အပိုင်း (၈၉)
Viewers 31k

Part 89


ယွမ်ရှက ယနေ့ စုန့်ထင်ရှန်း၏ မွေးနေ့ဖြစ်ကြောင်းရှာတွေ့သွားခဲ့သော်လည်း သူကိုယ်တိုင်က သူမကို မပြောခဲ့သလို သူမသည်လည်း အလျင်လို နေပြီဖြစ်သောကြောင့် သူ့အတွက် လက်ဆောက်မဝယ်တော့ရန် ဆုံးဖြတ်လိုက်သည်။


မည်သို့ပင်ဆိုစေ လူကြီးများအတွက် မွေးနေ့ဆိုသည်က ကိစ္စကြီးတစ်ရပ်လည်း မဟုတ်တော့ပေ။အတူတကွ အေးအေးဆေးဆေးလက်ဆုံစားရုံဖြင့် မွေးနေ့ပွဲ ကျင်းပဖို့ လုံလောက်သွားပေပြီ။


ယွမ်ရှက သူမ၏ ပေါက်စီလုံးလေးအား ချောမောခန့်ညား ချစ်စရာကောင်းသော ကောင်ကလေးဖြစ်အောင် ကြိုးစားပမ်းစားဆင်ရင်ပေးလိုက်သည်။


ဝမ်လေးကလည်း သူ့၏ အဝတ်အစားပုံစံနှင့်ပတ်သတ်၍ ကိုယ်ပိုင်ထင်မြင်ချက်လေးများရှိလေသည်။သူကဝတ်ဆင်မည့် အဝတ်အစားများကို ရွေးချယ်ပြီး ဖိနပ်ပါ ရွေးချယ်လိုက်သည်။


သူက ယွမ်ရှအပါအဝင် တခြားသူများအားလုံးကို ပြဿနာပေးခြင်းမရှိပေ။အများစုက ယွမ်ရှ၏ အကြံဉာဏ်များအတိုင်း သေချာစွာ နားထောင်ပေသည်။


ထိုမျှပင်မကသေးပဲ သူက ခပ်မိုက်မိုက်နှင့် စတိုင်မိုက်သည့် ပုံသဏ္ဍာန်ပေါက်နေရန်အတွက် အပြင်မထွက်ခင် နေကာမျက်မှန် တပ်လိုက်သေးသည်။အမေနှင့်သားအတွဲက နေကာမျက်မှန် ကိုယ်စီတပ်ကာ ကျောမတ်မတ်ဖြောင့်၍ ကားဂိုဒေါင်ဆီသို့ လျှောက်သွားလိုက်သည်။


သူတို့နှစ်ယောက်ကို ကြည့်ရသည်မှာ ကော်ဇောနီပေါ်တွင် ရှိုးလျှောက်လာသကဲ့သို့ပင်။


...


ယွမ်ရှ၏ နိုင်ငံခြားသား ဆရာမက ဝမ်လေးကို အလွန်နှစ်သက်သဘောကျလေသည်။သူလေးက စီအီးအို၏ သားတစ်ယောက်ဖြစ်ဖို့ ထိုက်တန်ပေသည်။


သူက တခြားကလေးငယ်များလို မသိနားမလည်စွာဖြင့် အမှားများလျှောက်လုပ်ခြင်းလည်းမရှိပေ။သူက မူကြိုသာတက်ရသေးသော်လည်း ရိုးရှင်းသောအင်္ဂလိပ်စကားများကို ပြောဆိုနိုင်နေပေသည်။ 


ဝမ်လေးက ဘာသာစကားစွမ်းရည်တွင် ဘုရားသခင်၏ လက်ဆောင်ရထားသကဲ့သို့ပင်။နိုင်ငံခြားသား ဆရာမဖြင့် တစ်မနက်ခင်း အချိန်ဖြုန်းလိုက်ရုံဖြင့် သူ့၏ စကားပြောစွမ်းရည်က သိသိသာသာပင် တိုးတက်လာပေသည်။


"နိုင်ငံခြားသား သူငယ်ချင်းတွေရှေ့မှာ မျက်နှာရအောင် လုပ်ပေးတဲ့အတွက် ပေါင်ပေါင်ကို ရေခဲမုန့် တစ်ခု ဆုချမယ်..."


ယွမ်ရှက ရေခဲမုန့်နှစ်ခု ဝယ်လိုက်ပြီးနောက် ဝမ်လေး၏ မျှော်လင့် စောင့်ဆိုင်းနေသော အကြည့်များအောက်မှာပင် တစ်ခု ကမ်းပေးလိုက်သည်။


ဝမ်လေးက ပျော်ရွှင်စွာဖြင့် လက်ခုပ်တီးလိုက်ပြီး ဖောင်းဖောင်းတုတ်တုတ်လက်ကလေးများဖြင့် ရေခဲမုန့်ကို ဆုပ်ကိုင်ထားလိုက်သည်။


ရေခဲမုန့် ကတော့လေးကို ကိုင်ကာ လျှာဖြင့် လျက်စားနေသော သူ့၏ အမူအရာလေးက အလွန်အမင်း ကျေနပ်နေဟန် ပေါ်နေလေသည်။


သူတို့သားမိနှစ်ယောက်လုံးက ဓာတ်ပုံ ရိုက်ရသည်ကို အလွန်အမင်းနှစ်သက်သောကြောင့် ရေခဲမုန့် ခွက်ကိုကိုင်ကာ နှစ်ယောက်သား ဓာတ်ပုံများစွာ ရိုက်လိုက်သေးသည်။


တကယ်တမ်းတွင် သူမနှင့် ဝမ်လေးတို့၏ မျက်နာတန်ဖိုးက ဘာမှ ထပ်ပြုပြင်စရာမလိုတော့အောင် ပြင်ထားသော်လည်း သူမက affect များကို သုံးနေဆဲဖြစ်သည်။


အကယ်၍ တခြားသူများသာ ယွမ်ရှ၏ ပို့စ်များကို အာရုံစိုက်နေမည်ဆိုပါက သူမ၏ သူငယ်ချင်းအသိုင်းအဝိုင်းသည် သူမ သိသိသာသာ ပြောင်းလဲသွားသည်ကို သတိပြုမိပေလိမ့်မည်။


မူလပိုင်ရှင်၏ ပို့စ်များက သူမ၏ ခရီးသွားခြင်း အတွေ့အကြုံများနှင့် ကျန်းမာပျော်ရွှင်ခြင်း ဘဝနေထိုင်မှုပုံစံကိုသာ မျှဝေထားခြင်းဖြစ်သည်။


သူမပို့စ်တင်သော အရေအတွက်က မများသော်လည်း တစ်ညအတွင်းမှာပင် ဇိမ်ကျကျ နေထိုင်မှု ပုံစံမှ တိတ်ဆိတ်သီးသန့်ဆန်သော အခြေအနေသို့ ပြောင်းလဲသွားသည်။


ယခုလက်ရှိ၌ သူမကိုယ်တိုင် ပြုလုပ်ထားသော အချိုပွဲများ၏ ဓာတ်ပုံများ (သို့မဟုတ်)ဝမ်လေး၏ ဓာတ်ပုံများကိုသာ ရှဲလေ့ရှိသည်။


မကြာသေးမီက တင်ခဲ့သော ပို့စ်များတွင် မူရင်းပိုင်ရှင်၏ ပလတ်စတစ်လို သူငယ်ချင်းများက ဒီအကောင့်က အခိုးခံလိုက်ရတာလား...ဒါ တခြားတစ်ယောက်သုံးနေတာလား ...နင် ကျိန်စာများ မိနေတာလား... စသည့် မေးခွန်းများကို မကြာခဏ မေးကြလေသည်။


ယွမ်ရှက ထိုသူတို့၏ မှတ်ချက်များကို လျစ်လျူရှုထားလိုက်သည်။ဆိုရှယ်မီဒီယာဆိုသည်မှာ သင့်၏ ဘဝအကြောင်းကို မျှဝေရမည့်နေရာမဟုတ်ပင်။


စုန့်ထင်ရှန်း အလုပ်ခဏအားသည့် အချိန်၌ သူဖုန်းကို ထုတ်ယူလိုက်ပြီး Wechat အကောင့်ကို ဖွင့်လိုက်သည်။သူကိုယ်သူ သတိမထားမိခင်မှာပင် တစ်နေ့တာအတွက် ယွမ်ရှမည်သည့် ပို့စ်အသစ်များ တင်ထားသည်ဆိုတာကို စစ်ဆေးသည့် အကျင့်တစ်ခု ဖြစ်လာခဲ့သည်။


မကြာသေးခင်ကမှ အသစ်တင်ထားသော ဓာတ်ပုံကို တွေ့လိုက်သည့်အခ်ျိန်၌ သူခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ထိုပုံကို သိမ်းယူထားလိုက်သည်။


ဒါပေါ့ ...သူထိုပုံကို like လည်းပေးလိုက်သေးသည်။


"CEO စုန့်..."


လက်ထောက်ချန်းက တံခါးကို ခေါက်၍ အသံပေးလိုက်ပြီး စုန့်ထင်ရှန်း တုံ့ပြန်သည့် အသံကိုကြားမှသာ တံခါးတွန်း ဖွင့်ဝင်လာခဲ့သည်။


"CEO ကို တွေ့ဖို့ မစ္စတာသွမ့် ရောက်နေပါတယ် ဒါက သူရဲ့ လိပ်စာကတ်ပါ..."


"မစ္စတာသွမ့် ..."


စုန့်ထင်ရှန်း ကတ်ကို ယူကာ ကတ်ပေါ်ရှိ ကုမ္ပဏီနာမည်ကို ကြည့်လိုက်သည်။သွမ့်ကော်ပိုရေရှင်းသည် ရှည်ကြာလှပြီဖြစ်သော မိသားစု ပိုင်ကုမ္ပဏီတစ်ခု ဖြစ်သော်လည်း မနိုင်နင်းသော စီမံခန့်ခွဲမှုများနှင့် ကုမ္ပဏီတွင် ပဋိပက္ခ ပြဿနာများကြောင့် လွန်ခဲ့သော ဆယ်နှစ်ခန့်မှ စတင်၍ ကျဆင်းလာခဲ့သည်။ကံကောင်းထောက်မစွာဖြင့် သွမ့်ကော်ပိုရေရှင်းကို ထောက်ပံ့ပေးထားသော ကုမ္ပဏီလုပ်ငန်းများစွာ ရှိနေသေးသည်။သို့မဟုတ်ပါက ၎င်းတို့၏ ကြီးကျယ်မြင့်မြတ်သော အပေါ်ယံ ပုံရိပ်ကိုပင် ထိန်းထားနိုင်တော့မည်မဟုတ်ပေ။


စုန့်ကော်ပိုရေရှင်းနှင့် သွမ့်ကော်ပိုရေရှင်းတို့က တူညီသော နယ်ပယ်တွင်မရှိသောကြောင့် ၎င်းတို့ ကြားထဲတွင် စီးပွားရေးသဘောတူညီချက်များ ဆက်ဆံပုံများ မရှိပေ။


ဒီတော့ အထွေထွေမန်နေဂျာ သွမ့်က သူ့ကို ဘာလို့ လာရှာတာလဲ ...စီးပွားရေးကိစ္စတွေ ဆွေးနွေးဖို့လား ပျက်စီးသွားတဲ့ သင်္ဘောတစ်စင်း တောင်မှပဲ အသုံးဝင်တဲ့ အစိတ်အပိုင်းတွေရှိသေးတာပဲလေ...


ပြောရမည်ဆိုလျှင် သွမ့်ကော်ပိုရေရှင်းဆိုသည်မှာ သက်တမ်းကြာပြီဖြစ်သော ကုမ္ပဏီကြီးတစ်ခု ဖြစ်သောကြောင့် စုန့်ထင်ရှန်း အနေဖြင့် သူတို့ကို မျက်နာသာပေးရပေမည်။


သူခဏမျှ တီးတိုးရေရွတ်လိုက်ပြီးနောက် ချက်ချင်းပြောလိုက်သည်။


"ငါ ဧည့်တွေ့ခန်းကို ချက်ချင်းသွားလိုက်မယ်..."