part-88...
ယွမ်ရှက နွားနို့သောက်ပြီးသော်လဲအိပ်မပျော်နိုင်ဖြစ်နေပြီး ည၁နာရီထိုးမှသာနောက်ကျစွာအိပ်ပျော်သွားခဲ့သော်လဲနောက်တနေ့မနက် ၇နာရီတွင်သူမပုံမှန်အတိုင်းနိုးထလာခဲ့သည်။
မင်းတို့မှာကလေးရှိပြီဆိုတာနဲ့မနက်ပိုင်းပိုအိပ်ဖို့ လုံးဝမတွေးနဲ့တော့...
ယွမ်ရှအိပ်ယာမှထပြီးသည်နှင့်မျက်နှာသစ်သန့်ရှင်းရေးလုပ်ပြီး အောက်ထပ်သို့ဆင်းလာခဲ့လိုက်သည်။
စုန့်ထင်ရှန်းနှင့်ဝမ်လေးတို့သားအဖက ထမင်းစားပွဲတွင်ထိုင်ပြီးမနက်စာစောင့်မျှော်နေကြပြီဖြစ်သည်။စုန့်ထင်ရှန်းကယွမ်ရှအစောကြီးနိုးလာသည်ကိုမြင်လိုက်သောကြောင့်အံ့အားသင့်စွာလှမ်းမေးလိုက်သည်။
"မင်းမနေ့ညကအိပ်မပျော်ဘူးလို့ ပြောခဲ့တာမဟုတ်ဘူးလား..."
ယွမ်ရှက စုန့်ထင်ရှန်းနှင့်မျက်စောင်းထိုးနေရာတွင် ဝင်ထိုင်လိုက်ပြီးပန်ဒါမျက်လုံးများနှင့်အခုပဲသေတော့မလိုပုံစံမျိုးကြည့်လာလေသည်။
"ဘယ်လိုပဲဖြစ်ဖြစ် ၇နာရီမှာနိုးလာတာပဲလေ...အဲ့လိုမှမဟုတ်ရင်လဲ ကျွန်မဒီနေ့မျက်နှာပေါင်းတင်ဖို့အလှပြင်ဆိုင်သွားရမှာပဲ..."
အရင်ဘဝ၌ သူမ၏ဘဝပေးအခြေအနေက ထိုကဲ့သို့ဇိမ်ခံအခွင့်အရေးမျိုးမပေးခဲ့ပေ။သို့သော် သူမဒီနေရာသို့ပြောင်းလဲလာပြီးနောက် မူလပိုင်ရှင်၏အလှပြင်ဆိုင်များ၌ရှိသောပလက်တီနမ်ကဒ်၊စိန်ကဒ်များကို သူမသာမသုံးဆွဲလျှင်အလဟသဖြစ်သွားပေလိမ့်မည်။သူမမှန်ကိုမကြည့်လျှင်တောင်မှသူမ၏အလှအပတန်ဖိုးက 00001% ကျသွားပြီဖြစ်ကြောင်းသေချာသိပေသည်။
ဝမ်လေးသည် အလှပြင်ဆိုင်သို့ ယွမ်ရှနှင့်တကြိမ်လိုက်ခဲ့ဖူးလေသည်။ထိုအလှပြင်ဆိုင်မှာ ဝန်ထမ်းများဧည့်ခံသောလိမ္မော်ဖျော်ရည်နှင့် ကွတ်ကီးမုန့်များကိုစွဲစွဲမြဲမြဲမှတ်မိနေသေးသည်။ထို့ကြောင့် သူ့မျက်ဝန်းများကချက်ချင်းပင်တောက်ပလာပြီးသူ့အမေကိုပြောလိုက်သည်။
"မာမား သားလဲလိုက်မယ်..."
ယွမ်ရှ ခဏမျှစဉ်းစားလိုက်သည်။ယခု ဝမ်လေးတို့၏မူကြို၌ ကလေးအများစုဖျားနာနေကြသည်။၎င်းဖျားနာမှုက ကူးစက်တတ်သောရောဂါပိုးနှင့်ဆင်တူသောကြောင့်မိဘအများစုက သူတို့၏ကလေးများကိုယခုရက်ပိုင်းအတွင်းအိမ်တွင်သာစောင့်ရှောက်ထားရန်ဆရာများဆီသို့တိုင်ကြားခဲ့ကြသည်။ယွမ်ရှသည်လဲ ဝမ်လေး၏ဘေးကင်းလုံခြုံမှုအတွက်ထိုသို့သာပြုလုပ်ခဲ့သည်။
"သူ့ကိုခေါ်သွားလိုက်ပါ..."
စုန့်ထင်ရှန်း ယွမ်ရှကိုတချက်ကြည့်၍ပြောလိုက်သည်။
"မင်းတို့ ပြီးပြီဆိုတာနဲ့ ကိုယ့်ကိုရုံးမှာလာတွေ့လိုက်...ပြီးရင် အားလုံးညနေစာတူတူစားကြတာပေါ့..."
ယွမ်ရှက ယနေ့ စုန့်ထင်ရှန်းတယောက်ထူးဆန်းနေသည်ဟုခံစားမိလိုက်သည်။
သူက ဝမ်လေးတောင်မှမတောင်းဆိုပဲနဲ့...နေ့လည်စာတူတူစားဖို့ပြောနေတယ်ဟုတ်လား...
သို့သော်လဲ ဝမ်လေးရှေ့တွင် ချစ်ခင်သောမိဘများပုံစံဟန်ဆောင်မည်ဟုသဘောတူညီချက်ကိုသတိရသွားပြီးနောက် စုန့်ထင်ရှန်း၏ကမ်းလှမ်းမှုကိုနားလည်သွားလေသည်။
"ဒါဆိုလဲ ကောင်းပြီလေ..."
ယွမ်ရှ အသာအယာခေါင်းညိမ့်ပြလိုက်သည်။
စုန့်ထင်ရှန်းအလုပ်သို့ ထွက်သွားသည်နှင့်သူမအခန်းထဲသို့ပြန်ဝင်လာလိုက်သည်။ထို့နောက် မူလပိုင်ရှင်၏အလှပြင်ဆိုင်မန်ဘာကဒ်များကို ထုတ်၍ကြည့်လိုက်သည်။အလှပြင်ဆိုင်က စုန့်ထင်ရှန်း၏ရုံးနှင့်နီးလျှင် အကောင်းဆုံးဖြစ်ပေလိမ့်မည်။
သူမကမနက်အစောပိုင်းတွင် အဂ်လိပ်စာစကားပြောသင်တန်းရှိနေပြီး
နေ့လည်စာ စားပြီးနောက်မုန့်ဖုတ်သင်တန်းသွားရန်ရှိနေပေသည်။သူမ၏မနက်ပိုင်းသင်တန်းချိန်ပြီးသည်နှင့် အလှပြင်ဆိုင်သို့သွားလို့ရနိုင်ပေသည်။မူလပိုင်ရှင်၌အလှပြင်ဆိုင် မန်ဘာကဒ်များတောင်ပုံယာပုံရှိနေလေသည်။ယွမ်ရှ ပို၍များပြားသောကဒ်များကိုဆက်လက်ရှာဖွေနေစဉ်မှာပင်ဝမ်လေးက အနီရောင်အဖုံးနှင့်စာအုပ်ပုံစံတခုကိုဆွဲထုတ်၍သိချင်စိတ်အပြည့်ဖြင့်မေးလာလေသည်။
"မာမား ဒါဘာလဲ..."
ယွမ်ရှလှည့်ကြည့်လိုက်ရာ ဝမ်လေးလက်ထဲမှလက်ထပ်စာချုပ်ကိုတွေ့လိုက်ရသည်။ယွမ်ရှ ခဏမျှကြောင်အသွားပြီးနောက် သူမလက်ထဲမှကဒ်များကိုချလိုက်ကာဝမ်လေး၏လက်ထဲမှ လက်ထပ်စာချုပ်ကိုယူလိုက်သည်။
"ပေါင်ပေါင် ဒါကိုဘယ်ကရှာတွေ့တာလဲ..."
ဝမ်လေးက ဘီဒို၏ဒေါင့်ကိုလက်ညှိုးညွှန်ပြ၍ဖြေလိုက်သည်။
"အဲ့ဒီ့က..."
"ဒါက လက်ထပ်စာချူပ်လေ..."
ယွမ်ရှပြောရင်းဖြင့် အနီရောင်စာအုပ်အဖုံးကိုဖွင့်လိုက်သည်။ထိုစာအုပ်၏အတွင်းဘက်တွင် မူလယွမ်ရှနှင့်စုန့်ထင်ရှန်းတို့၏ဓာတ်ပုံရှိနေသည်။သူတို့နှစ်ယောက်စလုံးက အနီရောင်နောက်ခံအရှေ့တွင်အဖြူရောင်ဝတ်စုံကိုဝတ်ဆင်၍ရိုက်ထားခြင်းဖြစ်သည်။၎င်းကပွဲအခမ်းအနားတခုဖြစ်ကြောင်း ထင်ရှားသော်လဲ သူတို့နှစ်ယောက်စလုံး၏အပြုံးများကအားတင်းပြုံးထားရသည့်ပုံဖြစ်နေသည်။
ထိုဓာတ်ပုံကိုကြည့်ရသည်မှာ တကယ့်ကိုကို့ယို့ကားယားနိုင်လှသည်။
ယွမ်ရှ စာအုပ်ကိုပြန်ပိတ်တော့မည့်အချိန်တွင်အမှတ်မထင်စုန့်ထင်ရှန်း၏မွေးနေ့ကိုမြင်လိုက်ရလေသည်။
စက်တင်ဘာ ၂၁ရက် အဲ့တာဒီနေ့မဟုတ်ဘူးလား...ဒီနေ့ကစုန့်ထင်ရှန်းရဲ့မွေးနေ့လား...ဒါကြောင့်မလို့ ပထမဦးဆုံးအကြိမ်အဖြစ်နေ့လည်စာအတူတူစားဖို့ပြောခဲ့တာလား...
ယွမ်ရှက မူလပိုင်ရှင်၏မှတ်ဉာဏ်များထဲမှအချက်အလက်များကို ကြိုးစား၍ရှာဖွေကြည့်လိုက်သည်။သို့သော်လဲ ထူးဆန်းလှစွာပင်လွန်ခဲ့သည့် လေးနှစ်အတွင်းတွင် စုန့်ထင်ရှန်းသည် သူ့၏မွေးနေ့၌အတူတကွလက်ဆုံစားရန်ဘယ်တုန်းကမှမပြောခဲ့ဖူးပေ။
ဝမ်လေးက ယွမ်ရှ၏လက်ထဲမှလက်ထပ်စာအုပ်ကိုပြန်၍ဆွဲယူလိုက်သည်။
သူ စာအုပ်ထဲမှဓာတ်ပုံကို သေချာစွာကြည့်ပြီးနောက်မျက်တောင်တဖျပ်ဖျပ်ခတ်၍ ယွမ်ရှကိုကြည့်ကာမေးလာလေသည်။
"မာမား ဘယ်လိုဖြစ်ပြီးတော့ သားကဒီဓာတ်ပုံထဲမှာမပါတာလဲ...ပါပါးနဲ့မာမားတို့က သားမသိအောင်တိတ်တိတ်လေးသွားရိုက်ကြတာလား..."
"သားက ဒီမှာမရှိသေးတာလေ..."
"ဒါဆိုရင် သားကဘယ်ရောက်နေတာလဲ..."
ယွမ်ရှကလေးလေးကိုစနောက်လိုက်သည်။
"သားက ဘယ်မှာရောက်နေတယ်လို့ထင်လဲ..."
ဝမ်လေးကနှုတ်ခမ်းတင်းတင်းစေ့လိုက်သည်။ သူ့၏လက်ဖောင်းဖောင်းတုတ်တုတ်လေးများဖြင့် ယွမ်ရှ၏လက်ကိုအုပ်ကိုင်လိုက်ပြီးနောက် သူမ၏မျက်နှာကိုမော့ကြည့်ကာ သွားဖြူဖြူလေးများပေါ်အောင်ပြုံးပြလာလေသည်။
"သားက မာမားရဲ့နှလုံးသားထဲမှာ..."