အပိုင်း ၇
Viewers 23k

Chapter 7


ဟမ်. အခု​တော့ ရှိုး​ကောင်း​ကောင်း ကြည့်ရ​တော့မှာပဲ'


ထန်​ချောင်း​ချောင်းက သူမ၏မဲကို ​​ဝေ့ရီချီထံ ပြလိုက်ပြီး အနည်းငယ်ရှက်ရွံ့မှုကြောင့် မျက်​တောင်များ ပုတ်ခပ်ပုတ်ခပ် လူပ်လိုက်သည်။ "အစ်မအပြစ်ပါ... အစ်မက ကံမ​ကောင်းလို့"


​ဝေ့ရီချီ: "အစ်မ​​ချောင်း​ချောင်းအဆင်​ပြေပါတယ်.. ကျွန်​တော်က ​ယောကျ်ား တစ်​ယောက်ပဲ... အလုပ်ပိုလုပ်နိုင်ပါတယ်"


မဲနှိုက်ကြပြီး​နောက် လူတိုင်းက သူတို့ရထားကြသည့် ဆိုင်​လေးများကို သွားကြည့်ကြသည်။ ရိုက်ကူး​ရေးအဖွဲ့က စား​​သောက်ဆိုင်ဟု ​ပြောခဲ့​သော်လည်း အမှန်တကယ်​တော့ အစားအ​သောက်ဆိုင်ငယ်​လေးများနှင့် ပိုတူ​လေသည်။ ​နေရာတစ်ခုစီက ​ရောင်းချဖို့ အဆင်​ပြေရန်အတွက် လမ်း​​​​ပေါ်တွင် ​ခင်းကျင်းထားသည်။


သူတို့က ​ခေတ်အမီဆုံး စား​သောက်ဆိုင် မီးဖို​ဆောင်ပစ္စည်းများကို အစုံလိုက် တပ်ဆင်​ပေးထားပြီး ကျယ်ဝန်းကာ ​​တောက်ပ​ပြောင်လက်​နေသည့် အဆင့်မြင့်​နေရာကို ပထမဆုံး ဖြတ်သွားကြသည်။ ထို​နေရာတွင် ဒယ်အိုးများ၊ ​မွှေစက်များ၊ ​ခေါက်ဆွဲညှစ်စက်မျာ၊ လျှပ်စစ် မုန့်ဖုတ်အိုးများ၊ ​ခေါက်ဆွဲပြုတ်အိုး၊ ​ကော်ဖီ ​ဖျော်စက် အစရှိသဖြင့် အရာအားလုံး ရှိ​နေသည်။


အလယ်အလတ်​နေရာတွင်​တော့ အဆင့်မြင့်​နေရာထက် အနည်းငယ် ပိုကျဥ်း​ပြီး ပစ္စည်းပိုနည်း​သော်လည်း အ​ခြေခံပစ္စည်းကိရိယာများက​တော့ ပြည့်စုံ​လေသည်။


အဆုံးမှာ​တော့ သူတို့က အဆင့်အနိမ့်ဆုံး​နေရာကို ​ရောက်လာကြ​သောအခါ လူတိုင်း​ကြောင်အသွားကြသည်။


ပထမနှစ်ခုသည်သာ လူလတ်တန်းစားများသွား​လေ့ရှိ​သော စား​​သောက်ဆိုင်ပုံစံများ ဖြစ်ကြသည်ဟု ဆိုလျှင် ထို​နေရာသည်ကား လမ်း​ပေါ်မှ ပျံကျ​စျေးသည်များ၏ အရိုးရှင်းဆုံး ဖွဲ့စည်းမှုဟု ဆိုရ​ပေမည်။


ထို​နေရာတွင် သံအိုးကြီးနှစ်လုံးနှင့် ကြီးမား​သော ဒယ်ပြားကြီးတစ်လုံးသာ ရှိ​လေသည်။ ​အကျယ်အဝန်းမှာလည်း လူနှစ်​ယောက်သာ ဆန့်နိုင်ပြီး လူ​​တွေအများကြီး ဝင်လိုက်ပါက လှည့်​တောင် မလှည့်နိုင်​လောက်​ပေ။


ဝမ်ချင်းက ဆက်မကြည့်နိုင်​တော့။ သူက တံခါး​ရှေ့တွင် ရပ်ပြီး​ပြောလိုက်သည် "​ဝေ့​လေး... ငါတို့ဆီက တစ်ခုခု လိုတာရှိရင် အားနာမ​နေနဲ့​နော်"


"ကျေးဇူးပါ ဆရာ​ဝမ်" ​​ဝေ့ရီချီက နာနာခံခံပင် ​သူ့ကို ​ကျေးဇူးတင်လိုက်သည်။


ထန်​​ချောင်း​ချောင်းက မီးဖို​ချောင်ကို လှည့်ပတ်ကြည့်လိုက်ပြီး သူမစိတ်ထဲမှာ အ​တွေးတစ်ခု ​ပေါ်လာခဲ့သည်။


ကျိုးမုန့်က သူမလက်ကို ပိုက်လိုက်သည် "ကျွန်မ​တော့ မဆိုးဘူးလို့ ထင်တာပဲ... ဟင်းချက်ဖို့ ပြဿနာမရှိ​​လောက်ပါဘူး"


"အဆင်​ပြေပါတယ်" 


ထန်​​ချောင်း​ချောင်းက ကျိုးမုန့် သူမကို ရန်လို​နေပုံရ​ကြောင်း ​တွေ့လိုက်တာ​ကြောင့် မျက်​မှောင်ကြုံ့မိသွားသည်။


ကျိုးမုန့်က ခပ်​သော့​သော့ နှာမှုတ်လိုက်သည် 'အမှန်တရားက နင့်မျက်နှာထူထူကို ဖြတ်ရိုက်မဲ့အချိန်အထိ ​ငါ​စောင့်​နေမယ်'


...


ထိုအချိန်တွင် ​ရှန်းမိသားစုဗီလာ၌


အန်တီဝမ်က ရှန်းယွဲ့အတွက် အစားအစာလင်ပန်းကို ယူလာခဲ့​သော်လည်း သူမမှာ သူ​အောက်ထပ်ကို ဆင်းဖို့ ​မေးရန်အတွက် လုပ်နိုင်စွမ်း မရှိ​​သေး​ပေ။


" ဆရာ ဒီဝမ့်ထုန်​တွေကို မဒမ်က မနက် 6နာရီထပြီး လုပ်​ပေးထားတာ။ အရန်ဟင်း​တွေနဲ့ စွပ်ပြုတ်လုပ်ဖို့လည်း မဒမ်ပဲပြင်​ပေးထားခဲ့တာ​လေ။


(ဝမ့်ထုန်-ဖက်ထုပ်)


ရှန်းယွဲ့က သူ့​ရှေ့မှ ဝမ့်ထုန်ကြက်သားစွပ်ပြုတ်ကို ကြည့်လိုက်ပြီး သူ့မျက်လုံးများ မဲ​မှောင်လာသည်။ သူက သူမအခု​ပြော​နေ​သော အရာကို ​​တွေး​နေလိုက်သည်။


ထိုဝမ့်ထုန်များမှာ ​သေးငယ်ပြီး ​​သေသပ်ကာ ပန်းနု​အောင်အသားများကိုလည်း ဖက်ထုပ်ရွက်ကို ဖြတ်ပြီး ရှင်းရှင်းလင်းလင်း မြင်​နေရသည်။ နက်​မှောင်​​သော ​ရေညှိရွက်များနှင့် အဝါ​ရောင်ကြက်ဥအနှစ်များက အတူတကွ​ရော​နှော​နေကြပြီး မြစိမ်း​ရောင် ကြက်သွန်မြိတ်များနှင့် အဆီများက ​စွပ်ပြုတ်​ပေါ်တွင် ​ဝေ့ဝဲ​နေကြ​လေသည်။


ဝမ့်ထုန်အ​သေး​လေးကို ကိုက်ပြီးသည့်​နောက်တွင် ပထမဆုံးအ​တွေးသည်ကား ​ချောမွတ်နူးညံ့သည်ဟုသာ။ ပြီး​တော့လည်း စွပ်ပြုတ်ရည်များလည်း ​ပျော်ဝင်​နေ​သေးသည်။ စွပ်ပြုတ်ကို ပန်းကန်တစ်ဝက်မျှ​သောက်လိုက်ပြီး​နောက် သူ့နဖူးတွင် ​​ချွေးများစို့လာပြီး သူ့နှလုံးသား​အောက်​ခြေဆီမှ ပူ​လောင်မှုကို ခံစားလာရသည်။ 


အန်တီဝမ်က ထန်​​ချောင်း​ချောင်းကို ပို၍ပို၍ပင် ​လေးစားလာရ​တော့၏။ "မဒမ်ရဲ့ ရှိုးက ဒီ​နေ့လွှင့်တော့မှာ... ​နောက်မှ မဒမ့်ကို အား​ပေးရမယ်"


ရှန်းယွဲ့က​တော့ အထင်​သေးခြင်းအပြည့်ပင် "သူက ဘယ်လိုလုပ် အလုပ်​ကောင်း​ကောင်းရနိုင်မှာလဲ... သူက မ​အောင်မြင်တဲ့ သရုပ်​ဆောင်ပဲကို"


"ကျွန်မကြားတာ​တော့ ဒီတစ်​ခေါက်ရှိုးက Cantaloupe Videoက​နေ လွှင့်မှာတဲ့။ ဒီလိုမျိုး ဝက်ဘ်ဆိုက်အကြီးကြီးဆိုရင်​တော့ မဆိုးဘူးထင်တာပဲ"


"Cantaloupe Videoမှာ တိုက်ရိုက်လွှင့်မှာတဲ့လား?"


ရှန်းယွဲ့ စားပြီးသွား​တော့ အန်တီဝမ်က ညစာပန်းကန်များကို ပြန်သယ်သွားခဲ့သည်။ ရှန်းယွဲ့က သူ့ဖုန်းကို​ ကောက်ကိုင်ကာ သတင်းများကို အရင်ကြည့်လိုက်သည်။


ထို့​နောက် သူ့လက်များကို ​ရွှေ့ရင်း​ရွှေ့ရင်းဖြင့် Cantaloupe Video၏ ဝက်ဘ်ဆိုက်ကို ဖွင့်မိသွား​တော့သည်။


သူက သူမအရှက်ကွဲတာကို ကြည့်ချင်ရုံတင်သာ။


.......


အသီးအရွက်​စျေးတွင် လူအများက ပျားပန်းခတ် သွားလာ​နေကြသည်။


ထန်​ချောင်း​ချောင်းက အမျိုးစုံခင်းကျင်းထား​သော ပါဝင်ပစ္စည်းများကို ကြည့်ကာ မျက်လုံးများ ​တောက်ပလာသည်။


​ဝေ့ရီချီက သူမ​နောက်မှာ ကပ်လိုက်လာပြီး အသံနိမ့်နိမ့်ဖြင့် ​မေးလိုက်သည် "အစ်မ​ချောင်း​ချောင်း ကျွန်​တော်တို့ ဘာဝယ်ကြမှာလဲ?"


 သူက​တော့ သူတို့ဘာလုပ်ကြမလဲဆိုတာကို လမ်း​ပျောက်​နေဆဲပင်။


ထန်​​ချောင်း​ချောင်း: "မင်း ဟင်းချက်တတ်လား?"


​​ဝေ့ရီချီက သူ့​ခေါင်းကို ခပ်ရှက်ရှက် ယမ်းပြလိုက်သည် "ကျွန်​တော်က အသင့်စား​ခေါက်ဆွဲပဲပြုတ်တတ်တာ"။ အရသာမှုန့်သာ မရှိခဲ့ရင် သူ ​ခေါက်ဆွဲချည်းပဲ စားရလိမ့်မည်။


"မဖြစ်ဘူး​လေ... ​ယောကျ်ား​လေး​တွေကလည်း မိန်းက​လေး​တွေလိုပဲ ဟင်းချက်တတ်ထားသင့်တယ်... ဒီ​​နေ့ မင်းအစ်မက မီးဖို​ချောင် ပညာရပ်အချို့ ပြ​ပေးမယ်"


​ဝေ့ရီချီက​တော့ အနည်းငယ် ရှုပ်​ထွေး​နေဆဲပင် "အိုး... ​ကောင်းတာ​ပေါ့"


[ဖာခ့် ထန်​ချောင်း​ချောင်းပြောတာ ယုတ္တိရှိတယ်... ဘာအ​ကြောင်း​ကြောင့် မိန်းမ​တွေကပဲ ဟင်းချက်တတ်လားလို့ အ​မေးခံရမှာလဲ?"


[ဟုတ်တယ် ငါ့ရဲ့ အမျိုးသားတစ်​ယောက်ကို ရှာဖို့ စံနှုန်းက​တော့ ဟင်းချက်တတ်ဖို့ပဲ]


[​​ဝေ့ရီချီက လုံးဝကို ထန်​​ချောင်း​ချောင်း ဦး​ဆောင်တာ ခံ​နေရပြီ... ဆိုးချက်ပဲ]


ထန်​​ချောင်း​​ချောင်းနှင့် ​ဝေ့ရီချီက အသီးအရွက်​စျေးကို လှည့်ပတ်ပြီး​နောက် ​ပြောင်း​စေ့များ၊ ဆီများနှင့် အစားအ​သောက်များ ​​ရောင်း​သော​နေရာကို ​တွေ့လိုက်ရသည်။


ပထမဆုံးအ​နေဖြင့် သူမက အ​ခြေခံအကျဆုံး ဖြစ်​သော ဆီ၊ ဆား၊ ဆော့စ်၊ ဗင်နီဂါနှင့် အခြား​သော ​ဟင်းခတ်အ​မွှေးအကြိုင်များကို ဝယ်ယူလိုက်သည်။ ​စျေးဝယ်​နေစဥ်တွင်လည်း သူမက ​ဝေ့ရီချီကို အချို့​သော အချက်​လေးများကိုလည်း ​ပြောပြ​နေခဲ့သည်


 "ဒီဟင်းချက်ဝိုင်က ​ကောင်းတယ်... ပြီး​တော့ နှမ်းဆီလည်း လို​သေးတယ်... ဒါ​တွေအားလုံး လိုအပ်တယ်... မှတ်ထား​နော်"


"သိပါပြီ" ​


ဝေ့ရီချီက ရုတ်တရက်ပင် အခမဲ့သင်ခန်းစာများ ရလိုက်သလို ခံစားလိုက်ရပြီး မှတ်စုစာအုပ် ယူမလာမိသည့်အတွက်ကိုသာ စိတ်ပျက်သွားရ​လေသည်။


ထန်​​ချောင်း​ချောင်း: "ဆိုင်ရှင် ကျွန်မကို ဂျုံမုန့် 20ကီလိုဂရမ်ရယ် တ​​ဆေးတစ်ထုပ်နဲ့ မုန့်ဖုတ်ဆိုဒါတစ်ထုပ်ကိုလည်း ​ပေးပါအုံး"


"ရပါတယ်" ဆိုင်ရှင်က ထန်​​ချောင်း​​ချောင်းဝယ်ထား​သော ပစ္စည်းများကို ကတ်ထူပုံးထဲတွင် ​တွေး​တွေးဆဆဖြင့် ထည့်​ပေးလိုက်သည်။ သူက ​လေးဖက်လေးတန်ကို တိတ်ဖြင့်ပတ်​​ပေးလိုက်ပြီး သယ်ယူရလွယ်ကူ​စေရန် ကြိုးနှစ်​​ချောင်းကိုပါ တုပ်​ပေးလိုက်သည်။


ထန်​​ချောင်း​ချောင်းက ​ငွေရှင်းလိုက်သည်။ ပြန်အမ်း​ငွေကို သူမပိုက်ဆံအိတ်ထဲ ထည့်လိုက်ပြီး​နောက် ​နောက်တစ်​နေရာကို ဆက်သွားဖို့ အဆင်သင့် ဖြစ်လို့​နေပြီ။


​ဝေ့ရီချီက လက်ဗလာ ဖြစ်​နေပြီး ခပ်မြန်မြန် ဝင်​ပြောလိုက်သည် "အစ်မ​​ချောင်း​​ချောင်း ကျွန်​တော် သယ်လိုက်မယ်​လေ... အစ်မ မသယ်ပါနဲ့" 


သို့​သော်လည်း သူ့စကား မဆုံးခင်ပင် ထန်​ရှောင်း​ရှောင်းက ပုံးကို လက်တစ်ဖက်တည်းဖြင့် မလိုက်​လေသည်။


ထန်​​ချောင်း​ချောင်း၏ အကြည့်များက ​ဝေ့ရီချီ၏ ​မ​ရေမရာဖြစ်​နေ​သော အကြည့်များမှ ကတ်ထူပုံးကို သယ်ထား​သော သူမလက်ကို ​ရောက်သွား၏။


ဘာလို့များ သူမက လက်မြန်​ခြေမြန်ရှိရတာလဲ... သူမက ထိုပုံးထဲတွင် 20 ကီလိုရှိ​သော ဂျုံမှုန့်များနှင့် အနည်းဆုံး 30ကီလိုခန့်ရှိလောက်​​သော ပုလင်းနှင့် စည်သွပ်ဘူး အမျိုးမျိုးတို့ ရှိ​နေသည်ကို ​မေ့သွားခဲ့သည်။


သူမက မျက်လုံးလှိမ့်လိုက်ကာ ရုတ်တရက် ရပ်မိသွားသည်။ ကတ်ထူပုံးက ​​မြေပြင်​ပေါ်သို့ ​လေး​လေးလံလံ ကျသွားရ​တော့၏။


"ငါဒါကိုသယ်​တော့ အရမ်းပင်ပန်းတာ အံ့သြစရာ မရှိ​ဘူးပဲ... အရမ်း​လေးလွန်းတယ်"


​ဝေ့ရီချီ: "ဟုတ်တယ်... ဒီလို အားသုံးရတဲ့အလုပ်မျိုးကို ကျွန်​တော့်ဆီသာ လွှဲထားလိုက်... ကျွန်​တော်က ​ယောကျ်ား​လေးပဲ... အစ်မလို မိန်းမလှ​လေးက ဒီလို ကိစ္စ​တွေ မလုပ်သင့်ပါဘူး"


"မှန်တယ်... မှန်တယ်... အစ်မက အားနည်းတဲ့ မိန်းမလှ​လေးပဲ" 


ထန်​​ချောင်း​ချောင်း စိတ်လှုပ်ရှားလာပြီး ရှက်ရွံ့မှုမှ ပြန်သက်သာလာ​တော့သည်။ သူမက သူ့ကို လက်မ​​ထောင်ပြလိုက်၏ "မင်းက လူ​တွေကို ရှင်းရှင်းလင်းလင်း ကြည့်တတ်တာပဲ.. အရမ်း​ကောင်းတယ်"


​ဝေ့ရီချီက ဘာလို့ သူမက သူ့ကို ချီးကျူး​​နေမှန်း နားမလည်ခဲ့​ပေ။ သို့​သော်လည်း ချီးကျူးခံ​နေရမှု​ကြောင့် ခပ်ရှက်ရှက်သာ ပြုံး​နေခဲ့​လေသည်။


ထို့​နောက် ထန်​​ချောင်း​ချောင်းက ဝက်ဗိုက်သား 10ကီလိုကိုလည်း သွားဝယ်ခဲ့သည်။ သူမက အဆီ30%နှင့် 70%က အသားများပါ​သော ဝက်သားကို အထူးတလှယ်​ရွေးချယ်ခဲ့ပြီး သူမက ဆိုင်ရှင်ကို နုပ်နုပ်စဥ်းထား​​သော အသား​မြှောင်းနှစ်ခုအဖြစ် ပိုင်း​ပေးဖို့ ​​ပြောခဲ့သည်။ ပြီး​တော့ သူမက ဝက်​ခြေ​​ထောက်ရိုး အချို့ကိုလည်း ဝယ်ခဲ့​သေးသည်။


ထို့​နောက် နှစ်​ယောက်သားက အသီးအရွက်​စျေးကို ​နောက်ထပ်တစ်ပတ် ပတ်ခဲ့ပြီး အချို့​သော အ​သေးအဖွဲ့အရာ​လေးများကိုလည်း ဝယ်ခဲ့​သေးသည်။


ထန်​​ချောင်း​ချောင်းက လှည့်ပတ်ကြည့်​နေပြီး ​နောက်ဆုံးတွင်​တော့ တစ်​နေရာကို ထိုး​ပြခဲ့သည်။


 "တစ်ခု လို​နေ​သေးတယ်... အဲ့​နေရာကို သွားရ​အောင်"


အဆုံးတွင် လူနှစ်​ယောက်သားက ​စျေးဝယ်ပြီးသွားခဲ့ပြီး လက်ထဲတွင် အထုပ်ကြီး အထုပ်ငယ်များဖြင့် အသီးအရွက်​စျေးအဝင်ဝကို ကြည့်​နေခဲ့ကြသည်။ သူတို့က လိုချင်တာအားလုံး ရခဲ့ပြီးပြီ။


​ဝေ့ရီချီက ပင့်သက်ရှိုက်လိုက်သည် "ကျွန်​တော်တို့ ဘယ်လို ပြန်ကြမလဲ" သူ သူတို့ဆိုင်ကို ပြန်တဲ့လမ်းတစ်​လျှောက်လုံး​တော့ အထုပ်​တွေ သယ်မသွားနိုင်ပါဘူး​နော်...


ထန်​​ချောင်း​ချောင်း: "ကား​ခေါ်လိုက်​လေ"


"ဒါ​ပေမယ့် ကျွန်​တော်တို့မှာ ပိုက်ဆံကျန်​သေးရဲ့လား"


ထန်​​​ချောင်း​ချောင်းက သူမပိုက်ဆံအိတ်ကို ဖွင့်ကာ ကျန်​ငွေများကို ထုတ်ကြည့်လိုက်သည် "ဆယ်ယွမ်ပဲ ကျန်​တော့တယ်"


"တက္ကဆီ​ခေါ်ရင် အစကတည်းက မ​ပေးနိုင်​လောက်​တော့ဘူး" ​ဝေ့ရီချီက ကင်မရာမန်းကို လှည့်ကြည့်ကာ သနားစဖွယ် ​ပြောလိုက်သည်


 "ပိုက်ဆံနည်းနည်း​လောက် ​ချေးလို့ရမလားဟင်"


ကင်မရာမန်းက စည်းကမ်းအရ သူ့​ခေါင်းကို ယမ်းပြလိုက်သည်။


ထန်​​ချောင်း​ချောင်း၏ အကြည့်များက သူမတို့​နေရာနှင့် မ​ဝေး​သော စတိုးဆိုင်တစ်ခု​ရှေ့တွင် ရပ်ထား​သော သုံးဘီးဆိုင်ကယ်​လေးအ​ပေါ်တွင် ​ဝေ့ဝဲသွားခဲ့သည်။ ဦး​လေးကြီးတစ်​ယောက်က ထိုအနားတွင်ထိုင်ကာ ​လေ​အေးများကို ခံစား​နေ​လေ၏။


သူမက ​ပြေးသွားလိုက်ပြီး ထိုဦး​လေးကြီးကို ချိုမြိန်စွာ ပြုံးပြလိုက်သည် "ဦး​လေး... ဦး​လေးရဲ့ သုံးဘီးက ပစ္စည်း​တွေ ပို့​ပေးလားဟင်"


ထိုဦး​​လေးက ပန်း​ရောင်ဝတ်စုံ ဝတ်ထား​သော မိန်းမလှ​လေးကို ကြည့်ကာ ​​ပြောလိုက်သည်


 "ပုံမှန်ဆို ဦး​လေး လိုက်ပို့​ပေးတယ်... ဒါ​ပေမယ့် တ​နေ့က ဒဏ်ရာရထားလို့ အခု ​မမောင်းနိုင်​သေးဘူး"


"ဒါဆို ကျွန်မ​မောင်းလို့ရမလား... ကျွန်မ မလိမ်ပါဘူး... ကျွန်မတို့က ရှိုးတစ်ခုအတွက် ရိုက်ကူး​ရေး လုပ်​နေကြတာ... ကင်မရာမန်းလည်း ပါတယ်... ကျွန်မတို့ စား​သောက်ဆိုင်က ဒီ​နေရာနဲ့ နှစ်လမ်းပဲ ခြားတာပါ... ကျွန်မကို မယုံရင် လိုက်ကြည့်လိုက်​လေ... အခု ကျွန်မတို့မှာ ဆယ်ယွမ်ပဲ ကျန်​တော့လို့... ပိုက်ဆံပြန်ရမှ ​ပေးလို့ရနိုင်မလား"


ထိုဦး​လေးက ကြင်နာစွာ ပြုံးပြလိုက်သည် "မင်းလို မိန်းမငယ်​လေးက အများကြီး ရှင်းပြဖို့ မလိုပါဘူးကွယ်... ကြိုက်သလိုသာ သုံးပါ... သုံးဘီး​လေးပဲဟာကို ဘယ်သူက လိမ်ယူသွားမှာတဲ့လဲ? ပိုက်ဆံအ​ကြောင်း မ​ပြောနဲ့​တော့... သုံးပြီးရင်သာ ပြန်လာ​ပေးလိုက်"


ထန်​​​ချောင်း​ချောင်းက သူမမျက်လုံး​လေးများ လခြမ်းပုံ ဖြစ်သည်အထိ ပြုံးလိုက်​လေသည် 


"​ကျေးဇူးပါ ဦး​လေး... အချိန်ရရင် ကျွန်မတို့ဆီလာခဲ့ပါ... အရသာရှိတာ​တွေ စားဖို့ ဖိတ်​ခေါ်ပါတယ်"


​ဝေ့ရီချီက ထို​နေရာတွင် သူတို့၏ပစ္စည်းများကို ​စောင့်​ပေး​နေပြီး ထန်​​ချောင်း​ချောင်း တစ်​ယောက် သုံးဘီး​မောင်းလာတာကို ​တွေ့လိုက်ရသည်။


သူ​တော်​တော်​လေး အံ့သြသွားခဲ့ရ​သည် "အစ်မ​​ချောင်း​ချောင်း... အစ်မ သုံးဘီးကို​တောင် ​မောင်းတတ်​တာပဲ... ကျွန်​​တော် မ​မောင်းတတ်ဘူး"


ထန်​ချောင်း​ချောင်းက သူမနှဖူးထက်မှ ဆံမြိတ်များ သပ်တင်လိုက်ပြီး ​တွေးလိုက်သည် 'ငါ​မလုပ်နိုင်ဘူး... မူလကိုယ်သာ လုပ်နိုင်တာ'


Xxxxxx