အပိုင်း ၁၈
Viewers 23k

Chapter 18


ဝန်ထမ်းများက ချက်ချင်းဆိုသလို ဆရာဖန်နှင့်ပရိုဂျူဆာထံ ဝိုင်းလာပြီး ဖြေရှင်းချက်ပေးဖို့ ပြောလာကြသည်။ သူတို့က အဖွဲ့တွင် လအနည်းငယ်ကြာအောင် နေခဲ့သော်လည်း အဖွဲ့ကသူတို့ကို အရည်အသွေးနိမ့်သည့်အသားတွေကိုသာ အခြားပါဝင်ပစ္စည်းများနှင့်အတူ ပေးခဲ့လေသည်။ သူတို့မသိလျှင် ဘာမှမဖြစ်သော်ငြား သူတို့သိသွားလျှင်တော့ ကြီးမားသည့်ကိစ္စကြီးပင်။


တစ်ချိန်တည်းမှာပင် ထိုကိစ္စက ခေါင်းစီးအဖြစ်ပါလာ၏။ အင်တာနက်အသုံးပြုသူများက အဖွဲ့၏တရားဝင်ဝေးပေါ်ကို ရောက်လာကြကာ ဆရာဖန်နှင့် အပေးအယူလုပ်ဖို့ ပြောကြသည်။


အဘယ်ကြောင့်ဆိုသော် အစားအသောက်များကို ဝန်ထမ်းတွေသာစားခဲ့သည်မဟုတ်ချေ။ အဖွဲ့၏စားဖိုမှူးမှချက်သည်အား များစွာသော သရုပ်ဆောင်တွေလည်း စားခဲ့သည်။ ပရိတ်သတ်များက သေးငယ်သည့်အသေးစိတ်အချက်လေးမှစ၍ ကောက်ချက်ချကာ သူတို့၏သရုပ်ဆောင်အပေါ် အလွန်စာနာသွားကြသည်။ ထိုညစ်ပတ်သည့်အရာများကို သူတို့၏အိုင်ဒေါများစားရမည်ဟုတွေးကြည့်ရုံမျှဖြင့် သူတို့နှလုံးသားတွေကွဲကြေသွားကြရသည်။ ပရိုဂျူဆာကလည်း အလွန်စိတ်ပျက်နေပြီဖြစ်သည်။ သူကဝန်ထမ်းတွေကို နှစ်သိမ့်ပေးနေရပြီး ဆရာဖန်၏တင်ပါးကိုလည်း သုတ်ပေးနေရသေးသည်။(ကာကွယ်ပေးနေရ) သူကသေလုနီးပါးဒေါသထွက်နေခဲ့၏။


ဤအချိန်တွင်တော့ သူကဆက်ပြီး ဆွံ့အနားမကြားဟန်မဆောင်နိုင်တော့ချေ။ သိပ်မကြာမှီမှာပင် အဖွဲ့မှနေ၍ ဆရာဖန်ကို ထုတ်လိုက်ပြီဖြစ်ကြောင်းနှင့် အဖွဲ့၏အစားအသောက်တွေကိုလည်း ပြုပြင်သွားမည့်အကြောင်း ကြေငြာချက်ထုတ်လိုက်လေသည်။


သို့သော်လည်း ထိုကိစ္စက ထိုမျှနှင့်ရပ်မသွားပေ။ ဤအဖွဲ့က စားဖိုမှူး၏အကျင့်ပျက်ခြစားမှုကို ဖော်ထုတ်ခဲ့ပြီးနောက် အခြားအဖွဲ့အများအပြားကလည်း နောက်မှလိုက်ကာ သတင်းကို ဖော်ထုတ်ခဲ့ကြလေသည်။ ဤသို့သော မတော်တဆမှုမျိုးက မီးဖိုချောင်၌တင်မကပဲ အခြားသောဇာတ်ဝင်ပစ္စည်းနှင့်အဝတ်အထည်ပိုင်းတို့တွင်လည်း သိပ်မဆန်းပါချေ။ အရိပ်အယောင်ပြမြင်ကွင်းတွေအများကြီးရှိပြီး သူတို့ကြားတွင် လူသိများကျော်ကြားသည့် အဖွဲ့များလည်းရှိသည်။ အင်တာနက်သုံးသူများက ဖရဲသီးစားရင်း စောင့်ကြည့်ရသည်ကို နှစ်သက်ကြလေသည်။


ယင်းကြောင့် ထန်ချောင်းချောင်းက အင်တာနက်အသုံးပြုသူများထံမှ "မကောင်းမှုကို ပထမဆုံးဖယ်ရှားခဲ့သူ"ဟူ၍ နာမည်ပြောင်ရခဲ့လေသည်။


ထန်ချောင်းချောင်း : '...ငါလိုချင်တဲ့ ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ကိုယ်ရည်ကိုယ်သွေးလေးက ထပ်ပြီးလမ်းကြောင်းလွဲသွားပြန်ပြီလို့ ခံစားရတယ်'


'ဘာလို့ဒီလိုဖြစ်သွားရတာတုန်း'


_______


သူမ "နတ်ဆိုးအရှင်၏ အချစ်မျိုးဆက်သုံးဆက်"အဖွဲ့တွင် ဇာတ်ကွက်နှစ်ခုရိုက်ကူးပြီးနောက် မြို့တော်တွင် နှစ်ရက်မျှ မိုးသည်းထန်စွာ ရွာသွန်းခဲ့လေသည်။


မိုးရွာပြီးနောက် ကောင်းကင်ကြီးကြည်လင်သွားသည့်အခါ သူမ ဥယျာဥ်ကို အမြန်ပြန်သွားခဲ့သည်။ ထိုအချိန်တွင် အသီးအရွက်စိုက်ခင်းထဲရှိ ဟင်းနုနွယ်၊ ဂေါ်ဖီထုပ်နှင့် ဆလပ်ပင်များက ကြီးထွားကာ စိမ်းစိုလျက်ရှိနေကြပြီဖြစ်သည်။


ထိုအရွက်အမျိုးအစားများက သဘာဝအားဖြင့် ကြီးထွားနှုန်းမြန်ပြီး ပုံမှန် ၁၀ရက်မှ၁၅ရက်အတွင်း မျိုးစေ့မျိုးရိတ်သိမ်း၍ရလေသည်။ ယခုမူ သူမ၏ဝိဥာဥ်စွမ်းအားကြောင့် သူတို့က ပို၍ပင် မြန်မြန်ကြီးထွားလာကြသည်။


အရွက်များက အရည်ရွှမ်းကာလေးလံနေပြီး ခရစ်စတယ်လိုကြည်လင်သည့်ရေပေါက်များက အရွက်များထက်တွင် တွဲခိုနေသည်။ လေပြေတစ်သုတ်က ယင်းတို့ကို တိုက်ထုတ်သွား၏။ ရေစက်များက ယိမ်းခါသွားပြီး အရွက်များပေါ်က လိမ့်ဆင်းကာ မြေသားထက် ကျဆင်းသွားကြသည်။


အခြား ငရုပ်ကောင်း၊ ခရမ်းသီး၊ ဥနီ၊ ပဲ အစရှိသည်တို့ကလည်း အညှောက်ပေါက်ကာ တိုးထွက်လာကြပြီပင်။


ထန်ချောင်းချောင်းက ကျေနပ်အားရနေသည့်လယ်သမားအိုကြီးပမာ ရှင်သန်ကြီးထွားနေသည့်ဟင်းသီးဟင်းရွက်တို့ကို ကြည့်နေသည်


ရှန်းယွဲ့၏မျက်နှာထက်တွင် မယုံကြည်နိုင်ခြင်းဟူသော အမူအယာ ရှိနေသည်။ သူမရဲ့အသီးအရွက်တွေက ကြီးလာပြီ!


"ဘယ်လိုလုပ် ဒီလောက်မြန်မြန်ကြီးလာရတာလဲ၊ မင်း ကြီးထွားစေတဲ့ဓာတုဆေးဝါးတွေ သုံးထားတာလား"


ထန်ချောင်းချောင်း ဒေါသထွက်သွားသည်။


"ဒါတွေက ဓာတ်မြေသြဇာတွေ ၊ပိုးသတ်ဆေးတွေ လုံးဝမသုံးထားတဲ့ သန့်စင်ပြီး ညစ်ညမ်းမှုကင်းတဲ့ သဘာဝအော်ဂဲနစ် ဟင်းသီးဟင်းရွက်စစ်တွေပဲ၊ ဒီအကြောင်းပြောရအောင်၊ ကျွန်မ ဓာတုဆေးသုံးဖူးလို့လား၊ ရှင်နေ့တိုင်းအမြဲ အပေါ်ကနေကြည့်နေတာပဲ၊ ဒါကိုမသိဘူးလား"


"ဘယ်သူက မင်းကို နေ့တိုင်းကြည့်လို့လဲ"


ရှန်းယွဲ့က ဝန်မခံပေ။


"ကောင်းပါပြီ၊ ရှင်ကျွန်မကိုမကြည့်ဘူး၊ ရှင်က အဲ့ဖန်သားတွေကိုပဲကြည့်နေတာ၊ ဟုတ်ပြီလား"


 'စိတ်ကြီးမဝင်လိုက်ရရင် သေသွားမှာမလို့လား'


ရှန်းယွဲ့: "..."


ထန်ချောင်းချောင်းက အသီးအရွက်ခင်းထဲ လျှောက်သွားပြီး လက်အပြည့်ဟင်းနုနွယ်ရွက်များ၊ ဂေါ်ဖီထုပ်များနှင့်ဆလပ်တို့ကို ခူးယူလိုက်သည်။ နေ့လည်ပိုင်းမှာ သူမက ဟင်းနုနွယ်နှင့်ဝက်အသည်းဟင်းချို၊ ပြီးနောက် တိုဖူးကို ဆလပ်ရွက်၊ဂေါ်ဖီတို့နှင့်ရောကာ စတူးလုပ်လိုက်သည်။


"သခင်လေးရှန်း၊ ဒီနေ့ဟင်းလျာကတော့ ရှင့်အတွက်အထူးပြင်ဆင်ထားတာပါ"


ထန်ချောင်းချောင်းက ပျော်ရွှင်စွာဆိုလိုက်သည်။ ရှန်းယွဲ့၏အမူအယာမှာ ရှုပ်ထွေးသွားခဲ့သည်။ 


"ဒါကမင်းပြောတဲ့ အစားအသောက်ကုထုံးလား၊ တရုတ်ဂေါ်ဖီထုပ်ကိုစားပြီး ကုသတယ်ဆိုတာ တစ်ခါမှမကြားဖူးဘူး"


တကယ်လို့ ဂျင်းဆင်းမရှိဘူးဆိုရင်တောင် အန်ဂျလီကာမြစ်လေးနည်းနည်းတော့ ပါသင့်တယ်မလား။


 


"ဒါက ကျွန်မရဲ့ကိုယ်ပိုင်ကုသနည်းစနစ်ပါ၊ တစ်ကမ္ဘာလုံးမှာ တစ်ခုပဲရှိတယ်၊ ဒီလူအိုကြီးက ရှင့်ကို မလှည့်စားပါဘူး"


'ရှင်က နတ်ဆိုးဆိုတာ ကျွန်မသိတယ်လေ!'


ဒါပေမယ့်လည်း ဘာပဲဖြစ်ဖြစ် ဒါတွေက အရွက်စိမ်းတွေချည်းပါပဲ။ ဘယ်သူ့ကိုမှသတ်နိုင်မှာမဟုတ်ဘူး။ ရှန်းယွဲ့က သူ၏တူတွေကိုမကာ သံသယအပြည့်ဖြင့် ဂေါ်ဖီထုပ်ကို မြည်းစမ်းကြည့်လိုက်သည်။ သူက မျက်စိမှိတ်ကာ မြည်းစမ်းကြည့်ခြင်းပင်။ ယင်းက နူးညံ့ပြီး ချိုမြိန်ကာ လန်းဆန်းသွားစေသည့် အရသာရှိသည်။


ဟင်းနုနွယ်နှင့်ဆလပ်ရွက်တို့တွင် ထူးခြားသည့်အနံ့များရှိရကား သူကတစ်ကိုက်ကိုက်ပြီးနောက် မရပ်တန့်နိုင်တော့ချေ။ မူလက အသီးအရွက်များကို အရသာမရှိလောက်ဟု သူတွေးခဲ့သော်ငြား ဆန့်ကျင်ဘက်အနေဖြင့် ဟင်းလျာ၏အရသာမှာ မွှေးပျံ့နေခဲ့သည်။ ပို၍ထူးဆန်းသည်မှာ သူ၏မရိဒန်ငါးခုနှင့် လမ်းကြောင်းရှစ်သွယ်တွင် အပူစီးကြောင်းတစ်ခု စီးဆင်းနေသလိုခံစားရသည်။


 


ရှန်းယွဲ့က ထမင်းနှစ်ပန်းကန်ကုန်အောင် တိတ်ဆိတ်စွာစားခဲ့သည်။


 ထန်ချောင်းချောင်းက မေးထောက်လျက် သူ့ကိုကြည့်နေ၏။ သူမ၏မျက်လုံးလေးတွေက လခြမ်းသဏ္ဍာန် ကွေးသွားလေ၏။


ရှန်းယွဲ့က မသက်မသာဖြင့် အဝေးကိုကြည့်လိုက်သည်။


 စားသောက်ပြီးနောက် သူမက စိတ်လှုပ်ရှားစွာဖြင့် ပြင်ဆင်တော့သည်။


"ပြီးတော့ ကျွန်မကို ရှင့်ခြေထောက်တွေကြည့်ခွင့်ပေး"


တရုတ်ရိုးရာဆေးပညာမှာ အကြောဆုံတွေကို နွေးလာစေပြီး သွေးလည်ပတ်မှုကို ကောင်းစေကာ သွေးမတည်မငြိမ်ဖြစ်မှုကို ဖယ်ရှားပေး၏။ သူမအနေဖြင့် သူ့ကို အတွင်းရောအပြင်ပါ စစ်ဆေးပေးဖို့လိုသည်။


 


ရှန်းယွဲ့ငြင်းလိုက်သည်။


"မရဘူး"


သူ၏ခြေထောက်များက ယခုမူ မည်သူကမျှ မထိနိုင်သည့်ပြောင်းပြန်စကေးများဖြစ်လာခဲ့ပြီး ဒေါက်တာပင်လျှင် သူတို့ကို ကြည့်ရုံမျှသာ ကြည့်နိုင်လေသည်။


ထန်ချောင်းချောင်း : "နောက်ဆုံးအကြိမ်တုန်းက ရှင့်ကိုမပြောခဲ့ဘူးလား၊ ရှင့်ကို အစားအသောက်ကုထုံးနဲ့ အပ်စိုက်ကုထုံးသုံးပြီး ကုပေးပါရစေလို့လေ"


"ငါသဘောမတူခဲ့ဘူး၊ အဲဒါက မင်းဘာသာမင်း တွေးနေတာ"


စားသောက်ပြီးနောက် ရှန်းယွဲ့က သူ့ခေါင်းကိုလှည့်လိုက်ကာ သူမကို အသိအမှတ်ပြုဖို့ရာ ငြင်းဆန်လိုက်သည်။ သူကဘီးတပ်ကုလားထိုင်ကိုလှည့်ကာ အခန်းထဲကို ပြန်ပြေးသွားချင်ခဲ့သည်။


ထန်ချောင်းချောင်းက သူ့ရှေ့၌ရပ်လိုက်ပြီး သူမမျက်လုံးတွေက တောက်လောင်နေခဲ့သည်။ 


"ရှင်ကြောက်နေတာပဲ၊ ဟုတ်တယ်မလား"


ရှန်းယွဲ့ : "ငါကကြောက်တယ်?၊ ဘယ်လိုဟာသလဲ"


"ဒါဆိုလည်း ကျွန်မကိုကြည့်ခွင့်ပေး၊ ရှင်ကဒေါက်တာကို ရှောင်နေပြီး ကျွန်မကိုရှင့်ကိုကုသခွင့်လည်းမပေးဘူး၊ ရှင်ကတကယ့်ကိုသူရဲဘောကြောင်တဲ့လူပဲ"


ထန်ချောင်းချောင်း သူ့ကိုရန်စလိုက်သည်။


ရှန်းယွဲ့နှုတ်ခမ်းတွေက တင်းတင်းစေ့သွားခဲ့၏။


"ဘာပဲဖြစ်ဖြစ်ပါ၊ ရှင်ကအဆိုးဆုံးအခြေအနေနဲ့ ကြုံရပြီးပြီပဲ၊ အခုထက်တော့ မဆိုးနိုင်တော့ပါဘူး"


 

သူမ သူ့ရှေ့၌ဖြည်းညှင်းစွာထိုင်ချလိုက်ပြီး သူ့အားမော့ကြည့်ကာ ညင်သာစွာဆိုလိုက်သည်။


"ကျွန်မယုံပါ၊ ကြိုးစားခွင့်ပေးနော်"


'သူမကို ယုံရမယ်လား'


သူမက ဘယ်လိုလူမျိုးလဲ။ သူမက သူလက်ထပ်ထားတာ နှစ်လတောင်မပြည့်သေးတဲ့ မိန်းကလေးပဲ။ သူမကို ချုံရှီအတွက် အသုံးပြုရုံသက်သက်ပဲ။ သူတို့ကြားမှာ ဘာခံစားချက်မှမရှိဘူး။ ဘာလို့သူမက သူ့ကိုကူညီချင်ရတာလဲ။


ရှန်းယွဲ့က သူမကိုမေးစရာမေးခွန်းတွေ နှလုံးသားထဲမှာပြည့်နေသော်ငြား သန့်စင်ပြီး အညစ်အကြေးများကင်းစင်နေသည့် ကြည်လင်နေသည့်မျက်လုံးများကို တွေ့လိုက်ရသည်။


ရုတ်တရက်ဆိုသလို သူဘာလုပ်ရမလဲမသိဖြစ်သွား၏။ ရှန်းယွဲ့ကအတော်ကြာအောင် စကားမဆိုချေ။ ထန်ချောင်းချောင်း သူ၏သဘောတူညီချက်အတိုင်း သူ့ကိုဆက်ဆံရုံမျှသာဖြစ်သည်။


သူမကသူ၏ထိခိုက်ထားသည့်ခြေထောက်တွေကို ဖြည်းညှင်းစွာ လှည့်လိုက်သည်။ သူ၏ခြေထောက်တွေက အလွန်တရာမှ သေးသွယ်လှသည်။ ယင်းတို့ကဖြူဖျော့ပြီးပိန်ပါးနေကာ ကာလကြာအောင် လေ့ကျင့်ခန်းမလုပ်သလို နေရောင်နှင့်မထိတွေ့ရသဖြင့် အပြာရောင်သွေးပြန်ကြောများကိုပါ မြင်နေသည်။


ညာဘက်ခြေထောက်အတွင်းဘက်တွင် အမာရွတိတစ်ခုရှိနေသည်။ ယင်းက ကားအက်ဆီးဒန့်မှ ကျန်ရစ်နေခဲ့သည့် အမှတ်အသားတစ်ခုပင်။ အမာရွတ်က အလွန်ရှည်လျားပြီး ကြောက်စရာကောင်းလှကာ ထိုအချိန်က ဖြစ်ပျက်ခဲ့သည့် ကြောက်စရာကားမတော်တဆမှုကြီးကို သူမစိတ်ကူးကြည့်၍ရလေသည်။ ထန်ချောင်းချောင်း သူမ၏လက်ချောင်းထိပ်လေးများဖြင့် အမာရွတ်ကို အသာအယာထိလိုက်သည်။


"နာလား"


ရှန်းယွဲ့က မျက်လုံးကိုပင့်ကာ သူမကို ရုတ်တရက်ကြည့်လိုက်သည်။ သူမ မျက်လုံးထဲတွင် ကြောက်ရွံ့ခြင်း၊ ရွံရှာခြင်းဟူ၍ တစိုးတစပင်မတွေ့ရဘဲ သူ့နှလုံးသားထဲတွင် ဖော်ပြရခက်သည့် ခံစားများဖြင့် ဖိနှိပ်ခံလိုက်ရသည်။


"နာလား?"


သူကရယ်လိုက်သည်။


"ဒီသေနေတဲ့ခြေထောက်တွေက ငါဘာမှထပ်မခံစားရတော့ဘူး"


ကားအက်ဆီးဒန့်က သူ့နှလုံးကိုဖောက်ထွက်သွားပြီး ကမ္ဘာကြီးတစ်ခုကို သူ့အဝေးကို ဆွဲထုတ်သွားပုံရသည်။ ပထမဆုံးအနေနှင့် နာကျင်မှုကိုခံစားနိုင်ခြင်းက ကောင်းချီးတစ်ခုပဲဆိုတာကို သူသိလိုက်ရသည်။


"ကျွန်မနဲ့လိုက်ခဲ့"


ထန်ချောင်းချောင်းက မတ်တပ်ထရပ်ပြီး ရှန်းယွဲ့ကို ဆိုဖာဘေးကိုတွန်းလိုက်သည်။ သူမကသူ့ကို လှဲစေလိုက်ပြီး ခြေထောက်တွေကို ဖြောင့်တန်းသွားအောင် ကူညီလိုက်သည်။ ပြီးနောက် သစ်သားသေတ္တာကိုယူဖို့ရာ သူမအခန်းထဲကိုအမြန်ပြေးသွား၏။


မထိုင်ချမှီ သူမက ကူရှင်အသေးလေးကို ယူလိုက်သည်။


ရှန်းယွဲ့က ဗိုင်းငင်စက်ထိပ်ကလေးလို အခန်းတစ်ဝိုက်မှာ လှည့်ပတ်ကာ အလုပ်များနေသည့် သူမကိုကြည့်လိုက်သည်။ သူမ၏နှုတ်ခမ်းထောင့်လေးက သတိလက်လွတ်ဖြင့် မြင့်တက်လို့နေသည်။


"အသင့်ဖြစ်ပြီ"


ထန်ချောင်းချောင်း သစ်သားသေတ္တာကို ကော်ဖီစားပွဲပေါ်ထားလိုက်ပြီး သူမတင်ပါးအောက်၌ ကူရှင်လေးကိူခံလိုက်ကာ သူ့ခြေထောက်ဘေးတွင်ထိုင်လိုက်သည်။ သူမက လက်တွေကိုပွတ်လိုက်ကာ သွေးပူသွားအောင်လုပ်လိုက်ပြီး အပြုံးတစ်ခုဖြင့်ဆိုလိုက်သည်။


"ကျွန်မရှင့်ကို အရင်နှိပ်ပေးမယ်"


ထန်ချောင်းချောင်း  သူ၏ခြေကျင်းဝတ်အတွင်းဘက်မှစ၍ သူမ၏လက်မဖြင့်ဖိကာနှိပ်ပေးသည်။ တဖြည်းဖြည်း ခြေကျင်းဝတ်မှသည် ခြေသလုံး၊ ဒူးအထိ ရွေ့လျားသွား၏။


သူမက အနှိပ်ပညာကို တစ်ခါမှ အထူးတလှယ်အနေနှင့် မသင်ခဲ့ဖူးပဲ လေ့ကျင့်ခန်းဗီဒီယိုတွေကိုသာ ကြည့်ခဲ့ခြင်းဖြစ်ကာ မှတ်မိသမျှက ၁၂လုံးသောမန္တန်ဖြစ်သည့် "ပေါ့ပေါ့ပါးပါးလေးသာနှိပ်ပါ၊ အလွန်အကျွံ ဖိနှိပ်စရာမလိုပဲ ညင်ညင်သာသာလေးသာ နှိပ်ပေးပါ"ဟူ၍ဖြစ်သည်။


"အားကဘယ်လိုနေလဲ၊ ရှင်အခု ခံစားလို့ရလား"


"မင်းနှစ်ခါဖိလိုက်ရုံနဲ့ အဲဒါကို ခံစားလို့ရရင် တစ်ကမ္ဘာလုံးကဆရာဝန်တွေ အလုပ်ရှိမှာမဟုတ်တော့ဘူး"


"ဘယ်လိုလုပ် ဒေါက်တာတွေနဲ့ ယှဥ်နိုင်ရတာလဲ"


သူမကသူ့ကို ဝိဥာဥ်စွမ်းအားဖြင့် ကုသပေးနေခြင်းပင်။ အချိန်တွေ ကုန်လွန်သွား၏။ သူမ၏နှိပ်ပေးမှုဖြင့် ရှန်းယွဲ့က သူ၏မြှီးညှောင့်ရိုးမှစ ကျောရိုးအထိ အာရုံခံစားမှု တဖြည်းဖြည်း တိုးလာတာကို ခံစားရသည်။ သူ၏ခြေသလုံးကြွက်သားတွေက အနည်းငယ်ပူနွေးလာသည်။


'ဒါက စိတ်ပိုင်းဆိုင်ရာသက်ရောက်မှုကြောင့်ဖြစ်တဲ့ ထင်ယောင်ထင်မှားဖြစ်ခြင်းသာဖြစ်ရမည်။


တဖြည်းဖြည်းဖြင့် ထန်ချောင်းချောင်း၏လက်က သူ့ခြေသလုံးမှနေ၍ ပေါင်ထံသို့ ရွေ့သွားသည်။ ရှန်းယွဲ့ အထက်သို့ ရွေ့လျားလာသည့် ဖြူပြီးပန်းရောင်သန်းနေသည့်လက်ကလေးတစ်စုံကို စိုက်ကြည့်နေရင်း သူတို့က ထုတ်ပြောလို့မကောင်းသည့် နေရာသို့ တဖြည်းဖြည်း ချဉ်းကပ်လာသည်။


သို့သော်ငြား သူမကတော့ ရပ်တန့်မည့်ပုံမပေါ်ချေ။ ရှန်းယွဲ့၏အသက်ရှူသံတွေကလေးလံလာပြီး သူကသူမ၏လက်ကို ဖမ်းကိုင်လိုက်သည်။


"တော်လောက်ပြီ"


သူမက ပြင်းပြင်းထန်ထန်နှိပ်ရင်း သူမ၏အနှိပ်ပညာက ကောင်းသထက်ကောင်းလာတာကို ခံစားမိသော်လည်း ရုတ်တရက်ကြီး အတားခံလိုက်ရသည်။ သူမအနည်းငယ် ရှုပ်ထွေးသွား၏။


"ကျွန်မနှိပ်တာမကောင်းလို့လား"


"မဟုတ်ဘူး"


ရှန်းယွဲ့၏မျက်နှာထက်တွင် စိတ်အိုက်သည့်အမူအယာရှိနေသည်။


"အဲဒီ့နားကိုပဲမဖိနဲ့"


Xxxxxx