Chapter 17
ဝက်သားနှပ်ထမင်းပေါင်း
ကျန်းဝူက အရှေ့ဘက်မှ မြင်ကွင်းကောင်းသည့် နေရာကောင်းကို ဖမ်းဆုပ်ထားနိုင်ခဲ့သည်။
သို့သော်လည်း ပရိုဂျူဆာက မစ္စတာဖန်ကို မဖျောင်းဖျရုံမက ရိုက်ကူးရေးအဖွဲ့မှ ဓါတ်ပုံဆရာများကိုပါ ပုံကောင်းကောင်းလေးများ ရိုက်ရန်အတွက် ပြောလိုက်သေးသည်။ ဇာတ်ကားကို ကြော်ငြာဖို့ ဘယ်လောက် ကောင်းလိုက်တဲ့ အခွင့်အရေးလဲ... သူသာ အခွင့်ကောင်းမယူရင် အရူးဖြစ်သွားမှာပေါ့...
ထန်ချောင်းချောင်းက မစ္စတာဖန်နှင့် ဝက်သားနှပ်ထမင်းပေါင်း လုပ်ရန် ယှဥ်ပြိုင်ခဲ့သည်။
ဆရာဖန်က သူဓါးကို ဟင်းလှီးခုံပေါ်တွင် အားသုံးကာ စိုက်ထားလိုက်ပြီး ရက်စက်သည့်လေသံဖြင့်ပြောလိုက်သည်၊
"မိန်းကလေး... အခု အရှုံးပေးဖို့ နောက်မကျသေးဘူးနော်"
ထန်ချောင်းချောင်းက သူ့ကို အကြည့်တစ်ချက်မျှပင် မပေးခဲ့။ သူမက အဆီလွှာကောင်းနှင့် အသားတစ်လွှာပါသော ဝက်ဗိုက်သားတစ်တွဲကိုယူကာ ပို၍ အနံ့အရသာနှင့်ပြည့်စုံပြီး အရသာ ပိုကောင်းလာစေမည့် လက်မဝက်အရွယ် အံစာတုံးပုံစံသို့ လှီးဖြတ်လိုက်သည်။
"မင်း ဆန္ဒအတိုင်းပဲ" မစ္စတာဖန်က ဒေါသတကြီးဖြင့် ကြမ်းကြမ်းတမ်းတမ်း ပြောလိုက်ပြီး ပါဝင်ပစ္စည်းများကို စတင်လုပ်ဆောင်တော့သည်။
ထန်ချောင်းချောင်းက ကြက်သွန်နီ၏ ထိပ်နှစ်ဖက်ကို ဖြတ်ကာ အပေါ်ယံလွှာကို ခွာထုတ်လိုက်ပြီး ကြက်သွန်နီကွင်းလေးများဖြစ်အောင် လှီးလိုက်သည်။ ထို့နောက် သူမက နှင်းကဲ့သို့ ဖြူဖွေးသော ဝက်ဆီကို ဒယ်ခပ်စောက်စောက်ထဲတွင် ထည့်ကာ အပူပေးလိုက်ပြီး ကြက်သွန်ကွင်းများကို ရွှေညိုရောင်သန်းသည်အထိ ကြော်လိုက်သည်။ ထို့နောက် သူမက ဆီများကို ဖယ်ထုတ်ကာ နောင်အခါ အသုံးပြုရန်အတွက် ဘေးဖယ်ထားလိုက်သည်။
ထန်ချောင်းချောင်းက ချောမွေ့စွာ လှုပ်ရှားနေသည်။ သူမက အန်စာတုံးပုံ ဝက်သားတုံးလေးများကို မွှေကြော်ကြော်ရန်အတွက် ကြက်သွန်နီ၊ ဂျင်း၊ ကြက်သွန်ဖြူတို့ကို ဒယ်အိုးထဲသို့ ထည့်လိုက်ပြီး ဆီများသော အပိုင်းကို တဖြည်းဖြည်း မွှေနေလိုက်သည်။
သူမက အိုးတစ်ဝက်စာ အသားတုံးများကို ဒယ်အိုးထဲသို့ ထည့်လိုက်သည်။ မညီညာသော အပူချိန်ကို ကြည့်လိုက်ပြီးနောက် ဒယ်အိုးကို သူမအကျင့်အတိုင်း လှန်လိုက်လေသည်။
မီးတောက်က အိုး၏ အစွန်းတွင် တောက်လောင်နေပြီး လူတိုင်းမှင်တက်သွားရတော့သည်၊ "အိုးးးး"
ထိုအချိန်တွင် မီးဖိုချောင်တွင် ကူညီပေးနေသူက တစ်ဖက်ကို ရှင်းပြလိုက်သည်၊
"အိုးက တစ်ဆယ်ကီလိုထက်ပိုလေးတယ်... သူက လက်တစ်ဖက်တည်းနဲ့ မလိုက်တာ... သန်မာလိုက်တဲ့ မိန်းကလေး..."
'ဆယ်ကီလို...'
'သန်မာတဲ့ မိန်းကလေး'
သူမလက်က ဒီတစ်ခါလည်း မြန်သွားပြန်ပြီလား... လူတွေအများကြီး ကြည့်နေကြတာ သူတို့အားလုံး သူမကို ယောကျ်ားဆန်တဲ့ မိန်းကလေးလို့များ ထင်သွားကြမလားပဲ...
'မဖြစ်ဘူး... လုံးဝ အလုပ်မဖြစ်စေရဘူး'
ထန်ရှောင်းရှောင်းက တစ်ချက်မျှ ဥာဏ်ပြေးသွားခဲ့သည်။ သူမက အိုးလက်ကိုင်ကို ကိုင်ကာ အပေါ်အောက် လှန်လိုက်သည်။ သို့သော်လည်း ဒီတစ်ကြိမ်တွင် သူမက မရုံလေးတင် မလိုက်ကာ သူမလက်များကလည်း တုန်ယင်နေပြီးနောက် ပြန်ချထားလိုက်သည်။
"အရမ်းလေးတာပဲ... ကျွန်မလက်တောင် ကျိုးတော့မှာလားလို့" ထန်ချောင်းချောင်းက လက်ကောက်ဝက်ကို ခါလိုက်ပြီး အားနည်းသယောင် ဟန်ဆောင်လိုက်သည်။
ဆရာဖန်က သူမကို အထင်သေးစွာ ကြည့်လိုက်သည်။ ခြေလက်သေးသေးလေးများဖြင့် ထိုမိန်းကလေးက အိုးကို လှန်ရန် ကြိုးစားနေသေးသည်။ သေချာပေါက် သူမ မလုပ်နိုင်ခဲ့ပေ။
အခုလေးတင် သူမက သူမ၏ ကျွမ်းကျင်မှုများကို ကြွားလုံးထုတ်ရန်အတွက် ခန္ဓါကိုယ်တစ်ခုလုံးမှ ခွန်အားများကို သုံးကာ အိုးကို လှန်ပြလိုက်ခြင်းပင် ဖြစ်ရမည်။ ဆရာဖန်က ထန်ချောင်းချောင်းတွင် အပြောကြီးသော ပါးစပ်လေးသာ ရှိသည်ဟု ပို၍သေချာသွားတော့သည်။
ကျန်းဝူ၏ တိုက်ရိုက်ထုတ်လွှင့်မှုက ဆက်လွှင့်နေဆဲ ဖြစ်ပြီး ကြည့်ရှုသူအရေအတွက်က 500000ထက် ပိုကျော်သွားခဲ့သည်။
[ချောင်းချောင်း ပထမတစ်ချက် လှန်လိုက်တာက အရမ်းငြိမ်တာပဲ... ဘာလို့ ဒုတိယတစ်ခေါက် မလုပ်နိုင်တော့တာလဲ...]
[ငါတော့ မလုပ်နိုင်ဘူး... ဒယ်အိုးကို လှန်လိုက်ရတာက လက်မောင်းအားကို သုံးရတယ်... ပြီးတော့ ချောင်းချောင်းက အားနည်းတဲ့ မိန်းကလေးလေ]
[ဘာဖြစ်ကြတာလဲ... ငါအခုမှ ရောက်လာတာ... ဒါ ငါပထမဆုံးအကြိမ် သရုပ်ဆောင်တစ်ယောက်က ရိုက်ကူးရေးမှာ မိတ်ကပ်လိမ်းပြီး ဟင်းချက်ပြတာကို မြင်ဖူးတာပဲ]
[မြေခွေးမတစ်ယောက်ရဲ့ ခေတ်သစ်ဘဝ ရှင်သန်ရေးလေ... ဘဝက အရမ်းခက်ခဲတာပဲ... ဟားဟားဟား]
ဝက်ဗိုက်သားကို နှစ်ဖက်လုံး ကြော်ပြီးသွားသောအခါ အနည်းငယ် ကျွမ်းလာခဲ့သည်။ ထန်ချောင်းချောင်းက လှီးထားသော ကြက်သွန်နီ၊ စမုံစပါး၊ ငါးမျိုးသွယ်ဟင်းခတ်မှုန့်၊ သကြားခဲ၊ ဟင်းချက်ဝိုင်၊ ပဲအနှစ်ဆော့စ်နှင့် သင့်တော်သော ပမာဏရှိသည့် ရေနွေး အနည်းငယ်ကို အိုးထဲသို့ ထည့်လိုက်သည်။ သူမက အညီအမျှ ကျက်လာသည်အထိ မွှေလိုက်ပြီး မီးမျှင်းမျှင်းဖြင့် နှပ်ရန် အိုးတစ်လုံးထဲသို့ ပြောင်းလိုက်သည်။
ထန်ချောင်းချောင်းက အခြားအိုးတစ်လုံးထဲတွင် ကြက်ဥများကို အနှစ်များ ကျက်သည်အထိပြုတ်လိုက်ပြီး အခွံများကို ခွာကာ ဝက်သားနှပ်နှင့်အတူ မီးအေးအေးဖြင့် ချက်လိုက်သည်။
ဝက်သားနှပ်ကို စောင့်နေသည့်အချိန်တွင် ထန်ချောင်းချောင်းက အိုးများနှင့် ဒယ်အိုးများကို ဆေးကြောကာ ဝက်သားနှပ်ထည့်ရန်အတွက် အဖြူရောင် ကြွေပန်းကန်ကို ဘေးတွင် ချန်ထားလိုက်ပြီး စားပွဲပေါ်ကို ပြောင်လက်သွားသည်အထိ သုတ်နေလိုက်သည်။
ဆရာဖန်က သူ့လက်များကို တင်ပါးတွင် သုတ်လိုက်ပြီး ပြောလိုက်သည်၊
"ဒီလို ခပ်မြန်မြန် လှုပ်ရှားလိုက်တာက အသေးအဖွဲ့ကိစ္စတွေ လုပ်နေတာထက် ပိုအသုံးဝင်တယ်"
"အနည်းဆုံးတော့ ကျွန်မက ဝမ်းလျှောမှာကို စိုးရိမ်စရာမလိုဘဲ စားလို့ရတယ်လေ"
ထန်ချောင်းချောင်းက တိတ်တိတ်လေး နောင်တရသွားသည်။ အကယ်၍ ထိုဟင်းပွဲကသာ ထိုကဲ့သို့ စားဖိုမှုးချက်ထားသည်ကို သိခဲ့ပါက သူမတစ်ကိုက်တောင် ကိုက်ခဲ့မည်မဟုတ်ပေ။
ဝေါ့.[ပုံ]
ထန်ချောင်းချောင်းနှင့် ဆရာဖန်တို့က တစ်ချိန်တည်းတွင်ပင် အသင့်ဖြစ်နေကြပြီ။ နှစ်ယောက်လုံးက အပြင်ဘက်ရှိ စားပွဲအလွတ်ပေါ်သို့ ပန်းကန်လုံးများယူလာခဲ့ကြသည်။
သူတို့အဖုံးကို ဖွင့်လိုက်လိုက်ချင်းပင် အသားနံ့က တထောင်းထောင်းထနေသော အပူငွေ့နှင့် ရစ်ပတ်ကာ ပေါ်ထွက်လာသည်။ လူတိုင်းက အတူတကွပင် ဝက်သားနှပ်နှစ်အိုးကို ကြည့်လိုက်ကြသည်။ ဆရာဖန်က ရက်ရောသည်မှာ ရှားပါးလှပေသည်။အသားကို ခပ်ထူထူလှီးထားပြီး လေးလံသေးသည်။ အတုံးက အလွန်ကြီးသောကြောင့် အဆီများကလည်း ပို၍ပင် ပေါ်လွင်နေသည်။ ကြည့်ရသည်မှာ ချွဲကျိမည့်ပုံပေါ်နေပြီး အရောင်ကလည်း အလွန်မှောင်မဲနေသည်။
လူတိုင်းက အခြားအိုးကို ကြည့်လိုက်ကြပြီး ထန်ချောင်းချောင်း၏ ဝက်သားနှပ်ထံမှ ညှို့ယူခံလိုက်ရသည်။
အနံ့က အလွန် ဆွဲဆောင်နေပြီး အရောင်ကလည်း နီညိုရောင်သန်း၍ ဆီဝေ့နေကာ အသားကလည်းထူသည်။ အကြည့်တစ်ချက်မှာပင် လူတိုင်း၏ စားချင်စိတ်ကို နှိုးဆွနေလေသည်။
လူတိုင်းက အော်ဟစ်လိုက်ကြသည်: "ငါတော့ ထန်ချောင်းချောင်းချက်တာပဲ စားမယ်"
"ငါလည်း ဒါပဲ စားမယ်"
ထန်ချောင်းချောင်းက ရယ်မောလိုက်သည်၊ "လူတိုင်းတန်းစီပြီး တစ်ယောက်ချင်းစီပဲ လာကြပါ"
ဆရာဖန်က အလွန် ဒေါသထွက်သွားတော့၏။ ထိုကြွက်စုတ်များက သူ့ကို မြဲဖားယားနေတတ်ကြသော်လည်း ယခုတွင်မူ သူ့ကို မျက်နှာသာပေးမလာခဲ့ကြပေ။
သူက ရင်းနှီးနေသော ရိုက်ကူးရေးအဖွဲ့သား နှစ်ယောက်သုံးယောက်ကို သာမာန်ကာလျှံကာ ဆွဲခေါ်လိုက်သည်၊
"သောက်ကျိုးနဲကောင်တွေ... ဒီလောင်ဇီချက်ထားတာ တွေက အရသာမရှိလို့လား... ငါ့အတွက် လာယူပေးကြ..."
အဖွဲ့သားများက တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီးနောက် ခပ်ရှက်ရှက် ပြုံးပြလိုက်သည်၊
"ဆရာဖန် ဆရာချက်ထားတာလည်း စားကောင်းမှာပါ... ဒါပေမယ့် ဒီနေ့တော့ ကျွန်တော်တို့လည်း ထူးထူးခြားခြား မတူတာလေး စားကြည့်ချင်လို့" ထိုကဲ့သို့ ပြောလိုက်ပြီးနောက် ထိုသူများက သူ့လက်မှ ရုန်းထွက်ကာ ပြေးသွားကြတော့သည်။
ထန်ချောင်းချောင်းက ဝက်သားနှပ်တစ်လွှာကို အဖြူရောင်ထမင်းပေါ်တွင် ဆမ်းလိုက်ပြီး ကြက်ဥချက်တစ်ခြမ်းကို ထည့်ကာ ဝက်သားနှပ်ထမင်းပေါင်းကို မြစိမ်းရောင် အသီးအရွက်များဖြင့် အလှဆင်လိုက်သည်။
ထမင်းစေ့တစ်စေ့တိုင်းက ဟင်းအနှစ်များဖြင့် ဖုံးလွှမ်းနေသည်။ အသား၏ အဆီနှင့် အရေပြားပေါ်မှ ဂျယ်လီပုံစံ စေးပျစ်ပျစ်အနှစ်များက ဟင်းအနှစ်တွင် ပျော်ဝင်ထားကြသည်။ အသားက ပါးစပ်တွင် ပျော်ဝင်သွားပြီး ကြက်ဥကလည်း အနှစ်များ ပြည့်ဝနေသည်။ နောက်ပိုင်းအရသာက အဆုံးမဲ့ပင်။
ဆရာဖန်က ထန်ချောင်းချောင်းကို ကြည့်လိုက်သည်။ သူ့မျက်နှာက ဒယ်အိုးဖင်ကဲ့သို့ မဲမှောင်နေလေသည်။
****
သရုပ်ဆောင်တွေဖြစ်စေ၊ ရိုက်ကွင်းနောက်ကဝန်ထမ်းတွေဖြစ်စေ သူတို့က ထန်ချောင်းချောင်းဘေးမှာ တန်းစီဖို့ ပြေးသွားကြသည်။ ဆရာဖန်၏ဘက်တွင်မူ လူအနည်းငယ်ကသာ သူ့အားဆက်၍ ချီးကျူးလျက်ကျန်ခဲ့၏။ အရှက်တရားကြောင့်သာမဟုတ်လျှင် ရှေ့ကိုခုန်ထွက်ကာ ဒေါသတကြီး ခြေဆောင့်မိမှာပင်။
ပရိုဂျူဆာကြီးနှင့်ဒါရိုက်တာကြီးတို့နှစ်ဦးစလုံးတွင် ခွက်တစ်လုံးစီရှိနေကာ အလွန်ကျေနပ်နေကြသည်။ စားသောက်ပြီးနောက်တွင် သူတို့တွင် ဥာဏ်ကွန့်မြူးနိုင်စွမ်းနှင့်စွမ်းအင်တိူ့ ပြည့်ဝသွားသလို ခံစားလိုက်ရသည်။ နောက်ထပ်ညနည်းနည်းလောက် ထပ်ပြီးရိုက်ကွင်းတွေရှိနေရင်တောင် ပြဿနာမရှိပေ။
ပရိုဂျူဆာက လုံးဝကို ချီးမွမ်းခန်းဖွင့်နေခဲ့သည်။
"ရှောင်ထန်း၊ မင်းရဲ့ချက်ပြုတ်နိုင်စွမ်းက ဒီလောက်ကောင်းမယ်လို့ မမျှော်လင့်ထားခဲ့မိဘူး၊ မင်းကတကယ်ကို အရည်အချင်းရှိတဲ့သရုပ်ဆောင်လို့ ထင်တယ်"
"ကျေးဇူးတင်ပါတယ် "
ထန်ချောင်းချောင်းက အလွန်နှိမ့်ချနေသော်ငြား သူမ၏နှုတ်ခမ်းထောင့်တွေကတော့ အထက်ကို ကော့တက်၍နေသည်။
ဒါရိုက်တာက တစ်ပန်းကန်လုံးစားပြီးနောက် ထပ်၍စားလိုခဲ့သည်။ သို့သော်လည်း ထန်ချောင်းချောင်းက တစ်ယောက်ကို တစ်ပန်းကန်ဟူသော စည်းမျဥ်းဖြင့် ငြင်းပယ်လိုက်လေသည်။
"ကောင်းပြီ၊ တရားမျှတပါတယ်လေ၊ ရှောင်ထန် မင်းရဲ့ဇာတ်ရုပ်ကို ပိုချဲ့ထွင်လို့ရတယ်လို့ ရုတ်တရက်ခံစားရတယ်၊ ပိုနက်ရှိုင်းပြီးအဓိပ္ပါယ်ပြည့်ဝတဲ့ဇာတ်ကောင်မျိုးပေါ့၊ မင်းရော ဘယ်လိုထင်လဲ"
သူမ ဒါရိုက်တာ၏ရည်ရွယ်ချက်ကို ဖြတ်မြင်လိုက်လေသည်။
"ရှင်က ကျွန်မကို ဒီမှာနေပြီးချက်ပြုတ်ပေးစေချင်တာမလား"
ဒါရိုက်တာက ပျော်ရွှင်စွာ ရယ်လိုက်လေသည်။ ယင်းကပထမဆုံးအနေနှင့် အရသာရှိသည့် ဝက်သားထမင်းပေါင်းကို သူစားရတာပင်။ ဒီနေ့မှာ ရုပ်ရှင်ရိုက်ပြီးတာနှင့် သူမက ထွက်သွားရင် နှမြောစရာကောင်းမနေဘူးလား။
"တကယ်ပြောတာ ၊ ငါမင်းရဲ့ဇာကွက်နည်းနည်းလောက် ရိုက်ပြီးတော့ မင်းအရည်အချင်းရှိတာကို သိလိုက်ရတယ်၊ အခုလို ဧည့်သည်သရုပ်ဆောင်အဖြစ်လေးပဲ အဆုံးသတ်လိုက်ရင် ဖြုန်းတီးနေသလိုပဲ"
သရုပ်ဆောင်အသစ်လေးတစ်ယောက်အနေနှင့် ဇာတ်ကွက်တွေပိုရခြင်းက လိုလားသည့်အရာပင်။ ထန်ချောင်းချောင်းက မငြင်းပဲဆိုလိုက်၏။
"အဆင်ပြေပါတယ်၊ ဒါပေမယ့် အစီအစဉ်အတိုင်းဆို ဒီနေ့ရိုက်ကူးရေးပြီးတာနဲ့ ကျွန်မအိမ်ပြန်မလို့၊ ဒီမှာတစ်ညလုံးနေမယ်ဆို အဆင်မပြေလောက်ဘူး"
"ဘာလို့လဲ၊ အိမ်မှာတစ်ခုခုရှိလို့လား"
"အိမ်မှာ ကြောင်တစ်ကောင်မွေးထားလို့လေ၊ အိမ်ပြန်ပြီးသူ့ကို အစာကျွေးရမှာ၊ သူသာမစားရရင် သူ့ကိုသေဖို့လွှတ်ထားလိုက်သလို ဖြစ်နေလိမ့်မယ်"
ထန်ချောင်းချောင်းက မျက်နှာတစ်ချက်ပင်မနီ၊ နည်းနည်းလေးပင် ရှက်သွားခြင်းမရှိပဲ ရှန်းယွဲ့ကို ဆင်ခြေတစ်ခုအဖြစ် သုံးလိုက်လေသည်။
"မင်းကြောင်လေးက အတော်နူးညံ့(အထိမခံ)တာပဲ..."
"တကယ်ကို နူးညံ့တာ"
ရှန်းယွဲ့ ကောက်ကျစ်တာကို ဘယ်သာမန်လူတွေမှ မယှဥ်နိုင်ဘူး၊
ဒါရိုက်တာ : "ကောင်းပြီ၊ ငါမင်းဆီကို သရုပ်ဆောင်ချိန်ညှိထားတဲ့ အကြောင်းကြားစာ ပို့လိုက်မယ်"
ထန်ချောင်းချောင်း၏ ဝက်သားထမင်းပေါင်းက အလုအယက်ပင် ကုန်သွားခဲ့ပြီး သူမက ဆရာဖန်ထံ လျှောက်သွားလိုက်သည်။
"အခု ရှင့်ရဲ့လောင်းကြေးကို ဂုဏ်ပြုရမယ့်အချိန်ရောက်ပြီ"
ဆရာဖန်က တောင့်တင်းစွာပြောလိုက်သည်။
"ငါမယုံဘူး၊ သူတို့က ငါ့နည်းအတိုင်းချက်ခဲ့တာ၊ မင်းရဲ့ဟင်းလျာတွေက အသစ်ဖြစ်နေရုံပဲ"
ထန်ချောင်းချောင်းက သူ့ကိုကြည့်လိုက်သည်။ သူ၏ဝက်သားထမင်းပေါင်းက သုံးပုံနှစ်ပုံမျှ ကျန်ရှိနေဆဲပင်။ သူမက ကြောက်စရာကောင်းအောင် ပြုံးလိုက်၏။
"အခုတော့ ရှင်ကအသံကျယ်ရုံတင်မက၊ အရှက်ပါမရှိတဲ့လူအဖြစ်ကို ပြောင်းသွားပြီပဲ"
ထိုအခိုက်တွင် သူတို့ဘေးရှိလူတွေအားလုံးက အော်ဟစ်လာကြသည်။
"မင်း ငွေမရှင်းနိုင်ရင် မလောင်းနဲ့လေ"
အနှီဆွေမျိုးများကြောင့် ပရိုဂျူဆာမှာ ခေါင်းကိုက်လာ၏။ သူကအမြဲလိုလိုပင် မျက်လုံးတစ်ဖက်ကိုပိတိကာ တစ်ဖက်ကိုဖွင့်လျက် နေခဲ့သော်ငြား ယနေ့တွင်တော့ အလွန်တရာရှက်စရာကောင်းလှသည်။ သူကစိတ်ငြိမ်အောင်ပြုကာ ဆရာဖန်ကို တောင်းပန်ဖို့ဆူပူလိုက်ပြီး ကိစ္စတွေကို ပြီးဆုံးစေလိုက်သည်။
ဆရာဖန်က အတော်ကြာအောင် ထိန်းချုပ်လိုက်ပြီးမှ အံကြိတ်ကာပြောလိုက်သည်။
"ဒီတစ်ကြိမ်မှာ မင်းနိုင်ပါတယ် "
"ကျွန်မလိုချင်တာက တောင်းပန်တာကိုပဲ"
ပရိုဂျူဆာက ဆရာဖန်ကို ထပ်မံ၍တွန်းလိုက်ပြီး ဆရာဖန်ကဒေါသတကြီးနှာမှုတ်လိုက်လေသည်။ သူကခေါင်းကို ဘေးသို့လှည့်ကာဖြင့် စကားသုံးလုံးကို တောင့်တင်းစွာဆိုလိုက်၏။
"တောင်းပန်ပါတယ်"
"ဒီလောက်နဲ့မပြီးသေးဘူး၊ ရှင်ဝယ်လာတဲ့စျေးပေါတဲ့ကြက်အတွက် အဖွဲ့သားတွေကို ပြန်ပေးလိုက်ပါ"
ထိုအကြောင်းကို နည်းနည်းလောက်ပိုပြီး ကြာကြာတွေးကြည့်ရုံနှင့် သူ့လှည့်ကွက်တွေကို နားလည်နိုင်သည်ပင်။
"ဟုတ်တယ်၊ အဲတာကိုထုတ်လာလိုက်၊ ငါတို့အတွက် မင်းအမြဲဝယ်လာတာ ဘယ်လိုအသားမျိုးလဲ၊ မင်းက ငွေလောဘကြီးတဲ့လူလား"
အခင်းဖြစ်ပွားရာနေရာရှိ ဝန်ထမ်းများအတွက် ဤအချက်သည် အရေးကြီးဆုံးအချက်ဖြစ်သည်။
ဆရာဖန်က သူမ ကို လက်ညှိုးထိုးကာ တုန်လှုပ်ခြောက်ခြားစွာဖြင့် အော်လိုက်သည်။
"အရမ်းလွန်မလာနဲ့၊ ဒါကမင်းနဲ့ဘာမှမဆိုင်ဘူး"
ထန်ချောင်းချောင်း ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး နောက်ကိုဆုတ်လိုက်ကာ သူမ၏နေရာကို စိတ်လှုပ်ရှားနေသည့်ဝန်ထမ်းတွေထံ ပေးလိုက်လေသည်။
Xxxxxxxx