Chapter 9
ဟူလာထန်း ခေါ် ငရုတ်ကောင်းစွပ်ပြုတ်ပူပူလေးတွင် ငရုတ်ကောင်း ခပ်များများ ထည့်ရန် လိုအပ်ပေသည်။ ထို့ကြောင့် သူမက ပုံမှန်ထက် ပိုဖြူးလိုက်သည်။
ထို့နောက်က သူမက ရေဆေးထားသော မုန့်သားများကို လက်ဖြင့် အတုံးလေးများ တုံးကာ စွပ်ပြုတ်ထဲကို ထည့်လိုက်သည်။ မုန့်သားများ ပေါ်လာပြီးသောအခါ သူမက ရေစိမ်ထားသော ဒေးလီလီ ပန်းခြောက်များ၊ မှိုများ နှင့် အခြားသော ပါဝင်ပစ္စည်းများကို တစ်ခုပြီးတစ်ခု ထည့်လိုက်သည်။
နောက်ဆုံးအဆင့်ကတော့ ဝေ့ရီချီဆေးထားသော မုန့်နှစ်များကို သုံးကာ ဟင်းရည်ကို ပျစ်လာအောင် လုပ်ခြင်းပင် ဖြစ်သည်။
ထန်ချောင်းချောင်းက သစ်သားဇွန်းဖြင့် အဆက်မပြတ် မွှေနေစဥ်တွင် ဝေ့ရီချီက မုန့်နှစ် ပန်းကန်တစ်ခုကို သယ်လာပြီး စွပ်ပြုတ်ထဲသို့ ဖြည်းညှင်းစွာ လောင်းထည့်လိုက်သည်။ တဖြည်းဖြည်းနှင့် အနံ့မွှေးကြိုင်ကာ စားချင့်စဖွယ် ဖြစ်သော ငရုတ်ကောင်း ဟင်းရည်ပူတစ်အိုးကို ပြုလုပ်ပြီးသွားလေသည်။
ဝေ့ရီချီက အသက်ပြင်းပြင်းရှုလိုက်ပြီး သွားရည်မျိုချလိုက်သည်။ "အနံ့လေးက အရမ်းမွှေးတာပဲ"
သူက ကြည့်လိုက်ပြီးနောက် မတတ်နိုင်ဘဲ "ဖူး... "ဟူးသော အသံကို ပျော်ပျော်ရွှင်ရွှင် ထုတ်လိုက်လေ၏။ ထန်ချောင်းချောင်းကတော့ သူမမျက်နှာမှာ အဖြူရောင်များ ပေကျံနေသည်ကို မသိလိုက်။
"အစ်မချောင်းချောင်း.. အစ်မမျက်နှာမှာ ဂျုံမှုန့်တွေ ပေနေပြီ"
"အာ... ဘယ်နားမှာလဲ?" ထန်ချောင်းချောင်းက တစ်သျူးစ တစ်စဖြင့် သူမမျက်နှာကို ပွတ်လိုက်သော်လည်း မပြောင်သွားပေ။
ဝေ့ရီချီက သူမမျက်နှာကို သုတ်ပေးရန် လက်ဆန့်လိုက်သော်လည်း ရုတ်တရက်ပင် ထိုအပြုအမူက မသင့်တော်မှန်း တွေးမိသွားသည်။ ထို့ကြောင့် သူ့ဖုန်းကိုသာ ထုတ်ကာ ထန်ချောင်းချောင်းအတွက် မှန်တစ်ချပ်သဖွယ် သူ့လက်နှစ်ဖက်လုံးဖြင့် ကိုင်ပေးထားလိုက်သည်။
"အခု တွေ့ပြီလား?"
ထန်ချောင်းချောင်းက ဖုန်းအနားကို တိုးပြီး ကိုယ်ကို ကိုင်းကြည့်လိုက်သောအခါ အမှုန့်များပေနေသော နေရာကို တွေ့လိုက်ရသည်။ သန့်ရှင်းပြီးသော အခါတွင်တော့ သူမ သူ့ကို ပြုံးပြလိုက်လေသည် "ကျေးဇူးပါပဲ"
"မဟုတ်ပါဘူး... ရပါတယ်" ဝေ့ရီချီ ရုတ်တရက် ရှက်သွေးဖြာသွားတော့သည်။
[အမေရေ... ချိုလိုက်တာ....
အူးးးးးးးးးးးးးးးးးးး]
[ငါတော့ ဝေ့ရီချီ သူ့အတွက် သုတ်ပေးမယ်လို့ ထင်လိုက်တာ... ဒါပေမယ့် ငါ့ရဲ့ ပါပီလေးက မိန်းကလေးတွေရဲ့ နှလုံးသားကို ချက်ချင်းထိသွားဖို့ လှည့်စားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး... လူကြီးလူကောင်း ဆန်ချက်ပဲ]
[ကောကောက အရမ်း.... ဝူး ဒီမားမားက မင်းကို အချစ်မှာ ပျော်ဝင်မသွားဖို့ တားမြစ်တယ်နော်]
[ဘာမှမသိရင် သေလိုက်တော့... ငါကတော့ ဘန်းမုန့်ကြော်လေးနဲ့ စွပ်ပြုတ်ပူပူလေးကို စားချင်နေပြီ... ကြည့်ကြစမ်းပါအုံး... အရသာရှိမဲ့ပုံလေး]
....
ဗီလာတွင်ရှိနေသော အခြားယောကျ်ားတစ်ယောက်ကတော့ တိုက်ရိုက်ထုတ်လွှင့်မှု စကားပြောခန်းမှ မှတ်ချက်များကို တစ်ခုပြီးတစ်ခု ကျော်ကြည့်နေခဲ့သည်။ ထန်ချောင်းချောင်း၏ ဝေ့ရီချီကို ပြုံးပြနေသော မျက်နှာလေးကို တွေ့လိုက်သောအခါ သူက သူမနှင့် ရှန်းလျန့်တို့၏ ကောလဟာလများကို တွေးမိသွားခဲ့သည်။
သူ့မျက်လုံးထဲတွင် လှောင်ရယ်မှုများ ထင်ဟပ်လာသည်။ သူမရဲ့ သဘာဝက ပြောင်းလဲဖို့ ခဲယဥ်းပြီး သူ့ရှေ့မှာ သူ့အပေါ် ကောင်းချင်ယောင်ဆောင်နေသေးသည်။
သူက တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်ကာ သူ့ဖုန်းကို ဘေးသို့ လွှင့်ပစ်လိုက်တော့သည်။
....
ဒယ်ပြားပေါ်တွင် ကြော်ထားသော ဘန်းမုန့်များက အဆင်သင့် ဖြစ်နေလေပြီ။
ထန်ချောင်းချောင်းက အဖုံးကို ဖွင့်လိုက်သောအခါ အနံ့မွှေးမွှေးလေးက တိုးဝှေ့ကာ ထွက်ပေါ်လာခဲ့သည်။ ဘန်းမုန့်များက တစ်ခုနှင့်တစ်ခုကပ်ကာ သပ်သပ်ရပ်ရပ် စီထားပြီး ဖြူဖွေးပြီး ဝဖြိုးသော ဘန်းမုန့်များက ဖောင်းကားနေကြသည်။ မည်သည့်ဘန်းမုန့်တစ်ခုကမှ ပါးလျမနေပေ။
မုန့်သားပေါ်တွင် နှမ်းမဲစေ့နှင့် ကြက်သွန်မြိတ်တို့ ဖြူးထားပြီး အသား၊ကြော်ထားသော ဘန်းမုန့်နှင့် နှမ်းစေ့တို့၏ အနံ့များက အပူငွေ့များထဲတွင် ရောနှောနေကြလေသည်။ ထိုအရာက ရုတ်တရက်ပင် လူတိုင်း၏ နှာခေါင်းဖျားထဲသို့ တိုးဝင်သွားကာ အစာအိမ်ထဲမှ စားချင်စိတ်ကို နှိုးဆော်နေကြလေသည်။
သူတို့၏ video ရိုက်သူက ဘန်းမုန့်များကို မြင်ကွင်း360°လုံး ရိုက်မိနိုင်ရန် ကင်မရာကို ချိန်နေသည်။ သူက မနေနိုင်တော့ဘဲ ရိုက်ကူးရေးလုပ်နေစဥ်မှာပင် တံတွေးမျိုချနေရသည်။
ဝေ့ရီချီက လက်ထဲတွင် တူနှင့် ခွက်ကိုင်လျက်သား စောင့်နေပြီး သူ့မျက်လုံးများကလည်း ရွှန်းစို တောက်ပနေသည်။
ထန်ချောင်းချောင်းက ရယ်မောလိုက်ပြီး ပြောလိုက်သည်၊
"လာလေ... အစ်မ မင်းကို အရင် မြည်းခိုင်းမယ်" သူမက ဝေ့ရီချီကို ဘန်းမုန့်လေးခု သပ်သပ်ရပ်ရပ် ထည့်ပေးလိုက်ကာ ငရုတ်ကောင်းစွပ်ပြုတ် တစ်ခွက်ကိုလည်း ခပ်ထည့်ပေးလိုက်သည်။
ကင်မရာမန်း တစ်ယောက်သာ ထိုနေရာတွင် ရှိနေသည်။ ထန်ချောင်းချောင်း၏ နေရာက ကျဥ်းလွန်းလှသည်။ မီးဖိုချောင်ရှေ့မှ တပ်ဆင်ထားသော ကင်မရာကလွဲ၍ ကင်မရာမန်းတစ်ယောက်သာ ရိုက်ကူးရန်အတွက် သူတို့နောက် လိုက်ရသည်။ ဒါရိုက်တာ အပါအဝင် လူတိုင်းက ရိုက်ချက်များကို ကြည့်ဖို့ လိုပေသည်။
ဒါရိုက်တာက ထန်ချောင်းချောင်းကို အချက်အပြုတ်တော်ကာ အစားအစာများကလည်း ကြည့်၍ ကောင်းမည်ဟု မထင်ထားခဲ့ပေ။ သူက အပျက်အစီးများကြားမှ ရတနာတစ်ခု ကောက်မိသလို ခံစားလိုက်ရသည်။
အခြားသော ဝန်ထမ်းများကလည်း အလုပ်ကြိုးစားနေပြီး အားကျနေသော ထိုကံကောင်းသည့် ကင်မရာမန်းကို ကြည့်လိုက်ကြသည်။ထိုအရာက အမှန်တကယ် အရသာ ရှိသည်လား။
အရသာ ရှိသည်ထက် ပိုလေ၏။
ဘန်းမုန့်ကြော်က ပါးသော်လည်း ကြွပ်ဆတ်သည်။ အောက်ခြေက ရွှေရောင်သန်းကာ ကြွပ်ရွနေသည်။ ဝေ့ရီချီ က ဘန်းမုန့်ကို ကိုက်လိုက်ပြီးလတ်ဆတ်ကာ နူးညံ့သော အနှစ်ရည်များက လျှောဝင်သွားခဲ့သည်။ အနည်းငယ်ပူသော်လည်း ဟင်းအနှစ်ရည် အရသာများက ပါးစပ်အပြည့် ပေါ်ထွက်လာသည်။ ဗင်နီဂါလေးပါ ထပ်ဆမ်းလိုက်သောအခါ ထိုနောက်ပိုင်းအရသာလေးက အဆုံးမရှိတော့ပေ။
ဘန်းမုန့်များ စားပြီးနောက် သူက အစပ်ဟင်းရည်ကို တစ်ငုံလောက် သောက်လိုက်သည်။ ငရုတ်ကောင်းဟင်းရည်ပူက ပျစ်နှစ်နေကာ အနံ့ကလည်း မွှေးသေးသည်။ ဒေးလီလီနှင့် ပင်လယ်ရေမှော်တို့က စိတ်ကို လန်းဆန်းသော အရသာပေးပြီး မုန့်နှစ်များကလည်း စွပ်ပြုတ်ထဲတွင် ပျော်ဝင်သွားကြသည်။ ထိုအရာကို တစ်လုတ်ပြီး တစ်လုတ် ကိုက်ဝါးရသည်မှာ ကျေနပ်ဖွယ်ပင်။
[အမလေး ဘုရားရေ...သူက အားရပါးရ စားနေတာ... ငါလည်းဗိုက်ဆာလာပြီ... ငါလည်း ဘန်းမုန့်ကြော်နဲ့ အစပ်ဟင်းရည်လေး မှာချင်တယ်လို့]
[ငါ့တံတွေးတွေ ထွက်ကျနေပြီ... ပထမဆုံးအကြည့်မှာတင် ဘန်းမုန့်က စားကောင်းမဲ့ပုံ ပေါ်နေတယ်]
[ဖုန်းမျက်နှာပြင်ကနေ ဖြတ်ပြီး အနံ့ရလာသလိုပဲ... အိုး မွှေးလိုက်တာနော်... ငါ့နားကို ထပ်ပြီး ကပ်မလာပါနဲ့တော့...ငါ ဝိတ်ချဖို့ ကြိုးစားနေတာ]
ထန်ချောင်းချောင်းလည်း မနေနိုင်ဘဲ ဘန်းမုန့်နှစ်ခု စားလိုက်သေးသည်။ သူမက ကင်မရာမှန်ဘီလူးများကို ကြည့်လိုက်ပြီးနောက် သူမက ကြည့်ရှုသူများကို မေ့မထားသင့်ကြောင်း သတိရသွာတော့သည်။
သူမက သူမကိုက်ထားသော ဘန်းကိတ်ကြော်ကို ကင်မရာရှေ့တွင် မြှောက်ပြလိုက်ပြီး အသားများပြည့်နေသော ဘန်းမုန့်များကို ဆွဲယူကာ နှစ်ကြိမ်မျှ လှုပ်ခါ ပြလိုက်သည်။
"ကျွန်မတို့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေတဲ့သူတွေ ရှိကြလား... ဒါဆိုရင်... မင်းတို့ကို ပြမယ်... အသားတွေ ပြည့်နေတာပဲ... ကျွန်မက အသားကို အကြိုက်ဆုံးပဲ"
ထန်ချောင်းချောင်းက ဆက်၍ ကြော်ငြာများကိုလည်း ထပ်ပေါင်းပြော လိုက်သေးသည်၊
"ရောင်းကုန်သွားတဲ့အထိ စောင့်မနေပါနဲ့.. ဒီကိုလာပြီး အရသာကောင်းမကောင်း လာမြည်းပေးကြပါ"
[ဝေးဝေးသွား... ငါမြို့တော်က မဟုတ်လို့ မင်းငါ့ကို နှိပ်စက်နေတာပဲ... ဝူး ဝူး]
[သတိပေးလို့ ကျေးဇူးပါ... ငါက အပြင်ထွက်ပြီး မစားချင်ခဲ့ဘူး... ဒါပေမယ့် မင်းရဲ့စားသောက်ဆိုင်က ငါ့အိမ်နဲ့နီးနေတယ်... ငါအခုပဲ ထွက်လာပြီ... ငါ့အတွက်တစ်ပွဲနော်]
[အပေါ်ထပ်ကလူရေ.. သွားနော်... ပြီးရင် ငါတို့အတွက်ပါ စားခဲ့ပေး]
[သရုပ်ဆောင်တာကလည်း အတုဆန်လိုက်တာ... သူက ဒယ်ပြားပေါ်မှာ ကြော်ထားတဲ့ ဘန်းကိတ်တွေကို တစ်ခါမှ မစားဖူးရင် ဒါက အရသာရှိမရှိ ဘယ်လိုသိမှာလဲ?]
[ဒုတိယ အကြိမ် ပြန်မန့်တယ်... ဘန်းမုန့်လုပ်တာ ဘာကောင်းလို့လဲ... ကျိုးမုန့်လုပ်ထားတာလေးကမှ အနုပညာလက်ရာလို့ ခေါ်တာ]
ညနေ လေးနာရီ ထိုးသောအခါ အသင်းသုံးသင်းက အစားအစာကို တရားဝင် ရောင်းချရန်အတွက် အဆင်သင့် ဖြစ်နေကြပြီ။
ပရိုဂရမ်အဖွဲ့က တိုက်ရိုက်ထုတ်လွှင့်မှုကို အချိန်အကြာကြီး လွှင့်ခဲ့ရပြီး ဖန်များစွာကလည်း ရောက်ရှိနေကြသော်လည်း ဝန်ထမ်းများက သူတို့ကို တားထားတာ ဖြစ်သည်။ သူတို့ကို သွားခွင့် ပြုလိုက်သောအခါ ဖန်များစွာနှင့် ဖြတ်သွားဖြတ်လာများစွာက အစားအသောက်များ ဝယ်ရန် စုပြုံသွားတော့သည်။
စားသောက်ဆိုင် အပြင်ဘက်တွင် တစ်ဒါဇင်ထက်ပိုသော စားပွဲလေးများရှိသော်လည်း မလောက်ငှနိုင်ပေ။ မကြာမီပင် အသင်းတစ်ခုစီ၏ ပြတင်းပေါက်များ၌ လူတန်းရှည်ကြီး ရှိလာတော့သည်။
ထိုလူများကြားတွက် ကျိုးမုန့်နှင့် ဟူမြောင်တို့၏ ရှေ့တွင် လူတန်းအရှည်ဆုံး ဖြစ်နေသည်။ သူမ ပြုလုပ်ထားသော အရောင်အသွေး စုံလင်သည့် ဆူရှီက ကြည့်ကောင်းပြီး ခင်းကျင်းထားသောအခါ အလွန် အဆင့်အတန်း မြင့်သည့်ပုံပေါ်နေသည်။
ရှောင်ခယ်၏ အသင်းရှေ့တွင်လည်း လူတော်တော်များများ ရှိနေသည်။ နေ့လည်ချိန်တွင် အေးမြပြီး လန်းဆန်းသော မစ်တီး တစ်ခွက်သောက်လိုက်ရခြင်းက အလွန်လန်းဆန်းသွားစေသည်။
ထန်ချောင်းချောင်းနှင့် ဝေ့ရီချီတို့သာ အမေ့လျော့ခံနေကြရသည်။
ဝေ့ရီချီက အခြားအသင်းများ၏ ပြတင်းပေါက်များ အရှေ့က လူတန်းရှည်ကြီးကို ကြည့်ကာ သူ့မျက်လုံးများ ပူနွေးလာတော့သည်၊ "အစ်မချောင်းချောင်း... ကျွန်တော် ဝယ်သူတွေ သွားရှာလိုက်ရမလား"
ထန်ချောင်းချောင်း: "စိတ်မပူပါနဲ့... ခဏစောင့်ကြည့်လိုက်"
ထိုအချိန်တွင် ပိုနီတေး မြင့်မြင့်စီးထားသော မိန်းကလေးတစ်ယောက် သူတို့ဆိုင်ကို ရောက်လာခဲ့သည်
"အစ်မရဲ့ အစားအသောက်တွေက ဘယ်လောက်လဲ?"
ထန်ချောင်းချောင်းက ပြုံးပြလိုက်သည်၊
"ဘန်းမုန့်ကြော်တစ်ခုအတွက် ငါးယွမ်ပါ... အစပ်စွပ်ပြုတ်တစ်ခွက် အတွက်က သုံးယွမ်"
"ကျွန်မကို ဘန်းမုန့်သုံးခုနဲ့ အစပ်စွပ်ပြုတ်တစ်ခွက်ပေးပါ"
ဝေ့ရီချီက သူမအတွက် ခပ်မြန်မြန် ထည့်ပေးလိုက်ပြီးနောက် သူမက အစားအစာပန်းကန် ကို ယူသွားသည်။
ထိုမိန်းကလေး ရှောင်ရှောင်က တိုက်ိရုက်ထုတ်လွှင့်မှုတွင် သူမက ထိုနေရာအနီးတွင် နေထိုင်သည်ဟု ပြောခဲ့သော ကြည့်ရှုသူ ဖြစ်သည်။ သူမက ဘန်းမုန့်နှင့် ငရုတ်ကောင်းစွပ်ပြုတ်ကို ရသောအခါ ခုံအလွတ်တစ်ခုကို တွေ့လိုက်ပြီး ဝင်ထိုင်ကာစတင်စားသောက်တော့သည်။
သူမက ဖြူဖွေးပြီး ဆူဖြိုးလှသော ဘန်းမုန့်ကို မယူကာ ကိုက်စားလိုက်သည်။ သူမ၏ မျက်လုံးများ ရုတ်တရက် မြင့်တက်သွားတော့သည်။ သူမတွေးထားသည်ထက် ပို၍ပင် အရသာ ရှိသေးသည်။ တစ်ကိုက်ကိုက်ရုံမျှပင် အသားအရသာ အပြည့်ရနေသော်လည်း ဝက်သား၏ အသားနံ့ကို ရမနေပေ။
ငရုတ်ကောင်းစွပ်ပြုတ်အစပ်က အသီးအရွက်များစွာပါဝင်ပြီး အရသာကလည်း နူးအိနေသေးသည်။ အစပ်အရသာက အသင့်အတင့်သာ ဖြစ်ပြီး ပါးစပ်ကို ပူလောင်မသွားစေပေ။ သူမပို၍ဝါးလေလေ အနံ့လေးက ပိုမွှေးလာလေလေ ဖြစ်သည်။
အရသာ ရှိလွန်းသဖြင့် သူမငိုမိသွားသည်။ သူမလာရတာ အလကားမဖြစ်ခဲ့ပေ။
ရှောင်ရှောင်ဘေးတွင် ထိုင်နေသည့် အဖြူရောင်ဝတ်ထားသောမိန်းကလေးက ဆူရှီစားနေခဲ့သည်။ သူမက ပိုနီတေးစီးထားသော မိန်းကလေးက ပါးစပ်အပြည့်စားနေသည်ကို တွေ့လိုက်ပြီး အသားအနံ့က သူမ၏ နှာခေါင်းဝတွင် ဝေ့ဝဲလာတော့သည်။ သူမက ရုတ်တရက်ပင် သူမလက်ထဲက ဆူရှီအေးအေးကြီးက အရသာမဲ့သွားသလို ခံစားလိုက်ရသည်။
သူမက ကျိုးမုန့်၏ ဖန်ဖြစ်ပြီး မနက်အစောကြီးကတည်းက တန်းစီရန် လာခဲ့သည်။ သူမထံတွင် စားချင်စိတ် ကင်းမဲ့သည့် ရောဂါက အချိန်အကြာကြီး ရှိနေခဲ့တာ ဖြစ်ပြီး သူမ၏ မူရင်း ရည်ရွယ်ချက်သည်ကား သူမ၏ အိုင်လ်ဒေါကို ထောက်ပံ့ရန်သာ။ သူမက အရောင်အသွေးစုံလှသော ဆူရှီကို လက်တွင်ကိုင်ထားပြီး တစ်ကိုက်စားပြီးနောက်တွင် ဆက်မစားနိုင်တော့ပေ။
သို့သော်လည်း ယခုတွင် သူမက ဘန်းမုန့်ကြော်၏ အနံ့လေးကို ရနေပြီး သူမ၏ ပါးစပ်လေးက အမှန်တကယ်ပင် တံတွေးများ စိုစွတ်လာရတော့သည်။
သူမက လှမ်းမေးလိုက်သည်၊ "စားကောင်းလား"
ရှောင်ရှောင်က ပြင်းပြင်းထန်ထန် ခေါင်းညိမ့်ပြလိုက်သည်၊ "အရမ်းစားကောင်းတယ်... ရှင်လည်း ဝယ်ချင်လို့လား"
ရှောင်ရှောင်က လှည့်ပတ်ကြည့်လိုက်ပြီး သူမနောက်ထပ် မုန့်များ ထပ်ဝယ်ချင်သော်လည်း ထန်ချောင်းချောင်း၏ ပြတင်းပေါက်ရှေ့တွင် အနံ့၏ ဆွဲဆောင်မှုကြောင့် လူအနည်းငယ် ရှိနေကြပြီ။
"သွားပြီ... ရတနာလေးကို ရှာတွေ့ကုန်ကြပြီ... နောက်ထပ်မဝယ်ရတော့မှာတောင် စိုးရိမ်ရတယ်"
အဖြူရောင်ဝတ်မိန်းကလေးလည်း သံသယအတွေးများဖြင့် ရှောင်ရှောင်နှင့်အတူ လိုက်ပြီး တန်းစီလိုက်သည်။ တဖြည်းဖြည်းဖြင့် အတန်းတွင် လူပိုပိုများလာတော့သည်။
ကျိုးမုန့် ထိုအရာကို တွေ့သောအခါ သူမ၏ နှလုံးသားတွင် စိတ်ပူပန်မှု ခပ်ဖျော့ဖျော့လေး ပေါ်လာရတော့၏။
Xxxxxxx