Chapter 8
ဝေ့ရီချီက ပစ္စည်းများကို တစ်ခုပြီးတစ်ခု မြန်မြန် တင်ပေးလိုက်ပြီး ကင်မရာမန်းနှင့်အတူ တက်ထိုင်လိုက်သည်။
ထန်ချောင်းချောင်းက ရုတ်တရက် ခေါင်းလှည့်ကာ မေးလိုက်သည် "ကြည့်ရတာ အစ်မက မောင်းနေရင် ကြည့်မကောင်းဘူးထင်တယ်နော်?"
ဝေ့ရီချီ: "....."
သူက စက္ကန့်အနည်းငယ်လောက် တလေးတနက် တွေးလိုက်ပြီး ပြောလိုက်သည် "အဆင်ပြေပါတယ်"
"ကောင်းတာပေါ့" ထန်ချောင်းချောင်းက ကျေနပ်စွာ ခေါင်းငြိမ့်ပြလိုက်ပြီး သူမလက်ကို ဝေ့ယမ်းလိုက်သည် "သွားကြစို့"
[သူ့မျက်နှာပေါ်မှာ ??? လေးတွေ ပေါ်နေတယ် သူကတကယ့်ကို ကလေးလေးပဲ]
[ဝေ့ရီချီက တကယ့်ကို နှလုံးသား နွေးထွေးတဲ့ နတ်သားလေးပဲ... ထန်ချောင်းချောင်းက မေးတယ်... သူကပြန်ဖြေတယ်]
[ထန်ချောင်းချောင်းက အခု ချစ်စရာကောင်းပြီး နှစ်လိုဖွယ်ကောင်းတဲ့ ပုံရိပ်ကို ဖန်တီးချင်နေတာလား... ဒီရှိုးက ကြည့်လို့ကောင်းသားပဲ]
[ငါတော့ မထင်ပါဘူး... သူက အဲ့လိုပြောပေမယ့်လည်း သူက အစကနေ အဆုံး အကုန် လုပ်သွားတာပဲလေ.. ပစ္စည်းဝယ်ဖို့ စျေးဆိုင်တွေ ရှာတာရော သုံးဘီးငှားတာရောလေ... သူ့ကြည့်ရတာ ရေထဲက ဘဲတစ်ကောင်နဲ့တောင်တူသေးတယ်]
[အမျိုးသမီး သရုပ်ဆောင်လေးက လမ်းပေါ်မှာ သုံးဘီးမောင်းနေတယ်.. အရမ်း စိတ်လှုပ်ရှားဖို့ ကောင်းတာပဲ... ငါရုတ်တရက် ထန်ချောင်းချောင်းက ချစ်ဖို့ကောင်းနေတာကို တွေ့လိုက်ရတယ်]
[ငါလာတာ နောက်ကျသွားတယ်... သူတို့ဘာလို့ သုံးဘီးစီးနေရတာလဲ... ကျိုးမုန့်ရဲ့ ပစ္စည်းတွေကို အဆင်မြင့် ဒယ်လီဗာရီကားက လာပို့ပေးသွားတာနော်]
[မူလတန်းကျောင်းက ကြက်ကလေးတွေ အဖွဲ့က အရမ်း ရိုးရှင်းပြီး ဟန်ဆောင်မှုကင်းလိုက်တာ... အား... ပြီးသွားပြီ]
ထန်ချောင်းချောင်းနှင့် အခြားသူများ စားသောက်ဆိုင်သို့ ပြန်ရောက်ကြသောအခါ အခြားနှစ်ဖွဲ့မှာ ပြန်လာနှင့်ကြပြီးပြီ။
ဝမ်ချမ်းနှင့် ရှောင်ခယ်က အချိန်အကြာကြီး ဆွေးနွှေးခဲ့ပြီး နောက်ဆုံးမှာ မစ်တီးရောင်းရန်သာ ဆုံးဖြတ်ခဲ့ကြတော့သည်။ မစ်တီးက ကုန်ကျစရိတ်နည်းပြီး အမြတ်ငွေများသည်။ ပြီးတော့ သူတို့မှာ လုပ်ကိုင်ရလွယ်ကူသော အဖျော်စက်များ ရှိနေသည်။
ကျိုးမုန့်က ဆူရှီလုပ်ရန် ရွေးချယ်ခဲ့သည်။ သူမက ဂျပန်မှာကျောင်းတက်ဖူးပြီး ဆူရှီနှင့် ပတ်သက်သော သုတေသနများ လုပ်ခဲ့ဖူးသည်။ သူမနှင့် ဟူမြောင်က တင်ပို့သူများထံမှ အလွန်သက်သာသော စျေးနှုန်းဖြင့် ဂျပန်နိုင်ငံထုတ် ပါဝင်ပစ္စည်းများကို ဝယ်ယူနိုင်ရန်အတွက် တို့၏ ကျယ်ပြန့်လှသော နာမည်ကျော်အဆက်အသွယ်များကို အသုံးချခဲ့သည်။
ဘာပဲဖြစ်ဖြစ် ရှိုးအဖွဲ့ကတော့ ဧည့်သည်များအနေဖြင့် အလွန်အကျွံ မသုံးစွဲသရွေ့ ပါဝင်ပစ္စည်းများ ရရှိနိုင်ရန် မည်သည့် နည်းလမ်းကို သုံးသုံး ဂရုမထားပေ။
ကျိုးမုန့်က ကျက်သရေရှိစွာဖြင့် ဆယ်မွန်ငါးကို ကိုင်တွယ်နေသည်။ ထန်ချောင်းချောင်း သုံးဘီးဖြင့် ပြန်လာပြီး ရှုပ်ထွေးနေသော အနက်ရောင် အနီရောင် အိတ်များစွာကို ယူချလိုက်တာကို မြင်လိုက်သောအခါတွင်တော့ သူမက ငါးကိုဆက်လှီးနေပြီး အထင်အမြင်သေးစွာ တွေးလိုက်သည် "သူကတကယ့်ကို တောကတက်လာတဲ့ တောသူမပဲ"
ဝေ့ရီချီကတော့ အနည်းငယ် စိတ်လှုပ်ရှားနေရသည် "အစ်မ ချောင်းချောင်း... သူတို့အားလုံး စလုပ်နေကြပြီ"
ထန်ချောင်းချောင်းက တည်ငြိမ်နေသော မျက်နှာဖြင့် ပြန်ပြောလိုက်သည်
"အလျင်လိုဖို့ မလိုဘူး... လာတော့ အဝတ်တွေ အရင်ဝတ်ရအောင်"
သူမ နောက်ဆုံးဝယ်ခဲ့သည့် အရာက
စားဖိုမှူး ဝတ်စုံ နှစ်စုံ ဖြစ်လေသည်။ သူမက စားသောက်ဆိုင်မီးဖိုချောင်တွင် အလုပ်လုပ်နေသည့်အချိန်တွင် အလေးအနက်ထားမှု ရှိနေချင်ခဲ့သည်။ ထို့ကြောင့် စာဖိုမှုး ဝတ်စုံများက မရှိမဖြစ် အရေးပါလေသည်။
ကောင်းပြီ... အမှန်တကယ်ကတော့ သူမက သူမ၏ဝတ်စုံလှလှလေးကို ဆီများ မစွန်းပေချင်၍သာ။
ထန်ချောင်းချောင်းက သူမဆံပင်များကို စာဖိုမှူးခေါင်းဆောင်းထဲကို ဂရုတစိုက် ထည့်လိုက်ပြီး သူမ၏ မျက်နှာလှလှလေးကိုသာ ဖော်ထားလိုက်သည်။ ဝေ့ရီချီက မူလက နူးညံ့ပုံပေါ်သော်လည်း စာဖိုမှူးဝတ်စုံအပြည့် ဝတ်ပြီးချိန်တွင် ရှင်းမပြနိုင်အောင်ပင် ပိုပြီး ရင့်ကျက်လာပုံ ပေါက်သွားသည်။
[အစ်မတို့ရေ... သူတို့ကြည့်ရတာ ပရော်ဖက်ရှင်နယ်တွေ အတိုင်းပဲ]
[ထန်ချောင်းချောင်းက မျက်နှာတစ်ခုလုံး လှနေတာပဲ... မနာလိုလိုက်တာ]
[ငါရုတ်တရက် ထိန်းချုပ်ခံလိုက်ရပြီဟေ့... ကြိုက်လိုက်တာ]
[ထန်ချောင်းချောင်းနဲ့ ဝေ့ရီချီတို့ CPအနံ့ရနေတယ်နော်]
[စိတ်ကြီးဝင်မနေစမ်းနဲ့... ဒါပေမယ့် နင်မှန်တယ်ရော်]
[ငါလည်း အဲ့လိုပဲ တွေးနေတယ်လို့ ပြောရမယ်]
ထန်ချောင်းချောင်း မီးဖိုချောင်ထဲကို ဝင်လိုက်တာနဲ့ အလုပ်စလုပ်တော့သည်။ သူမ လုပ်မှာကတော့ ဒယ်ပြားပေါ်တွင် ဘန်းကိတ်များကို ကြော်ကာ ငရုတ်ကောင်းစွပ်ပြုတ်ပူပူလေး ပြုတ်မှာ ဖြစ်သည်။
သူမက ပါဝင်ပစ္စည်းများကို ဆေးကြောရန် ဝေ့ရီချီကို ညွှန်ကြားလိုက်ပြီး ဝက်ရိုးများကို အိုးထဲသို့ စီထည့်ကာ ရေအေးဖြင့် ဆေးကြောလိုက်သည်။ အဆုံးတွင်တော့ ကြက်သွန်စိမ်းနှင့် ဂျင်းကို အိုးထဲတွင်ထည့်ကာ စွပ်ပြုတ် စတည်တော့သည်။
စွပ်ပြုတ်ထဲတွင် ဝက်ရိုးများ ဆူပွက်နေချိန်တွင် သူမက ဂျုံမှုန့်အနည်းငယ် လောင်းချကာ တဆေး၊ မုန့်ဖုတ်ဆိုဒါ၊ သကြားနှင့် ချက်ထားပြီးသား ဝက်ဆီများကို ရောထည့်လိုက်သည်။ ထို့နောက် သူမက ရေထည့်ကာ မုန့်သားနယ်တော့သည်။
ထန်ချောင်းချောင်း၏ ခွန်အားက တိကျလေသည်။ သူမက ပွတ်တိုက် ထုနှက်ကာ ကြီးမားပြီး ထူထဲလှသော မုန့်သားကို နယ်နေလိုက်သည်။ ထို့နောက် သူမက မုန့်သားကို ပလပ်စတစ်အကြည်စဖြင့် ထုပ်ကာ ဘေးပို့ထားလိုက်သည်။
ထို့နောက် သူမက မရပ်မနားပင် ဘန်းကိတ်များ အစာသွပ်ရန် စတင်ပြုလုပ်တော့သည်။
သူမက ပဲငပိအနှစ်ဆော့၊ ငရုတ်ကောင်း၊ ဂျင်း၊ ဆားအနည်းငယ်နှင့် ဟင်းချိုမှုန့်တို့ကို တောက်တောက်စင်းထားသော ဝက်ဗိုက်သားထဲသို့ ထည့်ကာ နှံ့အောင် နယ်လိုက်ပြီးနောက် နှမ်းဆီနှင့် ရေကိုပါ ရောထည့်လိုက်သည်။ သူမက နှမ်းဆီနှင့်ရေကို အသားထဲထိ စိမ့်ဝင်သွားအောင် ဦးတည်ချက်တစ်ခုထဲကို မွှေနေလိုက်သည်။ အဆုံးတွင်တော့ သူမက လှီးထားသော ကြက်သွန်မြိတ်များကို ထပ်ထည့်ကာ ထပ်မွှေပြန်သည်။ အစာသွပ် အသားက နူးညံ့ကာ စေးကပ်လာတော့သည်။
ထိုအချိန်တွင် မုန့်သားက အသင့်ဖြစ်နေပြီ။ သူမက မုန့်သားကို အချောင်းလေးများအဖြစ်လှိမ့်လိုက်ပြီးနောက် ခပ်ဝိုင်းဝိုင်းပုံစံ ဆွဲဆန့်လိုက်သည်။ သူမက အရွယ်အစား အတူတူဖြစ်အောင် ဖိလိုက်ကာ သိပ်ထည့်လိုက်ပြီးနောက် ဘန်းမုန့်ပုံစံ အတွန့်လေးများ လုပ်လိုက်လေသည်။
ထန်ချောင်းချောင်း၏ လှုပ်ရှားမှုများက ကျွမ်းကျင်လှသည်။ ဘန်းမုန့်တစ်ခုချင်းစီတွင် အတွန့်များက 12ခုထက်မပိုပေ။
ဝေ့ရီချီက ထန်ချောင်းချောင်းတစ်ယောက် စက္ကန့်ပိုင်းအတွင်း ကြည့်ကောင်းသော ဘန်းမုန့်လှလှလေးများစွာ ပြုလုပ်နေသည်ကို ကြည့်နေပြီးနောက် သူ့မျက်လုံးများက အကြည့်မလွှဲနိုင်တော့။ "အစ်မချောင်းချောင်းက အရမ်းမိုက်တာပဲ"
ထန်ချောင်းချောင်းက သူမလက်ကို ယမ်းပြလိုက်ပြီးနောက် သူမနှုတ်ခမ်းထောင့်များ မြင့်တက်သွားခဲ့သည်။
"မင်း လုပ်ကြည့်ချင်လား?"
"ကျွန်တော် အစ်မကို နှောင့်ယှက်မိမှာစိုးလို့" ဝေ့ရီချီက ကြိုးစားကြည်ဖို့ စိတ်အားထက်သန်နေပြီး ထန်ချောင်းချောင်းကိုလည်း ကူညီချင်သည်။ သို့သော်လည်း တစ်ထပ်တည်းတူလုနီးပါး ဖြစ်နေသော ဘန်းမုန့် အတွန့်လေးများကို ကြည့်လိုက်ပြီးနောက် သူက ထိုလက်ရာလေးကို ဖျက်စီးလိုက်မိမှာကို စိုးရိမ်နေသည်။
ထန်ချောင်းချောင်းက သူ့ကို အားပေးလိုက်သည် "လူတိုင်းက မွေးကတည်းက ဟင်းချက်တတ်လာတာ မဟုတ်ဘူး"
ဝေ့ရီချီ တုန့်ဆိုင်းနေသော်လည်း မုန့်သားအပိုင်းလေးကို ယူကာ ထန်ချောင်းချောင်းကဲ့သို့ ဘန်းမုန့်များ ပြုလုပ်ရန် ကြိုးစားကြည့်လိုက်သည်။
ဝေ့ရီချီ နှစ်ကြိမ်လုပ်ကြည့်ပြီးနောက် အရှုံးပေးလိုက်ရတော့သည်။ လက်ဆများသွားပြီး ဘန်းမုန့်များ ပေါက်ပြဲသွားတာ ဟုတ်ရင်ဟုတ်၊ မဟုတ်ရင် ဘောလုံးကဲ့သို့ လုံးဝန်းပြီး ကျန်နေခဲ့သည်ချည်းသာ။ အကုန်လုံး အသုံးမဝင် ဖြစ်ကုန်သည်။
ကျွန်တော့်မျက်လုံးက လုပ်တတ်နေပေမယ့် ကျွန်တော့်လက်ကတော့ မလုပ်တတ်ဘူးပဲ။
[အမှန်ပဲဟေ့... ငါလည်း ဖက်ထုပ်လုပ်ရင် ဝေ့ရီချီနဲ့ တစ်ပုံစံတည်းပဲ]
[ အကြောပေးတဲ့ ပါတီကတော့ စနေပြီ]
[ထန်ချောင်းချောင်းက အရမ်း ကျွမ်းကျင်တာပဲ... ငါအခုပဲ အတွန့်12ခု ရှိတာ ရေထားမိလိုက်တယ်... OCD (Obessive Compulsive Disorder )ရှိတဲ့သူတွေအတွက် ဥပမာပဲ]
ထန်ချောင်းချောင်းက သူ့အတွက် မခက်ခဲစေလိုတော့။ "ထပ်မလုပ်နဲ့တော့... မုန့်သားတွေ သွားဆေးလိုက်"
ထန်ချောင်းချောင်းက သူ့ကို မုန့်သားအပိုင်း သေးသေးလေးကို ပေးလိုက်ပြီး စီးကျနေသော ရေအောက်တွင် မုန့်သားကို မည်ကဲ့သို့ အဆက်မပြတ် ပွတ်တိုက်ဆေးကြောရမည် ဆိုတာကို သင်ပေးလိုက်သည်။
"ဒါက လူလုပ်အားပဲ လိုတယ်... မုန့်သားမှာ ဂျုံမှုန့်တွေ မရှိတော့တဲ့အထိ ဆေးပေးနော်"
ထိုအရာက ရိုးရှင်းပြီးတော့ ဝေ့ရီချီကလည်း တစ်နေရာရာမှာ အသုံးဝင်ဖို့ အလွန်ပြင်းပြနေသည်။
ထိုအချိန်တွင် ရှောင်ခယ်နှင့် ဝမ်ချမ်းတို့က ပုလဲစေ့များ လုပ်ဖို့ ကြိုးပမ်းနေကြသည်။ သူတို့က အသင့်ပြုလုပ်ထားသော ပုလဲစေ့များ ဝယ်ခဲ့သော်လည်း အရာအားလုံးက စတိုးဆိုင်က ဝယ်ခဲ့သော ပစ္စည်းများ ဖြစ်နေလျှင်တောင် သူတို့ကို ပြုတ်ဖို့လိုနေသေးပြီး သူတို့ကို အခွင့်အရေးသမားများအဖြစ် ကြည့်ရှုသူများက ဖြတ်ရိုက်လိုက်မှာကို မလိုချင်ခဲ့ပေ။
သို့သော်လည်း ပုလဲလုံးများကို ပြုလုပ်ရသည်က ရိုးရှင်းသော်လည်း သူတို့ကို ပျော့ပျောင်းပြီး စေးကပ်လာအောင် လုပ်ဖို့အတွက်ကတော့ အမှန်တကယ် မလွယ်ကူခဲ့ပေ။ ထိုအရာက အရမ်းကို ခက်ခဲရုံသာမက ပုံစံလည်း ပျက်ကုန်သည်။ သူတို့က တော်တော်များများကို ဖြုန်းတီးမိလိုက်ကြသည်။
ရှောင်ခယ်တို့၏ အလျင်လိုနေကြသော လက်များ ခြေထောက်များနှင့် နှိုင်းယှဥ်လျှင် ကျိုးမုန့်နှင့် ဟူမြောင်တို့၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းက ပျော်စရာကောင်းကာ ပနံသင့်နေကြသည်။
ကျိုးမုန့်နှင့် ဟူမြောင်တို့က ပရိုဂရမ်၏ လူကြည့်များရန်အတွက် အကြီးမားဆုံး အရင်းအမြစ်များ ဖြစ်ကြလေသည်။ ဗီဒီရို ရိုက်သူများကလည်း သူတို့ကို အထူးဂရိုက်စိုက်လေ၏။ ရိုက်ချက်ထောင့်များနှင့် ကင်မရာ မြင်ကွင်းကလည်း အလွန်အသေးစိတ်ကျလှပေသည်။
ထိုအချိန်တွင် ကင်မရာမန်းက ကျိုးမုန့်၏ ဆူရှီကိုင်ထားသော လက်သွယ်သွယ်လေးကို ရိုက်နေသည်။ ထို့နောက် သူက ကင်မရာကို မြင်ကွင်းတွင် သူမ၏ နူးညံ့လှပသော မျက်နှာလေးပေါ်လာသည်အထိ တဖြည်းဖြည်း အပေါ်သို့ ဆွဲရိုက်သွားသည်။
ဟူမြောင်က ကျိုးမုန့်ကို ကူညီပေးနေပြီး နှစ်ယောက်သားက မကြာခဏ အပြန်အလှန် ပြုံးပြနေကြသည်။ ထိုတိုက်ရိုက်ထုတ်လွှင့်မှု၏ စကားပြောခန်းက မီးတောက်များ ပေါက်ထွက်တော့မတတ်ပင်။
[အား... အား... အား... အိုင်ဒေါ ဒရာမာတွေထဲက ပြကွက်လေး... ငါ့ CPက အစစ်မှန်ဆုံးပဲ]
[ မုန့်မုန့်က တော်လိုက်တာ... ဆူရှီက ပရော်ဖက်ရှင်နယ်တွေထက် မဆိုးနိုင်လောက်ဘူး]
[မဆိုးရုံတင်မကဘူး... ဆိုင်မှာပါ ရောင်းနိုင်လောက်တယ်... ငါ့နတ်ဘုရားမလေးက အရမ်းတော်တာပဲ]
[ ငါကတော့ ငါ့ကောကော လုပ်ထားတဲ့ ဆူရှီကို တကယ်စားချင်နေပြီ... မြို့တော်က ဖန်တွေကို မနာလိုလိုက်တာ]
...
ထန်ချောင်းချောင်းက ပြုလုပ်ထားသော ဘန်းမုန့်များကို ရေတွက်လိုက်ပြီး ဒယ်ပြားပေါ်တွင် ဆီပါးပါးလေး ဝဲလိုက်လေသည်။ သူမက ဘန်းကိတ်များကို အတွင်းမှအပြင်သို့ စက်ဝိုင်းပုံစံ နေရာချလိုက်သည်။ ဘန်းမုန့် အားလုံးပေါင်း အခု80ကို ဒယ်ပြားပေါ်တွင် တစ်ခါတည်း ထားလို့ရသည်။
ဒယ်ပြားပေါ်တွင် ကြော်နေသော ဘန်းမုန့်များ၏ အောက်ခြေက အနည်းငယ် ရွှေညိုရောင် သန်းလာသောအခါ သူမက ရေထည့်ကာ အဖုံးအုပ်လိုက်သည်ပြီး မီးမျှင်းမျှင်းဖြင့် တည်ထားလိုက်သည်။
ထန်ချောင်းချောင်းက ချက်ပြုတ်နေစဥ်ပင် သူမက သူမလက်ထဲမှ ဝိဥာဏ်စွမ်းအင်များကို စုစည်းစေကာ အစားအသောက်ထဲကို စိမ့်ဝင်သွားစေခဲ့သည်။
ထိုအချိန်တွင် ဝေ့ရီချီကလည်း မုန့်သားကို ဆေးကြောပြီးသွားပြီ ဖြစ်သည်။ ဝက်ရိုးစွပ်ပြုတ်ကလည်း အချိန်အတော်ကြာ တည်ထားပြီးသား ဖြစ်ပြီး မီးဖိုချောင်တစ်ခုလုံးတွင် အရိုးစွပ်ပြုတ်၏ အရသာရှိဖွယ် ရနံ့လေးက မွှေးပျံ့နေလေသည်။
ထို အစပ်စွပ်ပြုတ်၏ ပါဝင်ပစ္စည်းများက တစ်နေရာနှင့် တစ်နေရာ ကွာခြားလေသည်။ ထန်ချောင်းချောင်းက မှိုခြောက်များ၊ ပင်လယ်မှော်ပင်၊ ပဲပြားတို့ဟူး၊ မြေပဲများနှင့် မုန့်သားများကို ရွေးချယ်ခဲ့သည်။
မြေပဲက ကျက်ဖို့ အချိန်အနည်းငယ် ယူရသည်။ ထို့ကြောင့် သူမက ယင်းတို့ကို စွပ်ပြုတ်ထဲ လောင်းထည့်ကာ အချိန်ခဏကြာ ချက်ပြုတ်ခဲ့သည်။ ထို့နောက် သူမက ကြက်သွန်မြိတ်၊ ဂျင်း၊ ကြာညို့အကြည်၊ ဆားနှင့် အစပ်မှုန့် ပမာဏ အသင့်အတင့်ကို ဖြူးလိုက်သည်။
Xxxxxxxx