ထပ်ပြီးပြီ။
ငါတို့အိမ်ကလည်း မင်းအိမ်ပဲပေါ့။ မင်း ကိုယ့်ကိုယ်ကို အရမ်းကြီး ချုပ်တည်းမနေဘဲ သက်တောင့်သက်သာသာနေပါ။”
ဟောက်ချန်ဟွမ်းသည် သူ့ပန်းကန်လုံးထဲက
ကျောက်ပုစွန်တွေကိုကြည့်ပြီး စုယန်ယန်၏ ဆိုလိုရင်းကို ရုတ်တရတ်ဆိုသလို နားလည်သဘောပေါက်သွားခဲ့သည်။
တကယ်တော့ ဒါဟာ သူတစ်ယောက်တည်း
မဟုတ်တော့ဘူး။ ချိန်ရှုချင်နှင့် ကျန်သူများသည် သူ့အား သူတို့ရဲ့ နောက်ထပ် မိသားစုဝင်အဖြစ်
လက်ခံပြီး သူ့ကို ဂရုစိုက်ဖို့ အကောင်းဆုံး ကြိုးစားခဲ့ကြသည်။
သူတို့သည် မာနကြီးသူ သို့မဟုတ်
ဝင့်ကြွားသူများဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူတို့သည် သူ့အား သူတို့ရဲ့ ကိုယ်ပိုင်အထူးခြားဆုံးသော
နည်းလမ်းများဖြင့် လက်ခံကာ ဂရုစိုက်ဖို့ အမှန်တကယ် ကြိုးစားခဲ့ကြသည်။
ထိုအတွေးများဖြင့် ဟောက်ချန်ဟွမ်းသည်
နွေးထွေးသော အကြည့်များဖြင့် ကျောက်ပုစွန်ကို ကောက်ယူခဲ့သည်။
မစ်စတာစု၊ “ဟမ်.” ငါ့မိန်းက
ငါ့သားမက်အတွက် ဟင်းထည့်ပေးခဲ့ပေမယ့် ငါ့ကိုကျ မထည့်ပေးဘူး၊ ဘယ်လောက်စိတ်ပျက်ဖို့ကောင်းလဲ။
စုယုရွှမ်၊ “ဟမ့်” အိမ်နောက်ဖေးတံခါးမှ
ဝင်လာတဲ့သူကိုကျ ဟင်းထည့်ပေးခဲ့ပေမယ့် ငါ့ကျ ဘယ်သူမှ ဂရုမစိုက်ဘူး။ ဘယ်သူက သူ့သားလဲ။
စုယန်ယန်သည် သူတို့၏ မကျေနပ်မှုများကို
သတိပြုမိပြီး ပြုံးလိုက်မိသည်။ သူမသည် သူတို့အတွက် ဟင်းအချို့ကို အမြန်ကောက်ယူပြီး
သူတို့ပန်းကန်လုံးထဲ ထည့်ပေးခဲ့သည်။
“အဖေ၊ ကိုကြီးတို့လည်း များများပိုစားသင့်တယ်။”
သားအဖနှစ်ယောက်လုံး အံ့အားသင့်သွားကြသည်။
သူတို့သည် သူတို့ပန်းကန်လုံးထဲရှိ ဟင်းလျာတွေကို ကြည့်ပြီး ချက်ချင်းဆိုသလို ဝမ်းသာအားရ
ပြုံးရယ်လိုက်မိသည်။ သူတို့သည် ပန်းကန်လုံးကို ကောက်ယူပြီး ပျော်ပျော်ကြီး စားသောက်ခဲ့ကြသည်။
စောစောက လျစ်လျူရှုခံလိုက်ရခြင်းမှ မပျော်ရွှင်မှုကို သူတို့ ဘယ်လိုလုပ်ပြီး အမှတ်ရနေဦးမှာလဲ။